Thursday, July 25, 2013

့ မြတ်စွားဘုရား၏ ဆွေတော် မျိုးတော်များ ရန်ဖြစ်ခြင်း

နယုန်လပြည့်နေ့မှာ သီတဂူဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့တဲ့ မြတ်စွားဘုရား၏ ဆွေတော် မျိုးတော်များ ရန်ဖြစ်ခြင်း လို့ပဲ ခေါင်းစဉ်တပ်ပေးလိုက်ပါမယ်

မနေ့က တရားပွဲက ပြန်လာပြီး ရေးသားဖြန့်ဝေပေးလိုက်တဲ့ ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သော ဇာတ်တော်နှင့် သုတ္တန်ကို စိတ်ဝင်တစားနဲ့ နာကြားကြပြီး ရှဲလုပ်သွားသူ တစ်ထောင်ကျော်သွားတဲ့ အတွက် လွန်စွာမှ အားရကျေနပ်မိပါတယ်

ဒါကြောင့် ကျန်နေသေးတဲ့ ဇာတ်တော် တစ်ပုဒ်ကို ထပ်မံပြီး ရေးသားဖြစ်ပါတယ် ဇာတ်တော်ရဲ့ အမည်ကို တော့မမှတ်လိုက်မိပါဘူး တရားအနှစ်ကိုတော့ ချပြပေးသွားမယ်

မြတ်စွာဘုရား၏ ဆွေတွေမျိုးတော်များ ထဲမှ ဘုရင်တပါးက သူမွေးထားတဲ့ သားသမီးတွေကို ပြောပါတယ် မင်းတို့ နန်းမလုကြနဲ့ ကိုယ့်ဒူး ကိုယ်ချွန်ပြီး တိုင်းပြည်တွေထူထောင်ကြ မြို့ရွာတွေတည်ကြ လိုအပ်တဲ့ငွေကို ဘဏ္ဍာတိုက်မှာထုတ်ယူ စစ်သည်တော်တွေကို နန်းတွင်းကနေခေါ်သွား လို့ သားသမီးတွေရှေ့ရေးတွေးပြီး မိန့်ကြားခဲ့ပါတယ် ဒီလိုမှမဟုတ်ရင် နန်းတွင်းမှာ နန်းလုကြပြီး သေကျေပျက်စီးကုန်မှာ စိုးရိမ်ကာ သားသမီးတွေကို မိန့်ကြားခဲ့ပါတယ်

မိဘစကားနားထောင်တဲ့ သားသမီးတွေဟာလည်း ကိုယ်စီကိုယ်စီ ထွက်ခွာခဲ့ပါတယ်တဲ့ သားသမီးတွေထဲမှ တစ်စုက ရသေ့တစ်ပါး ညွှန်ပြတဲ့ ကျွန်းတော်တစ်ခုကို ခုတ်ထွင်ရှင်းလင်းပြီး မြို့တည်ပါတယ် အဲဒီလိုနဲ့ မောင်နှမ နှစ်ယောက်မှ မွေးလာခဲ့တာ သား ၇ယောက် သမီး၈ ယောက်မွေးဖွား လာခဲ့ရာ မှာ သူတို့ အရွယ်ရောက်လာတော့ သူတို့ရဲ့ မင်းသွေးကို အခြား သွေးနဲ့ အရောနှောမခံလိုတဲ့ အမျိုးချစ်စိတ်နဲ့ မောင်နှမအချင်းချင်းပဲ ပြန်ပြီး အိမ်ထောင်ပြုကြပါတယ် မင်္ဂလာစုံတွဲ ၇တွဲနဲ့ အမျိုးသမီး တစ်ဦးပိုနေပါတယ် အမကြီးအမိရာ ဆိုပြီး အမကြီးကို ဘုရင်မကြီး အဖြစ်တညီတညွတ်တည်း တင်မြှောက်ခဲ့ကြပါတယ်တဲ့ မြို့ကိုလဲ သာကီယလို့ အမည်တွင်စေပါတယ် သာကီယ ဆိုတာသည် ပါဋ္ဌိလိုဖြစ်ပြီး အနက်ပြန်ဆိုပါက ကျွန်တော မြို့လို့ အမည်ရပါတယ်

တနေ့မှာ အမကြီးဖြစ်သူ ဘုရင်မကြီးက နူနာစွဲလာပါတယ် နူနာစွဲတဲ့ အမကြီးကို တောအုပ်တစ်ခုအတွင်းမှာ မြေတိုက်တစ်ခုဆောက်လုပ်ပြီး အစာရေစာ ရိတ္ခာ အပြည့်အစုံနဲ့ တစ်ဦးတည်းနေလို့ရအောင် စီမံပေးကြပြီး ကျန်ခဲ့တဲ့ မင်္ဂလာစုံတွဲ ၇ တွဲက နန်းကို အလှည့်ကျ အုပ်ချုပ်ခဲ့ပါတယ်တဲ့ ပါလီမန် ဒီမိုကရေစီဆိုတာအဲဒီအချိန်အခါကတည်းက ရှိနေခဲ့တယ်ဆိုတာကိုလဲ ဆရာတော်ကြီးမှ မိန့်ကြားပါတယ်

ဖခင်ဘုရင်ကြီးမှာလဲ အသက်အရွယ်ကြီးပြင်းလာတော့ သားသမီးတွေကို သတိရသည့်အတွက် စစ်သည်မူးမတ်များကို စုံစမ်းခိုင်းလေတော့ သားသမီးတွေဟာ မြို့ရွာတွေတည်ပြီး ကြီးပွားချမ်းသာနေတယ်ဆိုတဲ့ သတင်းရရှိခဲ့သည့်အတွက်လဲ လွန်စွာ အားရကြေနပ်မိပါတယ်တဲ့

တော်အုပ်ကြီးအတွင်းကို အခြားဘုရင့်မျိုးဆက်အထဲမှ အမျိုးသားတစ်ယောက်သည်လဲ နူနာစွဲပြီး ရောက်လာပါတယ် သူကတော့ တောထဲမှာရှိတဲ့ အပင်တွေကို စားသုံးရင်း နူနာပျောက်ခဲ့ပါတယ် တစ်နေ့သောညအခါမှာ အမျိုးသမီးတစ်ဦးရဲ့ အော်သံကို ကြားလို့ အနီးကြည့်ရာကျားတစ်ကောင်မှ သားကောင်အမှတ်နဲ့ ချောင်းနေတာကို မြင်ရတဲ့ မြေတိုက်ထဲမှ နူနာစွဲနေသည့် အမျိုးသမီးကို သွားတွေ့ရပါတယ် အဲဒီတော့ အပြင်ကနေပြီး ဝါးတွေကို မီးရှို့ကာ အသံပေးပြီး ကျားကို မောင်းထုတ်ပေးခဲ့ပါတယ်

ကျားလဲပြန်သွားရော မြေတိုက်အပြင်မှနေပြီး လက်ကမ်းကာ နှမတော် အပေါ်ကို တက်ခဲ့ပါလို့ ပြောတော့ " မတက်နိုင်ဘူး ငါကမင်းမျိုး " တဲ့ အဲဒီတော့ အမျိုးသားကလည်း "ကျွန်ုပ်သည်လဲ မင်းမျိုးပါ " ပြန်ပြောပါမှ အပေါ်ကိုတက်လာခဲ့တယ် အမျိုးသားမှလဲ နူနာပျောက်အောင် သူစားသုံးခဲ့တဲ့ အပင်တွေကို ကြွေးကာ ကုသပေးရင်း နူနာများ ပြောက်ကင်းသွားခဲ့ပါတယ်

မင်းမျိုးနှစ်ဦး ပေါင်းသင်းနေထိုင်ကြရင်း မွေးလာတဲ့ကလေးက ၂မွှာပူး ၁၆ ကြိမ်မွေးခဲ့တယ်လို့ ဟောကြားပါတယ် စုစုပေါင်း ၃၆ ယောက်ဖြစ်ပြီး သားတွေသာဖြစ်ပါတယ် သားတွေအရွယ်ရောက်တော့ မိခင်ဖြစ်သူက သူ့သားတွေ အရွယ်ရောက်ပြီမို့ အိမ်ထောင်ပြုနိုင်ရန် သူ့ဆွေမျိုးတွေရှိရာ မြို့ကို သွားစေပြီး အိမ်ထောင်ပြုစေခဲ့ပြီး မြို့တစ်မြို့တည်ထောင်ပါတယ် သူတို့တည်ထောင်တဲ့မြို့ကတော့ ကောလိယ ဖြစ်ပါတယ်

ဘုရင့်မျိုးနွယ် နှစ်စုတည်ထောင်တဲ့ သာကီယနဲ့ ကောလိယ တို့ဟာ တစ်နေ့မှာ ပြသနာတွေတက်ခဲ့ကြပါတယ်တဲ့

ဟိမဝန္တာ တောင်မှစီးဆင်းလာတဲ့ မြစ်ရဲ့အထက်ပိုင်းကိုပိတ်ပြီး တစ်ဖက်ကဆည်ဆောက်ပါတယ် အောက်ပိုင်းမှာနေကြတဲ့သူတွေက သူတို့စိုက်ပျိုးဖို့ ရေမရသည့်အတွက် ပေါက်တူးတွေ ဂေါ်ပြားတွေကိုင်ဆောင်ပြီး ပြသနာရှာပါတော့တယ် မင်းတို့ကဒီမြစ်ကို ပိတ်လိုက်တော့ ငါတို့အတွက် စိုက်ပျိုးစရာ ရေမရှိတော့ဘူး ငါတို့ကမျက်ခြောက်ကောက်စားရမှာလာကွလို့ ဆိုပြီး ဒေါ်သကြီးစွာ အော်ဟစ်နေကြချိန်မှာ တဖက်ကလည်း မင်းတို့ အနူမျိုးတွေက လာပြီး ငါတို့ကိုလူပါးဝတယ် ဆိုပြီး ပြန်ပြောတော့ တဖက်ကလည်း အန်မာ ငါတို့ကို များအနူမျိုးလို့ ပြောတယ် မင်းတို့က ကိုယ်နှမကိုယ်ပြန်ယူတဲ့ တိရိစာန်္ဆမျိုးတွေလို့ တဖက်နဲ့ တဖက် စကားတွေများပြီး နန်းတော်ထဲအထိဆင့်ကဲဆင့်ကဲ သတင်းတွေက ရောက်သွားပါတယ် ဒီသတင်းကြားသိရတဲ့အခါမှာ နှစ်ဘက်စလုံးက အခင်းဖြစ်ရာကို စစ်သည်တော်တွေ စေလွှတ်ခဲ့ပါတယ်တဲ့

ဒီအခြေအနေကို သိရှိနေပြီ ဖြစ်တဲ့ မြတ်စွာဘုရားဟာ နောက်ပါ သံဃာများမပါပဲ တစ်ပါးတည်း ကြွတော်မူခဲ့ပါတယ်တဲ့

အခင်းဖြစ်ပွားရာနေရာကို မြတ်စွာဘုရား ရောက်ရှိလာပြီး ကောင်းကင်ပေါ်မှာလှမ်းကြည့်လိုက်တော့ နှစ်ဘက် စစ်ဖြစ်ဖို့ အဆင်သင့် ဖြစ်နေသည်ကို မြင်တွေ့ရပြီး လောကကြီးကို အမှောင်ချလိုက်ပါတယ် အဲဒီအချိန်မှာ ရန်ဖြစ်နေကြသည့် နှစ်ဘက်မှာ ဘာမှမမြင်ကြတော့ပဲ ဖြစ်သွားပါတယ် ဒီအခါကျမှ မြတ်စွာဘုရားသခင်က သူ့ကိုမြင်နိုင်ရန် အလင်းဓါတ်လွှတ်ပေးလိုက်ပါတယ်

မြတ်စွာဘုရားကို ကြည့်ကြပြီး ဟာ အဲဒါငါတို့အမျိုးကွ တစ်ဖက်ကလည်း အဲဒါငါတို့အမျိုးကွ လို့ ပြောကြပါတယ်တဲ့ ထိုအခါ မြတ်စွာဘုရာက ဘာတွေဖြစ်ကြတာလဲ မေးတော့ အနူမျိုးက ဘာဖြစ်တယ် တိရိစ္ဆာန်မျိုးက ဘာဖြစ်တယ်ဆိုတာကို လျှောက်ထားကြပါတယ်

မြတ်စွာဘုရာဟောကြားတာက ဘာမဟုတ်တဲ့ စကားများမှုကို နန်းတော်အထိရောက်သွားပြီး နှစ်ဘက်စစ်သည်တွေ တိုက်ခိုက်ကြပြီး သေကျေကုန်ကြရင် အကျိုးမရှိဘူးလို့ ဟောတောပြီးစစ်သည်များကိုပြန်မေးပါတယ် မင်းတို့ ဘယ်ဘယ်လိုကြောင့် ဒီနေရာကိုရောက်လာသလဲမေးတော့ နှစ်ဘက်စလုံမှပြန်ဖြေရာမှာ ရွာစားက ပြောလို့ မြို့စားကသိတယ် အဲဒါကြောင့် မြို့စားကလည်း အထက်ကိုသတင်းပို့ အထက်ကလဲ အဆင့်ဆင့်ပို့နဲ့ နေပြည်တော် ဟုတ်ပါဘူး နန်းတော်ကို ရောက်ရှိလာခဲ့လို့ စစ်သည်တော်တွေကို စေလွှတ်လိုက်ရခြင်းဖြစ်ပါတယ်ဘုရားလို့ ပြန်လည်ဖြေကြားခဲ့တယ်လို့ ဆရာတော်မှ ဟောကြားပါတယ်

အဖြစ်အပျက်ကို အလုံးစုံသိတော်မူတဲ့ မြတ်စွာဘုရားက ငြိမ်းချမ်းရေးတရားဟောတော့ နှစ်ဖက်စလုံးက အခြေအနေမှန်ကို သိသွားကြပြီး ရန်ပွဲတွေမဖြစ်တော့ဘူးတဲ့ အဲလိုနဲ့ စစ်ပွဲကိုရောက်ရှိလာတဲ့ စစ်သားတွေလဲ တစ်ဖက်ကို စစ်သား ၂၅၀ ဟာ မြတ်စွာဘုရားထံမှာ ရဟန်းပြုကြပါတယ်တဲ့

မြတ်စွာဘုရားသခင်သည်လဲ နှစ်ဖက် စစ်သား ၅၀၀မှ ရဟန်းပြုခဲ့တဲ့ သံဃာအပါး ၅၀၀ နှင့်အတူ နတ် ဗြဟ်မာ တို့အား နယုံလပြည့်ဖြစ်တဲ့ ဒီနေ့မှာ မဟာသမယသုတ်ကို ဟောကြားတော်မူခဲ့သည်လို့ ဆရာတော်မှ ဟောကြားခဲ့ပါတယ်

ဒီတရားတော်ဟောကြားရာမှာ ဆရာတော်ကြီး ဟောတာက

ကိုယ့်အမျိုးကိုယ်ချစ်ကြဖို့ အမျိုးဂုဏ်ကို စောင့်ထိမ်းကြဖို့ ဘာမဟုတ်တဲ့ လယ်သမားတွေစကားများရန်ဖြစ်ရာကနေ နန်းတော်ကိုရောက်အောင် သတင်းပေးတဲ့သူတွေအနေနဲ့ အချက်အလက်တွေကို စီစစ်ဖို့ စည်းလုံးကြဖို့ ညီညွတ်ကြဖို့ ဆိုတဲ့ ဆုံးမစကားတွေကို ဟောကြားခဲ့ပါတယ်

အားလုံးပဲ မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတော်များကို နာကြားကြရင်း အမျိုးဂုဏ်ကို စောင့်ထိမ်းကာကွယ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

သန်းထွန်း (tgkn)

Credit to https://www.facebook.com/ko.thantun.1

မင်းကွန်းတိပိဋကဓရ ဆရာတော်၏ နည်းညွှန်းဥပဒေသ

မင်းကွန်းတိပိဋကဓရ ဆရာတော်၏ နည်းညွှန်းဥပဒေသ

သဒ္ဓါကြည်ညို ၊ ရိုသေလှစွာ ၊ အခါကိုသိ ၊ မစွန်းငြိပဲ ၊
မထိမပါး ၊ လှူတုံငြား ၊ ငါးပါးသပ္ပုရိသ မြတ်ဒါန ။

* သဒ္ဓါကြည်ရွှင် လှူဒါန်းလျှင် ဆင်းပြင်ရုပ်ရည်လှ ၊

* ရိုသေလှူငြား သူ့စကား အများနာယူရ ၊

* အခါသိသဖြင့် လှူတုံလင့် ချိန်သင့်ကောင်းကျိုးရ ၊

* မစွန်းငြိတောင်း လှူတုံရှောင်း အကောင်းသုံးဆောင်ရ ၊

* မထိမပါး လှူတုံငြားမူ ထိုသည့်သူ၏ ပြောထူများပြား
စည်းစိမ်အား ငါးပါးရန်မခ ၊

ဒါနပြုသော် ဤငါးဖော် ညီလျော်ပြုကုန်ကြ ။ ။

သာသနာနှစ်၊ ၂၅၃၅၊
ကောဇာသက္ကရာဇ်၊ ၁၃၅၃၊ ခုနှစ်၊ ကဆုန်လပြည့်ကျော်၊၅၊ရက်
ခရစ်၊ ၁၉၉၁၊ခုနှစ်၊ မေလ၊ ၂ ၊ရက်

တရားဂုဏ်တော် ၆ ပါး ( The Six Supreme Qualities Dhamma )

တရားဂုဏ်တော် ၆ ပါး ( The Six Supreme Qualities Dhamma )

http://buddhismbeams.blogspot.com/

၁။ သွာက္ခာတော ( Svākkhāto = Well-Proclaimed by the Blessed One )
= ဘုရားမြတ်စွာ ဟောညွန်ပြတဲ. အမှန်မြတ်တဲ. ဂုဏ်တော်

၂။ သန္ဒိဋ္ဌိကော ( Sandiṭṭhiko = be able to directly experienced by oneself )
= ကိုယ်တိုင်ကျင်.ရင် ကိုယ်တိုင်သိရတဲ. သန္ဒိဋ္ဌိကော ဂုဏ်တော်

၃။ အကာလိကော ( Akāliko = gives immediate result here and now )
= ချက်ချင်းအမြန် အကျိုးရလို. အကာလိက ဂုဏ်တော်

၎။ ဧဟိပဿိကော ( Ehipassiko = invites one to come and experience it )
= လာပါ ကျင်.ပါ ဖိတ်ခေါ်အပ်တဲ. အမှန်မြတ်တဲ. ဂုဏ်တော်

၅။ သြပနေယျိကော ( Opanayiko = leads straight to the liberation )
= နိဗ္ဗာန်သို့ ဆောင်ပို့တတ်သော မဂ်တရားလေးပါး ဂုဏ်တော်

၆။ပပစ္စတ္တံ ဝေဒိတဗ္ဗော ( Paccattaṃ veditabbo viññūhi = any wise person (noble disciples "Ariyas") can realize the results )
= အရိယဆို၊ ကိုယ်စီ သိလို. ခံစားအပ်တဲ. ဂုဏ်တော်

Credit to World Of Wisdom

" သောတာပန်ဖြစ်ဖို့ အင်္ဂါလေးချက် & သောတာပန်ဖြစ်ပုံ လေးမျိုး (အင်္ဂုတ္တိုရ် ပါဠိတော်၊ သောတာနုဂတသုတ်)”

" သောတာပန်ဖြစ်ဖို့ အင်္ဂါလေးချက် & သောတာပန်ဖြစ်ပုံ လေးမျိုး
(အင်္ဂုတ္တိုရ် ပါဠိတော်၊ သောတာနုဂတသုတ်)”
--------*------------*----------*----------*--------*--------
"သောတာပန်ဖြစ်ဖို့ အင်္ဂါလေးချက်"
•••••••••••••••••••••••••••••••
♦ သပ္ပုရိသူပနိဿယ- သူတော်ကောင်းကိုမှီဝဲဆည်းကပ်ခြင်း။ သူတော်ကောင်းကိုမှီဝဲဆည်းကပ်ရာမှာ ရဟန်းဖြစ်စေ၊
လူဖြစ်စေ ပရမတ်ခန္ဓာငါးပါးအပေါ်မှာ
ဒိဋ္ဌိကွာအောင်ဟောပေးနိုင်မယ့်ပုဂ္ဂိုလ်ပါ။

♦ သဒ္ဓမ္မသ၀န- သူတော်ကောင်းတရားကို စူးစိုက်စွာနာကြားခြင်း။
သူတော်ကောင်းတရား ဆိုသည်မှာ ပရမတ်တရားများကို
ဦးစားပေးနာကြားဖို့ပါ။

♦ ယောနိသောမနသိကာရ- အသင့်အားဖြင့် နှလုံးသွင်းခြင်း။
အသင့်အားဖြင့် နှလုံးသွင်းခြင်း ဆိုသည်မှာ
အာရုံတစ်ခုခုနဲ့ကြုံတိုင်းမှာ အကုသိုလ်မဖြစ်အောင်
ရှုတတ်ရမယ်လို့ ဆိုလိုပါတယ်။

♦ ဓမ္မာနု ဓမ္မပဋိပတ္တိ- တရားနှင့်လျော်စွာ ကျင့်ကြံအားထုတ်ခြင်း။
တရားနှင့်လျော်စွာ ကျင့်ကြံအားထုတ်ခြင်း ဆိုသည်မှာ
ထိုင်နေခိုက် ထသခိုက်မှာပဲ ခန္ဓာငါးပါးဖြစ်ပျက်သွားပြီ။
အနိစ္စ အမြဲမရှိပါလားလို့ ရှုပွားတာပါပဲ။

ဥဒ္ဒေသတော အကျဉ်းအားဖြင့် တရားကိုနာရအောင် ဆောင်ရွက်။

ဒါမှမရရင်....

ပရိပုစ္ဆေတော အကျယ်တ၀င့် တရားကိုနာ ဒါမှမရသေးလျှင်-

ကလျာဏမိတ္တေပယိရုပါသတော သပ္ပုရိသကို
အဖန်တလဲလဲဆည်းကပ်ပြီး မရှင်းလင်းသမျှမေးမြန်း၍
ဆင်ခြင်နှလုံးသွင်းတဲ့။

“သောတာပန်ဖြစ်ပုံ လေးမျိုး (အင်္ဂုတ္တိုရ် ပါဠိတော်၊ သောတာနုဂတသုတ်)”
••••••••••••••••••••••••••••••••••••••••••••••••••••••
(၁) သောတာနုဂမန – ဗုဒ္ဓရဲ့တရားတော်တွေကို
နားယဉ်အောင် နားကြားထားသော ပုဂ္ဂိုလ်။

(၂) ၀စသာပရိစယ = ဗုဒ္ဓရဲ့တရားတော်တွေကို နှုတ်ဖြင့် လေ့ကျက်ထားသော ပုဂ္ဂိုလ်။

(၃) မနသာနုပေက္ခန = ဗုဒ္ဓရဲ့တရားတော်တွေကို စိတ်ဖြင့်
ဆင်ခြင်နေသော ပုဂ္ဂိုလ်။

(၄) ဒိဋ္ဌိယာသုပ္ပဋိဝေဓ = ရုပ်နာမ်ပဲရှိတယ်။
ငါဆိုတာမရှိပါလားလို့ ပညာဖြင့် ထိုးထွင်း၍သိထားသော ပုဂ္ဂိုလ်။

ဒီပုဂ္ဂိုလ် လေးဦးလုံးဟာ သေခါနီးရောဂါပြင်းထန်၍
ဘုရားတရားမေ့သွားတောင် အပါယ်မကျဘဲ

(၁) နတ်ပြည်ရောက်တာနဲ့ ချက်ခြင်း သောတပန်တည်ပါတယ်။ (သို့)

(၂) အရှင်မဟာမောဂ္ဂလာန်မထေရ်ကဲ့သို့ တန်ခိုးကြီးတဲ့ ရဟန္တာမထေရ်တစ်ပါးပါး နတ်ပြည်တက်လာပြီး
ဟောကြားတဲ့တရားကို နာရတဲ့အခါ လူ့ဘ၀တနုးက ငါကျင့်ကြံအားထုတ်ခဲ့တဲ့တရားဟာ ဒီတရားမျိုးပဲလို့
သတိရပြီး သောတာပတ္တိမဂ်ကို လျင်မြန်စွာ ရတတ်ပြန်တယ်။ (သို့)

(၃) ပဉ္စာလစဏ္ဍ၊ အတ္ထက ဗြဟ္မာ သနက်ုမရ ဗြဟ္မာ အစရှိတဲ့
ဓမ္မကထိက နတ်သားတစ်ပါးပါ ဟောတဲ့တရားကို
နာရတဲ့အခါ လူ့ဘ၀တနုးက ငါကျင့်ကြံအားထုတ်ခဲ့တဲ့တရားဟာ ဒီတရားမျိုးပဲလို့ သတိရပြီး သောတာပတ္တိမဂ်ကို ရပြန်တယ်။ (သို့)

(၄) လူ့ဘ၀က တရားအတူနာဘက် အတူအားထုတ်ဖက်
နတ်သား နတ်သမီးချင်းတွေ့ပြီး တရားအကြောင်း
ဆွေးနွေးမိရာကနေ သောတာပတ္တိမဂ်ကို ရသွားပြန်တယ်။

(ထိုလေးနည်းက တစ်နည်းနည်းဖြင့် သောတာပန်
တည်ရကြောင်း ဗုဒ္ဓက ဟောတော်မူထားပါတယ်။)

(လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာအတွဲ ၃ နှင့် ၄ မှ - )

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

"မိုးလပတ်လုံး မြတ်ခေါင်ဘုန်း သီတင်းဘယ်သို့သုံးသလဲ"

"မိုးလပတ်လုံး မြတ်ခေါင်ဘုန်း သီတင်းဘယ်သို့သုံးသလဲ"

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဣစ္ဆာနင်္ဂလရွာ ဣစ္ဆာနင်္ဂလတောအုပ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို- ''ရဟန်းတို့ ငါသည် သုံးလပတ်လုံး (တစ်ပါးတည်း) ကိန်းအောင်း နေလို၏၊ ဆွမ်းပို့မည့် ရဟန်းမှ တစ်ပါး ငါ၏ ထံသို့ မည်သူမျှ မချဉ်းကပ်ရ''ဟုမိန့်တော်မူ၏၊ ထိုရဟန်းတို့သည် ''ကောင်းပါပြီ အသျှင်ဘုရား''ဟု မြတ်စွာဘုရားအား ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ဆွမ်းပို့သော ရဟန်းမှ တစ်ပါး မည်သူမျှ မချဉ်းကပ်ကုန်။

ထို့နောက် မြတ်စွာဘုရားသည် ထိုသုံးလလွန်သဖြင့် (တစ်ပါးတည်း) ကိန်းအောင်းရာမှ ထတော်မူ၍ရဟန်းတို့ကို မိန့်တော်မူ၏-

- ရဟန်းတို့၊ သာသနာ့ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့က ''ငါ့သျှင်တို့ ရဟန်းဂေါတမသည် မိုးလပတ်လုံး အဘယ်နေခြင်းမျိုးဖြင့် အနေများသနည်း''ဟု အကယ်၍ မေးကုန်ငြားအံ့။

- ရဟန်းတို့ ဤသို့ အမေးခံရကုန်သော သင်တို့သည် သာသနာ့ပြင်ပအယူ ရှိကုန်သော ပရိဗိုဇ်တို့အား''ငါ့သျှင်တို့ မြတ်စွာဘုရားသည် မိုးလပတ်လုံး အာနာပါနဿတိသမာဓိဖြင့် အနေများ၏''ဟု ဖြေကုန်ရာ၏။
.........................................................

- ရဟန်းတို့၊ ဤသာသနာတော်၌ ငါသည် သတိရှိလျက် ထွက်သက်လေကို ထုတ်၏၊ သတိရှိလျက်ဝင်သက်လေကို ရှူ၏။

- ရှည်ရှည်ထွက်သက်လေကို ထုတ်လျှင်လည်း ''ရှည်ရှည်ထွက်သက်လေကို ထုတ်၏''ဟု သိ၏၊ ရှည်ရှည်ဝင်သက်လေကို ရှူလျှင်လည်း ''ရှည်ရှည်ဝင်သက်လေကို ရှူ၏''ဟု သိ၏။

- တိုတိုထွက်သက်လေကို ထုတ်လျှင်လည်း ''တိုတိုထွက်သက်လေကို ထုတ်၏''ဟု သိ၏၊ တိုတိုဝင်သက်လေကို ရှူလျှင်လည်း ''တိုတိုဝင်သက်လေကို ရှူ၏''ဟု သိ၏။

- ''အစအလယ်အဆုံး အလုံးစုံသော ထွက်သက်လေအပေါင်းကို ထင်ရှားသိသည် ဖြစ်၍ ထွက်သက်လေကို ထုတ်အံ့''ဟု သိ၏။
။ပ။ ''စွန့်လွှတ်မှုကို အဖန်တစ်လဲလဲရှုလျက် ထွက်သက်လေကို ထုတ်အံ့''ဟု သိ၏၊ ''စွန့်လွှတ်မှုကို အဖန်တစ်လဲလဲရှုလျက် ဝင်သက်လေကို ရှူအံ့''ဟု သိ၏။
..........................................................

- ရဟန်းတို့၊ အကြင်နေခြင်းမျိုးကို ကောင်းစွာ ဆိုလိုသူသည် အရိယာတို့၏ နေခြင်းဟူ၍လည်းကောင်း၊ မြတ်သော နေခြင်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ နေခြင်းဟူ၍လည်းကောင်း ဆိုရာ၏။

- ထိုနေခြင်းမျိုးကို ကောင်းစွာ ဆိုလိုသူသည် အာနာပါနဿတိသမာဓိကို အရိယာတို့၏ နေခြင်းဟူ၍လည်းကောင်း၊ မြတ်သော နေခြင်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ နေခြင်းဟူ၍လည်းကောင်း ဆိုရာ၏။
.......................................................

- ရဟန်းတို့၊ ကျင့်ဆဲ 'သေက္ခ'ဖြစ်ကုန်သော အရဟတ္တဖိုလ်သို့ မရောက်သေးကုန်သော အတုမရှိသောယောဂ၏ ကုန်ရာ (နိဗ္ဗာန်) ကို တောင့်တ၍ နေကုန်သော ရဟန်းတို့အား အာနာပါနဿတိသမာဓိကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အာသဝကုန်ခြင်းငှါ ဖြစ်၏။

- ရဟန်းတို့၊ ပူဇော်အထူးကို ခံထိုက်ကုန်သော၊ အာသဝကုန်ပြီးကုန်သော (မဂ်အကျင့်ကို) ကျင့်သုံးပြီးကုန်သော၊ မဂ်ကိစ္စကို ပြုပြီးကုန်သော၊ ခန္ဓာဝန်ကို ချပြီးကုန်သော၊ မိမိအကျိုး (အရဟတ္တဖိုလ်) သို့ ရောက်ပြီးကုန်သော၊ ဘဝသံယောဇဉ် ကုန်ပြီးကုန်သော၊ ကောင်းစွာသိ၍ လွတ်မြောက်ပြီးကုန်သော ရဟန်းတို့အား အာနာပါနဿတိသမာဓိကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် မျက်မှောက်ဘဝ၌့ ချမ်းသာစွာ နေခြင်းငှါလည်းကောင်း၊ အောက်မေ့မှု 'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်'နှင့်ပြည့်စုံခြင်းငှါလည်းကောင်း ဖြစ်၏။
........................................................

- ရဟန်းတို့ အကြင်နေခြင်းမျိုးကို ကောင်းစွာ ဆိုလိုသူသည် အရိယာတို့၏ နေခြင်းဟူ၍လည်းကောင်း၊ မြတ်သော နေခြင်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ နေခြင်းဟူ၍လည်းကောင်း ဆိုရာ၏။

- ထိုနေခြင်းမျိုးကို ကောင်းစွာ ဆိုလိုသူသည် အာနာပါနဿတိသမာဓိကို အရိယာတို့၏ နေခြင်းဟူ၍လည်းကောင်း၊ မြတ်သော နေခြင်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ နေခြင်းဟူ၍လည်းကောင်း ဆိုရာ၏ဟု (မိန့်တော်မူ၏)။

{သံယုတ္တနိကာယ်၊ မဟာဝဂ္ဂသံယုတ်၊ အာနာပါနသံယုတ်၊ ဒုတိယဝဂ်၊ ဣစ္ဆာနင်္ဂလသုတ်}

" စဉ်းစားပါဦး "

" စဉ်းစားပါဦး "
••••••••••••••••
တစ်ခါတုန်းက မြတ်စွာဘုရားရှင်ဟာ ရာဇဂြိုဟ်ပြည်
ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေပါတယ်။
ညနေချမ်းရောက်တော့ ရှင်ရာဟုလာ သီတင်းသုံးရာ
သရက်ဥယျာဉ်သို့  ကြွတော်မူပါတယ်။

ရှင်ရာဟုလာက မြတ်စွာဘုရားအတွက် နေရာခင်းခြင်း၊
ခြေဆေးပေးခြင်းများ ပြုပါတယ်။ မြတ်စွာဘုရားရှင်က
ရှင်ရာဟုလာ ခင်းထားတဲ့ နေရာမှာ ထိုင်တော်မူပြီး
တရားစကား သြ၀ါဒ ပေးတော်မူပါတယ်။

“ချစ်သားရာဟုလာ.... အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင်
မလုပ်ခင် စဉ်းစားလိုက်ပါဦး။ မိမိလုပ်မယ့်အလုပ်ဟာ
မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကိုထိခိုက်နိုင်မလား၊ ထိခိုင်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။

♦ ချစ်သားရာဟုလာ.... လုပ်ဆဲမှာလည်း စဉ်းစားလိုက်ပါဦး။
မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊ ထိခိုက်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။

♦ ချစ်သားရာဟုလာ.... လုပ်ပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။
မိမိသူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင် မလုပ်ပါနဲ့တော့။

♦ ချစ်သားရာဟုလာ....အပြောတစ်ခုပြောတော့မယ်
ဆိုရင်လည်း မပြောခင် စဉ်းစားလိုက်ပါဦး။
မိမိကိုယ်ကို ထိခိုက်နိုင်မလား၊
သူတစ်ပါးကို ထိခိုက်နိုင်မလား။
ထိခိုက်နိုင်မယ်ဆိုရင် မပြောပါနဲ့ တော့။

♦ ချစ်သားရာဟုလာ....ပြောဆဲမှာလည်း စဉ်းစားလိုက်ပါဦး။
မိမိ သူတစ်ပါး ထိခိုက်နိုင်မလား။ ပြောပြီးပြန်ရင်လည်း
စဉ်းစားလိုက်ပါဦး။ ထိခိုက်နိုင်တယ်ဆိုရင် မပြောပါနဲ့ တော့။

♦ ချစ်သားရာဟုလာ....အတွေးတစ်ခု တွေးတော့မယ်
ဆိုရင်လည်း စဉ်းစားလိုက်ပါဦး။ တွေးဆဲမှာလည်း
စဉ်းစားလိုက်ပါဦး။ တွေးပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။
မိမိ သူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင် မတွေးပါနဲ့ တော့။”

မြတ်စွာဘုရားရှင်က ကံသုံးပါးကို စင်ကြယ်အောင်လုပ်ဖို့ 
ဟောပြလိုက်တော့ ရှင်ရာဟုလာလည်း ကျေနပ်ပီတိ
ဖြစ်သွားပါတော့တယ်။

- (မဇ္ဈိမပဏ္ဏာသပါဠိတော်၊ မဟာရာဟုလောဝါဒသုတ်)

- [ ဆရာတော် ရဝေနွယ် (အင်းမ) ၏
“မိမိကိုယ်ကို မိမိတည်ဆောက်မယ်” ဆောင်းပါးမှ - ]

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

"ဥပုသ်တစ်ကြိမ်သာ စောင့်ခဲ့ဖူးသော ကျွန်မလေးအကြောင်း"

"ဥပုသ်တစ်ကြိမ်သာ စောင့်ခဲ့ဖူးသော ကျွန်မလေးအကြောင်း"

အဲဒီဘ၀တုန်းက ပဒုမုတ္တရဘုရားလက်ထက်မှာ သူက ကျွန်မ။
အဲဒီမြို့ တော်က သူဌေးအိမ်မှာ သူက ကျွန်မ။

နေ့ တိုင်းတော့ဖြင့် သူဌေးကလည်း မနက်လင်းမှမလင်းသေးဘူး၊
ငွေရစရာရှိတာ ဘယ်မှာ ဘယ်လောက်ရမယ်၊ ညာမှာ ဘယ်လောက်ရမယ်၊
ဘာက ဘယ်လိုနဲ့ ၊ အဲဒီနေ့ ကျတော့ ဆိတ်လို့ ။
မနက် ၅ နာရီလောက်တည်းက ဥပုသ်ယူထားမှာကိုး ။

သူဌေးကတော်ကလည်း နေ့ တိုင်းတော့ဖြင့်
ဟိုသားမကောင်းဘူး၊ ဒီသားမကောင်းဘူး။
ဟိုဟာ ၀ယ်လာတာ ဘယ့်နှယ်။ ဒီအသားကြီးက မလတ်ဘူးနဲ့ ၊
အဲဒီနေ့ ကျ တိတ်လို့ ၊ ရှိတာလေးနဲ့ ချက်တယ်။

သူဌေးသမီးကလည်း နေ့ တိုင်းဆိုရင်တော့ ဘယ်အ၀တ် ၀တ်ရမှ၊
ညာအ၀တ် ၀တ်ရမှ၊ ဘယ်အဆင်မှနဲ့ ၊ အဲဒီနေ့  ဘာမှမပြောဘူး။

သူဌေးသားကလည်း နေ့ တိုင်းဆိုရင်တော့ ပိုက်ဆံဘယ်လောက်ပေးမှ၊ ဘာက ဘယ်လောက်ပေးမှနဲ့ ။
အဲဒါတောင် အဲဒီနေ့  ဘာမှမပြောဘူး။ အဲဒါနဲ့  ဘုရားကျောင်းသွားကြတယ်။
ကျွန်မလေး ကျန်နေရစ်တယ်။ ကျွန်မလေ ကျွန်အလုပ်လုပ်ရတာ။ မစောင့်နိုင်ဘူး။

သို့ သော် သူကတွေးတယ်။ နေ့ တိုင်း သူဌေးကြီးက
ငွေစကား ကြေးစကား သိပ်ပြောတာ၊ ဒီကနေ့ ငွေစကား ကြေးစကား မပြောဘဲနဲ့ ဆိတ်ဆိတ်နေတာ
သူတို့ ဥပုသ်က ငွေထက်လည်း သာလိမ့်မယ် ထင်တယ်။ တွေးတာနော်။

နေ့ တိုင်း သူဌေးကတော်ကြီးက ဘယ်အသားက ဘယ်လို၊ ဘယ်ဟာက
ဘယ်နှယ်နဲ့  ဒီကနေ့  ဘာမှမပြောရင် သူတို့ ဥပုသ်က ဟင်းထက်လည်း
ကောင်းမယ်နဲ့ တူတယ်။

သူဌေးသားလည်း နေ့ တိုင်း သုံးဖို့ ဖြုန်းဖို့ 
ဘာဘယ်လောက်ရမှ၊ ညာဘယ်လောက်ရမှနဲ့  ဒီကနေ့ ဘာမှ မပြောရင်
သူတို့ ဥပုသ်က အပျော်အပါးထက်လည်း ကောင်းတယ်နဲ့ တူတယ်။

နေ့ တိုင်းတော့ သူဌေးသမီးက ဘယ်လို အဆင်လေး ၀တ်ရမှ၊ ညာလို
အဆင်လေး ၀တ်ရမှနဲ့ ဒီကနေ့ ဘာမှမပြောတော့ သူတို့ ဥပုသ်က
အ၀တ်အစားထက်လည်း ကောင်းမယ်ထင်တယ်။ ကျွန်မ ဒီလောက်သိမှာပေါ့။
ဒါထက်ပို မသိပါဘူး၊ ခင်ဗျားတို့ လောက် ဗဟုသုတ မရှိပါဘူး။

အဲတော့ သူတို့ သူဌေးတွေတောင် ဒီစည်းစိမ်ဥစ္စာ စွန့် သေးတာ၊
ငါလည်း ငါစားရမယ့် အစာကို မစားတော့ဘူး။ ဒီကနေ့ အတွက်
ဥပုသ်စောင့်တာ ဘယ်လိုမှန်းမှ သူမသိတာ။ သူ့ ရဲ့ အဓိဋ္ဌာန်ကတော့
သူဌေးကြီး မိသားစု နေသလို နေမယ်တဲ့။ အဲဒါ သူ ဥပုသ်ယူလိုက်တာ။
ဒီကနေ့ အတွက်တော့ သူဌေးကြီးမိသားစု နေသလို နေမယ်၊ ဒါပဲ။

အဲတော့ သူဌေးကြီးတွေက ဘယ်ချိန်စားတယ် သူမသိတော့
သူ့ ဖို့ ချန်ထားခဲ့တာလေးလည်း မစားဖြစ်ဘူး။ သို့ သော် ကျွန် ဗျ။
လုပ်ရတာပဲ၊ လျှော်ချိန်လျှော်၊ ဆေးချိန်ဆေး၊ ရှိသမျှအကုန် သူလုပ်ရတယ်။
ညနေ ဘုရားကျောင်းကနေ အဲဒီသူဌေးမိသားစု ပြန်လာတယ်။
ကြည့်လိုက်တော့ ထမင်းတွေ ဟင်းတွေကလည်း ဒီတိုင်းပဲ၊
"နင် မစားသေးဘူးလား ဘာလို့ မစားတာတုန်း"ဆိုတော့
"အရှင်တို့ သူဌေးမိသားစု ဘယ်ချိန်စားတယ်မသိလို့ ကျမ စောင့်နေတာ"တဲ့။

"မဟုတ်ဘူး၊ တို့ က မနက် မွန်းမတည့်ခင်စားတာ အဲဒီ
အချိန်စားရတယ်"ဆိုတော့ ဒီလိုဆို "ကျမလည်း ဒီိချိန်မစားတော့ဘူး"တဲ့။
ပင်တော့ ပင်ပန်းနေပြီနော်။ ကျွန် နော်..ကျွန့် အလုပ်တွေ လုပ်ရတယ်။
ပင်ပန်းတော့ ခံနိုင်မလားဗျ။ ညနေကျတော့ လုပ်ရင်းလုပ်ရင်းနဲ့ မျက်လုံးတွေပြာလာရော။
သွားတော့ ဟပ်ထိုးဟပ်ထိုးဖြစ်၊ အဲတော့ သူဌေးကြီးက လှမ်းမြင်တယ်။

"နင်ဘာဖြစ်တာလဲ"ဆိုတော့

"မူးလို့ မော်လို့ ပါ"၊

"ဒီလိုဆို စတုမဓူ စားလိုက်"လို့ ပြောတယ်။

အဲတော့ ကျွန်မ ကမေးတယ်၊ "သူဌေးကြီးတို့ စားပါသလား၊"

"တို့ ဥပုသ်ရတယ်၊ မစားဘူး" ဆိုတော့

"ဒီလိုဆို ကျမ လည်း မစားဘူး"တဲ့။

ဘယ့်နှယ်တုန်း၊ ကျွန်မ ဥပုသ်နော်။ သူဌေးကြီးတို့ နေသလို
နေပါ့မယ်လို့ ယူထားတဲ့ ဥပုသ်ကိုး။ အဲတော့ သူဌေးကြီးက
"ဒီလိုဆို သမီး အလုပ်မလုပ်နဲ့ တော့
အနားယူတော့"လို့  အဲဒီနေ့ ညနေကို ကျွန်အလုပ်တွေကို ပယ်လိုက်တယ်။
သို့ သော် ဝေဒနာပြင်းထန်တဲ့အတွက် ညမှာ သေတာပါပဲ။

ညသေတော့ ဒီဥပုသ်နဲ့ သေတဲ့အတွက် နတ်လမ်း တန်းသွားတာပဲ။ နတ်ပြည်မှာ နတ်သမီး သွားဖြစ်တယ်။ ဒီဥပုသ်စိတ်နဲ့ အာရုံလုံအောင်ထိန်းလိုက်တာနော်။
စတုမဓူ စားပါဆိုတာတောင် စားသလား၊
ထမင်းစားပါဆိုတာတောင် စားသလား၊
မစားဘူးနော်။ ဒါ သူတတ်နိုင်တာ သူစောင့်တာနော်။ အဲဒါနဲ့ နတ်ပြည်ရောက်သွားတာ၊
အဲဒီကနေ လူနဲ့ နတ်ပဲ သူဖြစ်ခဲ့ဖူးတာပဲ။

ခုနောက်ဆုံးဘ၀မှာ တို့ ဘုရားလက်ထက်မှာ
အဲဒီ ဥပုသ် တစ်ကြိမ်သာ စောင့်ခဲ့ဖူးတဲ့ စေတနာရဲ့ အရှိန်ကြောင့်
ဒီမှာ ရဟန္တာမ လာဖြစ်တယ်။
ဧကုပေါသထ ဘိက္ခုနီမ ဆိုပြီး ကျော်ကြားတယ်။(ထေရီပါဒါန်)
တစ်ကြိမ်ပဲ ဥပုသ်စောင့်ခဲ့ဖူးတာနော်၊
အဲဒါနဲ့ သူ ဒီမှာ ရဟန္တာမ လာဖြစ်တာ။ အာရုံနောက် စိတ်မလိုက်ဘဲ တစ်ကြိမ်တည်းပဲ စောင့်ခဲ့ဖူးတယ်။

တို့ ဘယ်နှခါ ရှိပြီလဲ ဥပုသ်စောင့်တာ၊ တို့ လိုသေးတယ်နော်။
ဥပုသ်က အာရုံလုံအောင် စောင့်တာ၊ စိတ်နဲ့ ဆိုင်တယ်။
သီလက ကိုယ်နဲ့ နှုတ်နဲ့ ဆိုင်တယ်။
အဲတော့ ကိုယ်ရယ်နှုတ်ရယ် စိတ်ရယ်မှာ စိတ်သည် ခေါင်မဟုတ်လားကွဲ့ ။
သတိလေးနဲ့ အာရုံလုံအောင် စောင့်တာ ဥပုသ်စောင့်တာ။
အဲလို ဥပုသ် များများ မဟုတ်ဘူး ၊ တစ်ရက်ပဲ ယူပါ။
နိဗ္ဗာန်ထိအောင် တာဝန်ယူတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး
(သရဏဂုံ ဥပုသ်တော်နှင့် သီလရှင်းတမ်း တရားတော်မှ)

မေတ္တာဖြင့်
အနှိုင်းမဲ့ အရိပ်
(www.infinitydhamma.com)
photo-credit to U Than Myint

သဒ္ဓါကြည်လင်သောစိတ်နှင့် နှလုံသားနူးညံ့သူတို့ သည် လောက၏အဆုံးငြိမ်းအေးရာ မြတ်နိဗ္ဗာန်သို့ အမြန်ဝင်ရောက် နိုင်ကြသည်။(ဗုဒ္ဓ)

Photo: သဒ္ဓါကြည်လင်သောစိတ်နှင့် နှလုံသားနူးညံ့သူတို့ သည်
လောက၏အဆုံးငြိမ်းအေးရာ မြတ်နိဗ္ဗာန်သို့ အမြန်ဝင်ရောက်
နိုင်ကြသည်။(ဗုဒ္ဓ)သဒ္ဓါကြည်လင်သောစိတ်နှင့် နှလုံသားနူးညံ့သူတို့ သည်
လောက၏အဆုံးငြိမ်းအေးရာ မြတ်နိဗ္ဗာန်သို့ အမြန်ဝင်ရောက်
နိုင်ကြသည်။(ဗုဒ္ဓ)