Thursday, September 5, 2013

ဥပုသ်အကြောင်း သိကောင်းစရာ။



ဥပုသ်ဟူသော စကားလုံးသည် ဥပေါသထဟူသော ပါဠိမှ ဆင်းသက်လာတာဖြစ်ပါတယ်။
ဥပေါသထကို ဥပ + ၀သထ လို့ခွဲခြားသတ်မှတ်ပါတယ်။

ဥပ - သူ့အသက် မသတ်ခြင်း ၊ သူ့ပစ္စည်းဥစ္စာမခိုးယူခြင်း စသော အကျင့်ကောင်း အကျင့်မြတ်တို့ကို ပြည့်စုံကောင်းမွန်စွာ ဆောက်တည်ကျင့်သုံးခြင်း။
ဝသထ - နေထိုင်ခြင်း လို့အဓိပ္ပါယ်ရပါတယ်။


ဥပုသ်စောင့်သုံးပုံအစီအစဉ်
်*****************************

ဥပုသ်စောင့်သုံးပုံအစီအစဉ်ကို ဆရာတော်အရှင်ဇနကဘိဝံသ ရေးသားသော ရတနာဂုဏ်ရည် စာအုပ်တွင် အောက်ပါအတိုင်း ရေးသားလမ်းညွှန်ထားပါတယ်။

(၁) မနက်ဖြန်ဥပုသ်စောင့်မည်ဟု ကြံစည်သောသူတော်စင်သည် ဥပုသ်စောင့်သည့်အခိုက်၌ အိမ်မှုကိစ္စတွေဆောင်ရွက်ခြင်းငှာမသင့်သောကြောင့် ယနေ့လိုအခါကပင် အိမ်မှုကိစ္စများကို တာဝန်ရှိသမျှပြီးစီးအောင် စီမံထားရာ၏။

(၂) ချက်ပြုတ်ကျွေးမွေးမည့်သူ အဆင်သင့်ရှိနေလျင် နက်ဖန်မိမိစားဖို့အတွက် ပြောပြစီမံထားရာ၏။ (ဥပုသ်စောင့်သည့်အခိုက် အခါတိုင်းထက်ကောင်းမွန်အောင် စားဖို့ကား မစီမံသင့်ပေ)

(၃) ချက်ပြုတ်ကျွေးမွေးမည့်သူမရှိလျင် နက်ဖန်ကိစ္စနည်းအောင် ပြီးစီးအောင် ၊ စားဖွယ် သောက်ဖွယ်များကို ပြီးစီးအောင်စီမံထားရာ၏။

(၄) နက်ဖန်နံနက်အာရုဏ်တက်ချိန်ကပင် ကိုယ်လက်စင်ကြယ်အောင်ပြု၍ စိတ်ကြည်လင်ရုံမျှ သန့်ရှင်းသောအ၀တ်ကို ၀တ်ဆင်ရာ၏။

(၅) ပန်းပန်မှု ၊ နံ့သာလိမ်းချယ်မှုနှင့် အထူးတလည် ပြင်ဆင်မှုများကို မပြုလုပ်ရာ။

(၆) ထို့နောက် ခပ်စောစော သီလကိုဆောင့်တည်ရာ၏။

(၇) သီလဆောက်တည်ပြီးလျင် ကျွေးမွေးလှုဒါန်းဖွယ်ကိစ္စရှိပါက ပြုလုပ်၍ မရှိပါက မိမိအတွက် သင့်တင့်ရုံသာစီမံ၍ စားသောက်ရာ၏။

(၈) ကျွေးမွေးစားသောက်ပြီးလျင် ကိုယ်လက်မစင်ကြယ်ပါက စင်ကြယ်လာအောင် ရေချိုးရာ၏။

(၉) ထို့နောက် မိမိတစ်ဦးတည်း နေသင့်သူများဖြစ်လျင် တစ်ကိုယ်တည်းနေ၍ အဖော်နှင့်နေသင့်သူဖြစ်က သဘောတူအဖော်နှင့်တကွ သင့်တော်သော ဆိတ်ငြိမ်ရာအရပ်၌ ဗြဟ္မ္မဥပုသ်ကိုစောင့်လိုလျင် ဘုရားဂုဏ်တော်ကို အာရုံပြု၍` နေရာ၏။

(၁၀) တာရှည်စွာဆင်ခြင်၍ မနေနိုင်လျင် တရားစာများကို ဖတ်ရှုနေရာ၏။

(၁၁) နည်းလမ်းကျကျ ဟောပြောပြသည့် ပုဂ္ဂ္ဂိုလ်ရှိလျင် တရားနာရာ၏။

(၁၂) အချင်းချင်းလည်းတရားစကား ဆွေးနွေးမေးမြန်းစူးစမ်းရာ၏

(၁၃) ညဥ့်အချိန်သို့ရောက်သောအခါ မိမိသီလကိုပြန်၍` ဆင်ခြင်ပြီးလျင် အရိယာသူတော်ကောင်း ရဟန္တာ္တအပေါင်းနှင့် ယနေ့အတွက် မိမိတူမျှပုံကို အောက်မေ့ရာ၏။


ဥပုသ်အမျိုးအစား (၆) မျိုး
**************************

ဥပုသ်စောင့်ရင်း ဆင်ခြင်နေထိုင်ကျင့်သုံးပုံကို တိကင်္ဂုတ္တရ အဋ္ဌကထာ ၊ ၀ိသာခဥပေါသထသုတ်မှာ ဥပုသ်အမျိုးအစား (၆)မျိုးနဲ့ပြဆိုထားပါတယ်။

(၁) ဗြဟ္မ္မုပေါသထ -
ဗြဟ္မ္မဥပုသ်ရှစ်ပါးသီလဆောက်တည်ကာ ဘုရားရှင်၏အရဟံ အစရှိသော ဂုဏ်တော်များကို အဖန်ဖန်ဆင်ခြင်ပွားများ နေထိုင်ခြင်းဖြစ်သည်။

(၂) ဓမ္မုပေါသထ -
ဓမ္မဥပုသ်ဓမ္မဥပုသ်ဆိုသည်ကား သွာက္ခာတော ဘဂ၀တာ ဓမ္မော အစရှိသော တရားဂုဏ်တော်များကို အဖန်ဖန်ဆင်ခြင်ပွားများနေထိုင်သော ဥပုသ်ဖြစ်သည်။

(၃) သံဃုပေါသထ -
သံဃဥပုသ်သုပ္ပဋိပန္နော ဘဂ၀တော သာဝက သံဃော၊ အစရှိသော သံဃာဂုဏ်တော်များကို ဆင်ခြင်ပွားများရင်ဆောက်တည်သော ဥပုသ်ဖြစ်၏။

(၄) သီလုပေါသထ -
သီလဥပုသ်မိမိဆောက်တည်ထားသောသီလ မကျိုးမပေါက်အောင် မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်မှု့ကို အဖန်ဖန်နှလုံးသွင်း ဆင်ခြင်ပွားများနေထိုင်သောဥပုသ်ကို သီလဥပုသ်လို့ခေါ်ပါတယ်။

(၅) ဒေ၀တုပေါသထ -
ဒေ၀တာဥပုသ်ဘုန်းရှင် ကံရှင် နတ်ဗြဟ္မ္မာများမှာ ရှေးရှေးဘ၀များက သီလစသောကောင်းမှုတရားများကြောင့်နတ်ဗြဟ္မ္မာများဖြစ်ခဲ့ကြရသည်။ ငါ့မှာလည်းယခုအခါ သဒ္ဓါ ၊ သီလဂုဏ်စသော ကောင်းမြတ်သောအကျင့်ဂုဏ်တို့ဖြင့် ပြည့်စုံနေပါပေစွ ဟူ၍ နတ်ဗြဟ္မ္မာတို့၏ ရှေးကအကျင့်ဂုဏ်ကို အခြေပြုလျက် နေထိုင်ဆင်ခြင်သုံးသပ်သော ဥပုသ်ကို ဒေ၀တုပေါသထ ဥပုသ်လို့ခေါ်ပါတယ်။

(၆) အဋ္ဌင်္ဂုပေါသထ -
ရှစ်ပါးသီလအားလုံးကိုဆင်ခြင်သောဥပုသ်ရဟန္တာ္တ အရှင်မြတ်တို့ကား သတ္တ၀ါများအား ၊ နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်မှု မရှိသလို ငါသည်လည်းယနေ့အခါ ထို ရဟန္တာ္တတို့လို နေထိုင်အပ်ပေပြီ.. စသည်ဖြင့်ပါဏာတိပါတမှ စ၍ရှစ်ပါးသီလ သိက္ခာပုဒ်များအားလုံး ထိန်းသိမ်းစောင့်ရှောက်ကျင့်သုံးနေထိုင်မှုကို ဆင်ခြင်ပွားများအောက်မေ့ကာ နေထိုင်သောဥပုသ်ကို အဋ္ဌင်္ဂုပေါသထဥပုသ်လို့ခေါ်ဆိုပါတယ်။


(၈)ပါးသီလ
************

(၁) ပါဏာတိပါတာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။

(၂) အဒိန္နာဒါနာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။

(၃) အဗြဟ္မစရိယာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။

(၄) မုသာဝါဒါ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။

(၅) သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။

(၆) ၀ိကာလဘောဇနာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။

(၇) နစ္စ ၊ဂီတ၊ ၀ါဒိတ ၊ ၀ိသုက ၊ ဒဿန ၊ မာလာဂန္ဒ ၊ ၀ိလေပန ၊ ဓာရဏ ၊မဏ္ဍန ၊ ၀ိဘူသနဋ္ဌာနာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။

(၈) ဥစ္စာသယန ၊ မဟာသယနာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။


(၈)ပါးသီလ၏အနက်အဓိပ္ပါယ်။
်********************************

(၁) ပါဏာတိပါတာ - သူတပါး၏အသက်ကို သတ်ခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၂) အဒိန္နာဒါနာ - အရှင်သည် ကိုယ် ၊နှုတ်ဖြင့် မပေးအပ်သော ၊ သူတပါးဥစ္စာခိုးယူခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၃) အဗြဟ္မစရိယာ - မမြတ်သောအကျင့်ကို ကျင့်ခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၄) မုသာဝါဒါ - မဟုတ်မမှန်သော စကားကိုပြောဆိုခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၅) သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ - ကုသိုလ်ကောင်းမှု့၌ မေ့လျော့ခြင်း၏အကြောင်းဖြစ်သော ၊ သေရည်သေရက်ကိုသောက်သုံးခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၆) ၀ိကာလဘောဇနာ - နေ့လွဲညစာ စားခြင်းမှ ၊ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၇) ၊ နစ္စ ၊ဂီတ၊ ၀ါဒိတ ၊ ၀ိသုက ၊ ဒဿန ၊ မာလာဂန္ဒ ၊ ၀ိလေပန ၊ ဓာရဏ ၊မဏ္ဍန ၊ ၀ိဘူသနဋ္ဌာနာ - ကခြင်း ၊ သီဆိုခြင်း ၊ တီးမှုတ်ခြင်း ၊ တို့ကိုကြည့်ရှု့နားထောင်ခြင်း ၊ ပန်းပန်ခြင်း ၊နံ့သာလိမ်းကျံခြင်း ၊ နံ့သာတို့ဖြင့် ပြေပြစ်အောင်ပြုပြင်ခြင်း၏အကြောင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၈) ဥစ္စာသယန ၊ မဟာသယနာ - မြင့်သောနေရာ ၊ မြတ်သောနေရာထက်၌နေခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။


သီလစောင့်ထိန်းခြင်းအကျိုး
******************************

သီလစောင့်ထိန်းခြင်းကြောင့်အကျိုးကျေးဇူးများပုံကို မဟာဗုဒ္ဒ၀င်ပထမပိုင်း ပါရမီတော်ခန်း သီလပါရမီခန်းမှာ ယခုလိုပြဆိုထားပါတယ်။
(၁) မမေ့မလျော့ခြင်း အပ္ပမာဒတရားအခြေခံရှိသောကြောင့် စည်းစိမ်ဥစ္စာတိုးပွားခြင်း။
(၂) ကောင်းသတင်း ကျော်ဇော်ခြင်း။
(၃) ပရိသတ်အလယ်ရဲဝံ့တည်ကြည်စွာ ချဉ်းကပ် ၀င်ရောက်နိုင်ခြင်း။
(၄) သက်တမ်းစေ့နေရကာ မတွေမဝေ ကောင်းမွန်စွာသေရခြင်း။
(၅) သေပြီးနောက် လူ့ပြည် နတ်ပြည် စသောကောင်းရာသုဂတိဘ၀များ ရောက်ရခြင်း စသည့်ကောင်းကျိုးတရား ငါးပါးရရှိစေပါတယ်။

ထိုမျှမက ဥပုသ်စောင့်ထိန်းခြင်း၏ကောင်းကျိုးတရားများပုံကို မြတ်စွာဘုရားသည် သာဝတ္တိံပြည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးစဉ် ကျောင်းအမကြီး ၀ိသာခါအား ဤသို့ဟောကြားတော်မူခဲ့၏။

“ ၀ိသာခါ ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကိုစောင့်သုံးရခြင်းကား အကျိုးအာနိသင်အလွန်ကြီးမားလှ၏။ အဘယ်မျှကြီးမားသနည်းဟူကား… ရတနာအမျိုးမျိုး ပြည့်ဖြိုးကြွယ်ဝသည့် တိုင်းကြီး ၁၆ တိုင်းကိုအစိုးရသော စကြာမင်းကြီး၏စည်းစိမ်သည် ဥပုသ်စောင့်ခြင်းကြောင့်ဖြစ်ပေါ်လာသည့်အကျိုး၏ ၁၆ စိတ်၊ စိတ်၊ တစ်စိတ်ကိုမျှမမီနိုင်ပေ။တနည်းကား… ၂၅၆ စိတ် စိတ် တစ်စိတ်ကိုမျှ မမှီနိုင်ချေ။အဘယ်ကြောင့်ဆိုသော် ဥပုသ်စောင့်ခြင်းကြောင့် ကာမသုဂတိဖြစ်သော နတ်ဘုံ နတ်ချမ်းသာ နတ်စည်းစိမ်ကို အလွယ်တကူပင်ရရှိသောကြောင့် ဖြစ်သည်။ လူ့စည်းစိမ်လောက်ကား ဆိုဖွယ်မရှိချေ ”
(နက်ဖန်နံနက်ဝါခေါင်လကွယ် ဥပုသ်နေ့မှာ ဥပုသ်သီတင်းဆောက်တည်ဖို့ ဓမ္မမိတ်ဆွေအပေါင်းအား နှိုးဆော်အသိပေးအပ်ပါတယ်။ ဖတ်မိ မှတ်မိ လေ့လာမိသမျှ ဗုဒ္ဒ၏အဆုံးအမစကားများအား ပြန်လည်မျှဝေလိုက်ပါတယ်ရှင့်။)


credit Khaing Khaing Win.

http://myawadynews.blogspot.com/2013/09/blog-post_2372.html

သရဏဂုံ၊ ဥပုသ်သီလ (မိမိဘာသာ) ဆောက်တည်ခြင်း..



· ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ။
· ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဒုတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ၊ ဒုတိယမ္ပိ သံဃံသရဏံဂစ္ဆာမိ။
  တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ သံဃံသရဏံ ဂစ္ဆာမိ။

(က) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

( ခ) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

( ဂ) အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

(ဃ) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

( င) သုရာမေရယ မဇ္ဇပ္ပမာဒဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

( စ) ၀ိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

(ဆ) နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏမဏ္ဍန၀ိဘူသ
နဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

( ဇ) ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

အနက်။ ။

(က) ပါဏာတိပါတာ- သူတစ်ပါးအသက်ကို သတ်ခြင်းမှ၊ ဝေရမဏိသိက္ခာ ပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက် တည်ပါ၏။

(ခ) အဒိန္နာဒါနာ- မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင် ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌ မြဲစွာဆောက်တည်ပါ၏။

(ဂ) အဗြဟ္မစရိယာ- ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်စွာ ယုတ်မာသောအကျင့်မှ၊ ဝေရ မဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌ မြဲစွာ ဆောက်တည်ပါ၏။

(ဃ) မုသာဝါဒါ- မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင် ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

(င) သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ- မေ့လျော့ ပေါ့ဆခြင်း၏ အကြောင်းစင်စစ် မူးရစ်စေ တတ်သည့် သေရည်အရက်ကို သောက်စားခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

(စ) ၀ိကာလဘောဇနာ- နေ့လွဲညစာ စားခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရ ကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။


(ဆ) နစ္စ- ကိုယ်တိုင်ကခြင်း၊ သူတစ်ပါးကို အကခိုင်းခြင်း (မျောက်၊ ဒေါင်း စသော တိရစ္ဆာန်များ၏ ကခြင်းများကိုပါယူရမည်။)၊ ဂီတ- ကိုယ်တိုင်သီဆိုခြင်း၊ သူတစ်ပါးကို သီဆို ခိုင်းခြင်း၊ ၀ါဒိတ- ကိုယ်တိုင်တီးမှုတ်ခြင်း၊ သူတစ်ပါးကို တီးမှုတ်ခိုင်းခြင်း၊ ၀ိသူက ဒဿန- (၀ိသူက- ဘုရားအဆုံးအမ၏ ဆန့်ကျင်ဘက်ဖြစ်သော အရာတို့ကို၊ ဒဿန- ကြည့်ရှု နားထောင် ခြင်း၊ သူတစ်ပါးတို့ အလိုအလျောက် သော်လည်းကောင်း၊ အခြားသူက ခိုင်း၍သော်လည်းကောင်း၊ က-ဆို-တီးမှုတ်နေသည်ကို တမင်တကာသွား၍ ကြည့်ရှုနားထောင်ခြင်း (မိမိဘာသာနေစဉ် မြင် လောက်ကြားလောက်သောအရပ်သို့လာ၍ ကပြ သီဆို တီးမှုတ်သံကို ကြည့်ရှုနားထောင် မိ၍သော်လည်းကောင်း၊ အခြားအလုပ်ကိစ္စဖြင့် သွားရင်းလာရင်း တွေ့မြင်၍သော်လည်း ကောင်း သီလမပျက်ပါ။ 


သို့သော် မမြင်-မြင်အောင် တမင်တကာ လှည့်၍မကြည့်ရ။)၊ ဌာနာ- ကာမစိတ်ဓာတ် တိုးပွားခြင်း၏ အကြောင်းဖြစ်သော- မာလာ- ပန်းအမျိုးမျိုး၊ ဓာရဏ- ပန် ဆင်ခြင်း၊ ဂန္ဓ- နိမ့်ရာအရပ်၌ ဖို့သိပ်၍ရကောင်းသည့် သနပ်ခါးစသော နံသာပျစ်၊ နံ့သာပျောင်းကို၊ မဏ္ဍန- ကျောက်ပေါက်မှစသော နိမ့်ရာအရပ်၌ ဖို့သိပ်ခြင်း၊ ၀ိလေပန- လိမ်းကျံခြယ် လှယ်ခြင်း ငှာလည်း ကောင်း၊ အနံ့ထုံခြင်းငှာလည်းကောင်း၊ ရကောင်းသော အရောင်တင်ဆေး၊ ရေမွှေး၊ နံ့သာဆီ၊ မျက်နှာ ချေ၊ ပေါင်ဒါကို၊ ၀ိဘူသန- လိမ်းကျံခြယ်လှယ်ခြင်း၊ အနံ့ထုံခြင်း (ဆပ်ပြာ မွှေးလည်း မတိုက်ကောင်း။) တို့ကို၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ် သောသိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

(ဇ) ဥစ္စာသယန- အခြေတစ်ထောင့်ထွာထက်ရှည်သော အိပ်ရာ ခုတင် ကုလားထိုင်စသည့် မြင့်သောနေရာ၌အိပ်ခြင်း၊ နေထိုင်ခြင်း (လူကြီးက အောက်အနိမ့်မှာနေလျှင် ဥပုသ်သည် လူငယ်က အထက်အမြင့်၌ မနေကောင်း။)၊ မဟာသယန- မြတ်သောနေရာ၌ အိပ်စက် နေထိုင် ခြင်း၊ (ဤနေရာမျိုးကား စည်းစိမ်အားလျော်စွာ ခံစားစံစားလေ့ရှိကြသည့် စည်းစိမ်ရှင်ကြီး များ၏ အိမ်မှာရှိတတ်သော လက်လေးသစ်မက အမွေးရှည်သော သားမွေး အခင်း၊ ခြင်္သေ့ သစ် ကျား အရုပ်များဖြင့် ခမ်းနားဆန်းကြယ်သော သားမွေးအခင်း၊ ရွှေချည် ငွေချည်တို့ဖြင့် ချုပ်လုပ်အပ်သော ပိုးအခင်း၊ လဲ၊ ၀ါဂွမ်းမျိုး သွတ်ထားသော မွေ့ရာတို့ ဖြစ်ကြ၏။) ဝေရမဏိ သိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

အဗြဟ္မစရိယာ နှင့် ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ် တို့၏ ခြားနားချက်။…။

အဗြဟ္မစရိယာသိက္ခာပုဒ် ကိုစောင့်ထိန်းလျှင် မိမိပိုင်ဆိုင်သော ကာမကိစ္စနှင့် မိမိမပိုင် ဆိုင်သော ကာမကိစ္စနှစ်မျိုးလုံးမှ ရှောင်ကြဉ်ရ၏။

ကာမေသုမိစ္ဆာစာရသိက္ခာပုဒ် ကိုစောင့်ထိန်းလျှင် မိမိမပိုင်ဆိုင်သော ကာမကိစ္စ တို့ကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ရ၏။ ဤသို့အားဖြင့် ခြားနားပါသည်။


ဒီနေရာမှ ကူးယူမျှဝေပါသည်။

"ရှောင်ကြဉ်ကြစေ အသိဝေ၏

"ရှောင်ကြဉ်ကြစေ အသိဝေ၏" (အပိုင်း-၁)

စီပွားရေး၊ပညာရေး စသည်ပျက်စီးခြင်းအကြောင်းတရားများ
==========================
(၁) ဥဿူရံ - နေမြင့်အောင်အိပ်ခြင်း။
(၂) အလသျံ - ပျင်းရိခြင်း။
(၃) စဏ္ဍိက္ကံ- အပြောအဆို၊အလုပ်အကိုင်၊အမူအကျင့်များ ကြမ်းတမ်းခက်ထန်ခြင်း။
(၄) ဒီဃသောဏ္ဍိကံ- သေရည်၊သေရက်၊မူးယစ်သေစာ သောက်စားကြူးခြင်း။
(၅) ဧကဿ အဒ္ဓါနဂမနံ- အဖော်ကောင်းမပါ တယောက်တည်း ခရီးရှည်သွားခြင်း။
(၆) ပရဒါရူပသေ၀နာ- သူ့သား၊မယားအားပျော်ပါး ပြစ်မှားဖျက်ဆီးခြင်း။

မပေါင်းသင့်သော မိတ်ဆွေပျက်များ
=====================

(၁) အလောင်းအစားပြုလုပ်တတ်သောသူ
(၂) ကာမဂုဏ်အလွန်အကျူး(မိန်းမ)လိုက်စားတတ်သောသူ။
(၃) သေရည်သေရက်၊အလွန်အကြူးသောက်စားတတ်သောသူ။
(၄) မာနထောင်လွှား၊အောက်ခြေလွတ်သောသူ၊
(၅) ကောက်ကျစ်လှည်းစား၊ရိုးသားမှုမရှိသောသူ။
(၆) နိုင်လိုမင်းထက် အနိုင်ကျင့်တတ်သောသူ။


ကိစ္စကြီးငယ်တို့အား ရင်ဖွင့်မတိုင်ပင်သင့်သာသူများ
==============================
(၁) ကာမရာဂအားကြီးသောသူ၊
(၂) ဒေါသကြီးသောသူ၊
(၃) တွေဝေမိန့်မောအသိတရားကင်း မောဟအားကြီးသောသူ။
(၄) အကြောက်လွန်၊အကြောက်အားကြီးသောသူ။
(၅) အာမိသသုံးပါးလိုလားသောသူ (အာမိသ သုံးပါးကား- ၁-ကာမာမိသ= ကာမဂုဏ်လိုက်စားသူ။ ၂- လေကမိတ=သတ္တလောက၊သင်္ခါရလောက။သြကာသလောကတည်းဟူသောလောကသုံးပါးအား ခင်တယ်တပ်မက်လွန်းသူ။ ၃-၀ဋ္ဋာမိသ=ကိလေသ၀ဋ်၊ကမ္မ၀ဋ်၊၀ိပါက၀ဋ် ဟူသော ၀ဋ်သုံးပါးအားအလွန်အမင်း ခင်တွယ်နေသောသူ။
(၆)မိန်းမ (မစောင့်စည်းသော)
(၇) သေသောက်ကြူး၊ဆေးသမား
(၈) နပုံးပဏ္ဍုပ်(အခြောက်)
(၉) ရှေ့နောက်၊အကောင်းအဆိုး၊အကြောင်းအကျိုး၊မသိတတ်သည့် သူငယ်အရွယ်။

မပြစ်မှားသင့်သည့် ခင်ပွန်းကြီး(၁၀)ပါး
===================
(၁) ဗုဒ္ဓ= သဗ္ဗညုတရှင်တော်ဘုရား။
(၂)ပစ္စေကဗုဒ္ဓ= ပစ္စေကဘုရား။
(၃) အရဟ= အရဟန္တာအရှင်မြတ်များ။
(၄) အဂ္ဂသာဝက= မြတ်စွာဘုရား၏အဂ္ဂသာဝကသံဃာတော်များ။
(၅) မာတာ= မိခင်။
(၆)ပိတာ- ဖခင်။
(၇) ဂုရု -အလေးအမြတ်ပြုထိုက်သည့် သံဃာတော်များ၊တရားကျင့်သူ သူတော်ကောင်းများ။
(၈) သတ္တာ- ဆုံးမပြုပြင်၍ လမ်းကြောင်းမှန်ညွှန်ပြသင်ကြားပေးသူများ။
(၉) ဓမ္မဒေသကာ= တရားတော်တို့အား ဟေားကြားဆုံးမတတ်သည့် သံဃာတော်များ တရားဟောပုဂ္ဂိုလ်များ။
(၁၀) ဒါယက =ထောက်ပန့်ပေးကမ်း ကျေးဇူးရှိသူများ။

ရှောင်ကြဉ်သင့်သော မိန်းမများ
==================
(၁) သေရည်သေရက်၊ဘိန်းမူးယစ် သောက်းစားတတ်သောမိန်းမ။
(၂) အိမ်ထောင့်တာဝန်များအား မပြုလုပ်ပျင်းရိသောမိန်းမ။
(၃) လင်ယောင်္ကျားအား အကြောင်းအရာမဲ့ အရိုသေကင်းလျှက် ရန်တွေ့တတ်သောမိန်းမ။
(၄) ကိစ္စမရှိပါပဲ သူတပါးအိမ်သို့ သွားလာလည်ပတ်တတ်သောမိန်းမ။
(၅) တခြားသူစိမ်းယောင်္ကျားများနှင့် အရောတ၀င်နေတတ်သောမိန်းမ။
(၆) အိမ်တံခါးမှ အမြဲနေ၍ သူစမ်းယောင်္ကျားတို့အား ကြည့်ရှုနေတတ်သောမိန်းမ။

ဥစ္စာပျက်ခြင်းအကြောင်းများ
==================
(၁) သေရည်၊သေရက် မူးယစ်သေစာသောက်စားခြင်း။
(၂) အခါမဲ့အချိန် လမ်းသွားခြင်း။
(၃) ပျော်ပွဲရွှင်ပွဲ၊ပွဲလမ်းသဘင်များအား အမြဲတစေကြည့်ရှုပျော်ပါးခြင်း။
(၄) အလောင်းအစားပြုလုပ်ခြင်း။
(၅) မကောင်းသော မိတ်ဆွေယုတ်နှင့် ပေါင်းဖော်ခြင်း။
(၆) စီးပွားရှာရာတွင် စိတ်မပါဖြစ်၊ပျင်းရိခြင်း။

ဝေးဝေးကရှောင်ရမည့်သူတွေ
==============
(၁) ဦးချိုရှိသည့် မယဉ်ပါးသောသတ္တ၀ါတို့ကို အတောင်ငါးဆယ်ဝေးသည့်အရပ်ကတည်းက ရှောင်ကြဉ်သင့်၏။
(၂)အစွယ်ရှိသည့် မယဉ်ပါးသောဆင်ကို အတောင်တရာဝေးသည့်အရပ်ကတည်းက ရှောင်ကြည်သင့်၏။
(၃) မယဉ်းပါးသည့် မြင်းသတ္တ၀ါတို့အားအတောင်တထောင်ဝေးသည့်အရပ်ကတည်းက ရှောင်ကြဉ်သင့်၏။
(၄) လူယုတ်မာတို့ကိုကား အရပ်ကိုစွန်ပြီးလျှင်မြန်စွာရှောင်ကြဉ်သင့်၏။


ရှောင်ကြဉ်ရမည့် အညဒတ္တုဟရ-မိတ်ဆွေတုများ
=========================
(၁) တတ်နိုင်ပါလျှက်မိမိ၏ပစ္စည်းများကိုမပေးပဲ မိတ်ဆွေ၏ပစ္စည်းများကိုသာယူလေ့ရှိသောသူ။
(၂) နည်းနည်းပေးပြီး များများယူတတ်လေ့ရှိသောသူ။
(၃) ဘေးတစုံတရာရှိသော် ထိုဘေးလွှတ်ရုံသာလာ၍ မှီခိုတတ်သောသူ။
(၄) အကျိုးခံစားရရုံသာ လာရောက်မှီခိုတတ်သောသူ။

စွန့်ပယ်သင့်သောသူများ
================
(၁) လောဘံ= မတရားသဖြင့်အလိုရမ္မက်အားကြီးသူ။
(၂) ကောဓံ =အမျက်ဒေါသအားကြီးသူ။
(၃) မဒံ =မာန်ယစ်သောသူ။
(၄) မာနံ= မာနထောင်လွှား၊ဂါရ၀တရားမဲ့သောသူ။
(၅) တိန္ဒံ= ပျင်းရိသောသူ။
(၆) ဣဿံ =သူတပါးကြီးပွားတိုးတက်အောင်မြင်သည်ကို ငြူစူစောင်းမြောင်းတတ်သောသူ
(၇) ပမာဒံ =ကုသိုလ်တရားမပြုလုပ် မေ့လျော့နေသောသူ။
(၈) သောဏ္ဍံ =အရက်သေစာသောက်းစားမူယစ်သော သေသောက်ကြူသူ။
(၉) နိဒ္ဒါလုကံ= အချိန်အခါမရွေးအအိပ်ကြူသောသူ။
(၁၀) မက္ခံ= ကျေးဇူးမသိတတ်သောသူ။
(၁၁) မစ္ဆရိဉ္စ= ၀န်တိုတတ်သောသူ။

!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
အထက်ပါ ဖော်ပြခဲ့သောရှောဉ်ကြဉ်ဖွယ်ရာတရားတို့သည်ကား ပစ္စုပ္ပန်၊တမလွန်၊ လောကီ၊လောကုတ္တရာ အကျိုးများတိုးတက်လိုသူများအတွက် ကျမ်းဂန်းအသီးသီးမှထုတ်နှုတ်ကာ အသိတရားဝေငှလိုက်ခြင်းဖြစ်ပါတယ်။

ထိုဖော်ပြပါတရားတို့သည် အကျဉ်းမျှသာဖြစ်သည့်အတွက် သာမာန်အပေါ်ယံမျှဖြင့် တွေးတောမှတ်သားခြင်းမပြုလုပ်ပဲ၊ မိမိတို့ဉာဏ်စွမ်းအောင်ရှိသ၍ ထုတ်ပြီး မိမိပတ်ဝန်းကျင်၏ အဖြစ်အပျက်များစသည့် မိမိလေ့လာမှတ်သားစုစောင်းထားသမျှသော အသိတရားတို့ဖြင့် ပေါင်းစပ်လေ့လာဝေဘန်ပိုင်းခြားကာ ပစ္စ္ပပ္ပန်၊တမလွန်၊လောကီလောကုတ္တရာ နှစ်ဖြာသောအကျိုး ရရှိတိုးအောင် ထုတ်ယူနိုင်ကြပါစေသော်..။

ဓမ္မ၀ီရ အရှင်တေဇနိယ

ကိုလံဘို၊သီရိလင်္ကာ

http://www.ashintejaniya.com/
_______________________________________

Dhammavira Ashin ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
{ဗဟုသုတ ဟင်းပေါင်းအိုးကြီး}


https://www.facebook.com/photo.php?fbid=348469645284149&set=a.273551502775

မိမိဘဝ တိုးတက် လိုလျှင်၊ ကိုယ်ချင်း စာကြပါ။ စာရိတ္တ မဏ္ဍိုင်ကို စိုက်ထူကြပါ။

လူမျိုးတိုင်းမှာ ဂုဏ်သိက္ခာတွေ ရှိကြပါသည်။ နိုင်ငံ့ ဂုဏ်သိက္ခာ၊ လူမျိုး ဂုဏ်သိက္ခာ၊ မိဘ ဆွေမျိုး ဂုဏ်သိက္ခာ။ ဒါကြောင့် ''ကြက်မှာ အရိုး၊ လူမှာ အမျိုး''ဟု ဆိုကြ၏။ လူတိုင်း မျိုးရိုး သိဖို့ လိုသည်။ စောင့်ထိန်းဖို့ လိုပါသည်။ မျိုးရိုး ဂုဏ်သိက္ခာ မကျအောင်၊ မညှိုးအောင်လည်း ကျင့်ကြံ နေထိုင် သင့်ပါသည်။ ထို့အပြင် မိမိကြောင့် သူတစ်ပါး ကိုလည်း မထိပါး စေပါနှင့်။ ကိုယ်ချင်းစာ တရား ထားပါ။ စာနာပါ။ ကူညီပါ။

စောင့်ရှောက်ပါ။ မုဒိတာပွားပါ။ မိမိ၏စာနာမှုကင်းသော စကား တစ်ခွန်းကြောင့် အသက် သေနိုင် သလို အရှက် တွေလည်း ရရှိ နိုင်ပါသည်။ အရာရာ တိုင်းတွင် ဆင်ခြင်တုံ တရားဖြင့် ပြောဆို ဆက်ဆံ သင့်လှပေ၏။ မျိုးရိုး ဗီဇ ကောင်းခြင်းသည် အသိ အမြင် ကျယ်ပြောသည်။ တတ်သိ လိမ္မာသည်။ ကိုယ်ကျင့် သိက္ခာရှိသည်။ လူတွေ ခင်မင် လေးစားသည်။ ယုံကြည်မှု ရှိကြသည်။

အကျင့် စရိုက် မကောင်းသူ၊ လိမ္မာရေးခြား မရှိသူနှင့် ခက်ထန် ကြမ်းတမ်း သူကို မည်သူ ကမှ မဆက်ဆံ လိုကြ။ မိတ်ဆွေ မဖြစ် လိုကြပါ။ ထို့ကြောင့် ကိုယ်ချင်း စာနာ တတ်သူ၊ ယဉ်ကျေး သိမ်မွေ့သူ၊ သည်းခံစိတ် ရှိသူ၊ ညှာတာ ထောက်ထား တတ်သူနှင့် ရိုးသား ဖြောင့်မတ်ခြင်း ဟူသည် မည်သည့် ဂုဏ်သိက္ခာနှင့် လဲ၍ မရနိုင်ပါ။ ဥစ္စာဓန၊ ရာထူးဌာန၊ ပညာရှိမှ ဂုဏ်ရှိတာ မဟုတ်။ ငွေကြေး ဓနဥစ္စာကြွယ်ဝ သော်လည်း မလှူရက်၊ မပေးရက် သူတွေ၊ ရာထူး ရာခံ ရှိသော်လည်း နိုင်ငံ့ တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်ဘဲ ရေသာခို နေသူတွေ၊ လာဘ်စား ဖြတ်စား၊ အထက်ဖား အောက်ဖိ၊ လှေကြုံ လိုက်သူတွေ၊ ပညာတွေ ရှိသော်လည်း စာရိတ္တ ပျက်ပြားပြီး အတ္တ အကျိုးသာ ကြည့်သူ တွေသည် တန်ဖိုးမရှိ၊ မိမိ ပိုင်ဆိုင် ရရှိမှု တွေကို အသုံး မချ တတ်ခြင်း ဖြစ်၏။

လူ့ ဂုဏ်သိက္ခာသည် ဆင်းရဲခြင်း၊ ချမ်းသာခြင်းနှင့် မသက်ဆိုင်၊ အကျင့် စရိုက်၊ လူမှု ဝတ္တရား နှင့်သာ ဆိုင်သည်။ ''အတ္တဟိတ၊ ပရဟိတ'' အကျိုးနှစ်ပါးကို မျှတစွာ မဆောင်ရွက် နိုင်သူသည် မည်သို့သော အခါမှ ကြီးပွား ချမ်းသာမည် မဟုတ်၊ လူကောင်း ဖြစ်ရန်လည်း ခဲယဉ်း လိမ့်မည်။

ပတ်ဝန်းကျင်ကြောင့်၊ အပေါင်း အသင်းကြောင့် ကောင်းခြင်း၊ ဆိုးခြင်း တွေလည်း ရှိတတ်သည်။ ကိုယ်ခံစားရမှ၊ ဒုက္ခ ရောက်တော့မှ သိသူတွေ ရှိသည်။ စာရေးသူ နေထိုင်ခဲ့ ဖူးသော ရပ်ကွက် တစ်ခုတွင် လူမှုရေး ခေါင်းပါးသော အိမ်တစ်အိမ်၊ မိသားစု တစ်စု ရှိခဲ့၏။ ရပ်ကွက် ထဲရှိ သာရေး၊ နာရေးမှန်သမျှ ဘယ်သူ့ ကိစ္စမှ မသွား၊ ကူညီ ရိုင်းပင်းမှု မရှိ။ နှုတ်၏ ဆောင်မခြင်း၊ လက်၏ ဆောင်မခြင်း မရှိ။ 


တစ်နေ့တွင် သူ့ကလေး တစ်ယောက် ရုတ် တရက် ဆုံးပါးသွား၏။ သည်တော့မှ ဟိုလူလာပါ၊ သည်လူလာပါ။ ဘာလုပ် ရမှန်း မသိ၊ ရပ်ကွက်ရုံး၊ ဆေးရုံ၊ သုသာန်၊ အလောင်း မြေချဖို့ အဆင့်ဆင့် သွားရ၏။ သက်ပျောက် ဆွမ်းသွတ်ဖို့ ဘုန်းကြီး ပင့်တာက အစ၊ မပင့်တတ်၊ ရပ်ကွက်ထဲက ကိုယ်ချင်း စာနာစိတ်၊ လူမှုရေး စိတ်ဓာတ် ရှိသူ များက အလောင်း မြေချ သင်္ဂြိုဟ်သည် အထိ ဆောင်ရွက် ပေးကြရသည်။ ငါနှင့်မဆိုင်၊ ငါ့ကိစ္စ မဟုတ်ဟု နေခဲ့သူ၊ ကိုယ်တွေ့ ကြုံတော့မှ သူ့မာန တရားတွေ ခဝါချ သွားခဲ့ရသည်။ အသိပညာ မဲ့သူက ရိုင်းပြ တတ်၏။ အသိ ပညာ ရှိသူက ယဉ်ကျေး သိမ်မွေ့၏။ မိဘ၊ ဆရာ သမားများ၏ စကားကို နားဝယ် စွဲသူသည် ယဉ်ကျေးသည်။ တတ်သိ လိမ္မာသည်။ လူမှု ဝတ္တရား သိသည်။ ယနေ့ လူငယ် အချို့ ယဉ်ကျေးမှု နည်းပါး လာသည်။ ဘတ်စကားများ ပေါ်တွင် ရဟန်း သံဃာနှင့် သက်ကြီး ရွယ်အိုများ တက်လာလျှင် နေရာ ပေးရကောင်းမှန်း မသိ။ တချို့က မသိဟန်ပင်ဆောင်နေ တတ်၏။


လမ်းမပေါ်၌ ဘောလုံး ကန်ကြ သူတွေလည်း ရှိသေး၏။ ရဟန်း သံဃာနှင့် လူကြီး သူမများ လာလျှင် ရပ်ပေး၊ ဖယ်ပေး ရမှန်းမသိ၊ မည်သူ့ကိုမျှ ဂရုမစိုက်။ ထိုထက် ပိုဆိုး သည်မှာ မိန်းမပျို လေးများ ဖြတ်သွားချိန် အနားရှိ ရွှံ့ဗွက် ရေအိုင် ထဲသို့ ဘောလုံးကို ပစ်ကန် ထည့်လိုက်၏။ မိန်းမပျို လေးမှာ ရွှံ့ဗွက်တွေ ပေကျံကာ အရှက်ရ သွားတော့သည်။ ကဲ အဲဒီ နေရာမှာသာ ကိုယ့်နှမလေးလို သဘော ထားရင်၊ ကိုယ်ချင်း စာနာ ကြရင် ဘယ်လောက် ကောင်းမလဲ။ ကိုယ်ချင်း စာနာမှု မရှိသော အခါ လူတွေမှာ ပြဿနာ မျိုးစုံ၊ ဒုက္ခ အဖုံဖုံ ကြုံကြ ရသည်။
 လောက ပါလ တရားတွေနှင့် ကင်းလွတ်သော အခါ ဒေါသ၊ လောဘ၊ မောဟ၊ မာန်မာန တွေနှင့် မွေးမြူ လာသည့် စိတ်ဓာတ်တွေ မာကြော ရိုင်းစိုင်း လာသည်။ လူ တစ်ယောက်၏ ဂုဏ်သိက္ခာသည် ကိုယ်ချင်း စာနာမှုပင် ဖြစ်သည်။ ကိုယ်ကျင့် တရားရှိမှ လူတွေနှင့် ပေါင်းသင်း၍ ရမည်။ မိတ်ဆွေတွေ ဖြစ်လာမည်။ စီးပွားရေး အောင်မြင်မည်။ မိမိ ဘဝလည်း လုံခြုံမည်။ အတ္တ အကျိုး တစ်ခုတည်းသာ ကြည့်သူကား ဘယ်သော အခါမျှ မအောင်မြင်နိုင်၊ လူတော် လူကောင်း မဖြစ်နိုင်၊ စိတ်ချမ်းသာမှု အပြည့် အဝ မရရှိနိုင်၊ မိသားစု ပျော်ရွှင်မှု ထာဝရ မရနိုင်ပေ။ အောင်မြင် လိုသူနှင့် ကြီးပွား ချမ်းသာ လိုသူ တိုင်းသည် မိမိ အမှားကို အချိန်မီ ပြင်ဆင် နိုင်ရမည်။ ဝန်ခံ တောင်းပန် ရဲရမည်။ စိတ်ကောင်း၊ နှလုံးကောင်း မွေးရမည်။ မိတ်သစ်၊ ဆွေသစ်၊ မိတ်ကောင်း၊ ဆွေကောင်းတွေ ဖွဲ့ရမည်။ အနစ်နာ ခံရမည်။ ကူညီ တတ်ရမည်။ ယဉ်ကျေး သိမ်မွေ့ရမည်။ ဘာသာ၊ သာသနာကို လေးစား ရမည်။ မကြာ သေးမီက နိုင်ငံတော် သမ္မတက ချီးမြှင့်သော ဂုဏ်ထူးဆောင် ဆုရရှိ သူများကို ကြည့်ပါ။ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ စိုက်ပျိုးမွေးမြူရေး၊ လူမှု ကိုယ်ကျင့်သိက္ခာ၊ ပရဟိတနှင့် အလှူ ဒါန စသည့် ကဏ္ဍစုံမှ စွမ်းစွမ်း တမံ ဆောင်ရွက် ကြသူများ ဖြစ်ကြသည်။
မိမိဘဝ တိုးတက် လိုလျှင်၊ ကိုယ်ချင်း စာကြပါ။ စာရိတ္တ မဏ္ဍိုင်ကို စိုက်ထူကြပါ။ မိဘ မျိုးရိုး ဂုဏ်ကို ထိန်းသိမ်း ကြပါ။ ''ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်'' ဆိုသလို ကိုယ့်ကြောင့် လူမျိုး ဂုဏ်သိက္ခာ မကျပါစေနှင့်။ အရာရာကို စိတ်နောက်ကိုယ်ပါ မပြုမိပါ စေနှင့်။ ဒုက္ခရောက်မှ နောင်တ ရတာမျိုးသည် အရာမထင်၊ အသုံး မဝင် နိုင်တော့ပါ။ တကယ့် ဖြစ်ရပ်လေး တစ်ခုကို တင်ပြ လိုပါသည်။ မည်သူ့ကိုမျှ နစ်နာစေသော ဆန္ဒနှင့် မရည်ရွယ်ပါ။ လွန်ခဲ့သော သုံးနှစ်ခန့်က တရားသူကြီး တစ်ဦး၏ ဇနီးက အိမ်ဖော် မိန်းကလေး၏ တစ်ကိုယ်လုံးကို မီးပူနှင့် ထိုးသည်တဲ့။ ရပ်ကွက်ထဲမှ လူတွေက သိ၍ ဟိုတိုင် သည်တိုင် လုပ်တော့မှ အိမ်ဖော်မလေးကို ခေါ်၍ ဟိုပုန်းသ ည်ပုန်းနှင့် ပြဿနာတွေ ရှုပ်ကုန်သည်။ အိမ်ဖော် အမျိုး သမီးငယ်လေးမှာဒ ဏ်ရာတွေ များစွာ ရပြီး မိမွေးတိုင်း၊ ဖမွေးတိုင်းမဖြစ်တော့။ အမျိုးမျိုး လိုက်လံ ကာကွယ် ကြသည်။ ဖုံးဖိကြသည်။ ပြဿနာ ဘယ်လို ပြီးသွားသည်တော့ မသိ။
ထိုကိစ္စသည် ကိုယ်ချင်း စာနာမှု ကင်းသော၊ လူသား သိက္ခာ မရှိသော လုပ်ရပ် ဖြစ်သည်။ လူ့ အခွင့် အရေးကို ချိုးဖောက်တာ၊ တရား ဥပဒေကို ကျူးလွန်တာ ဖြစ်သည်။ ''သနား ကြင်နာမှု မရှိ၊ စာနာ ထောက်ထားမှု ကင်းသော ဖြစ်ရပ် မျိုးတွေ ကြားရတိုင်း'' ရင်နာမိသည်။ ရွံမုန်း မိသည်။ ထို ဖြစ်ရပ် မျိုးတွေ မကြားရ၊ မမြင်ရ ပါစေနှင့် ဟုလည်း ဆုတောင်း မိသည်။ ယဉ်ကျေး သိမ်မွေ့သူ၊ ကိုယ်ချင်း စာနာ တတ်သူ၊ လူမှု သိက္ခာ ရှိသူ များနှင့်သာ ဆုံချင်၊ ကြုံချင်၊ ဆက်ဆံ ချင်ပါ၏။ ဆက်၍ ရေးလျှင် စာဆုံးနိုင်မည် မဟုတ်။ အကြောင်း အရာတွေ များစွာ ရှိပါသည်။
အထူးသဖြင့် နိုင်ငံ့တာဝန်ကို မလွဲမသွေ လွှဲပြောင်း တာဝန် ယူရမည့် မျိုးဆက်သစ် လူငယ် များအား ပြောချင် ပါသည်။ လူမျိုး ဂုဏ်သိက္ခာကို ထိန်းသိမ်းကြပါ။ ကိုယ်ချင်း စာနာ တတ်ကြပါ။ သူတစ်ပါး နစ်နာအောင် မပြုမိ ပါစေနှင့်။ လူ့သိက္ခာ၊ လူ့တန်ဖိုး၊ လူသား ဂုဏ်ရည် ပြည့်ဝ စွာဖြင့် ရှေ့ဆက်ရမည့် ခရီး ပန်းတိုင်ကို လှမ်းနိုင်သော လူတော်၊ လူကောင်းများ ဖြစ်ကြ စေ ရန် မျှော် လင့် ကြိုဆို နေပါသည်။ ။
ရေကူး မြတ်လေးနောင်

  http://www.myawady.com.mm/library/stories/storiesforall/item/18757-2013-07-06-17-

ဗုဒ္ဓအလိုတော်ကျ ဓမ္မယတြာ



••••••••••••••••••••••••••••

လောကလူသားတို့သည် မိမိတို့ဘ၀တွင် အလိုမရှိ၊ မမြတ်နိုး၊ မနှစ်သက်၊ မတောင့်တ အပ်သော ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုး၊ ရောဂါဆိုးအမျိုးမျိုးတို့နှင့် ကြုံတွေ့လာရသောအခါ ဆင်းရဲဒုက္ခ ရောက်ကြရ၏။ ယူကြုံးမရ ဖြစ်ကြရ၏။ ဆောက်တည်ရာမရ ငိုကြွေးကြရ၏။ စိုးရိမ်ပူဆွေးကြရ၏။ ဘာလုပ်၍ ဘာကိုင်ရမှန်းမသိအောင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တတ်ကြ၏။ ဤသို့ဆင်းရဲဒုက္ခ တွေ့ကြုံရ၍ မိမိကိုယ်တိုင် ကံနိမ့်နေခြင်းကို သိကားသိ၏။ သို့သော် ထိုနိမ့်နေသောကံကို မြင့်လာအောင် မည်သို့သောနည်းလမ်းဖြင့် ပြုလုပ်ရမည်ကို မသိ။ ကျော်လွှားရမည်ကို နားမလည်။ ပြုပြင်ရမည်ကို သဘောမပေါက်ကြချေ။

ထိုကြောင့် အားကိုးရာကို ရှာကြ၏။ ထိုသို့ရှာရာတွင် မိမိတို့ အမြဲကိုးကွယ်သော လောကုတ္တရာ ဗုဒ္ဓတရားတော်များကို မေ့လျော့ကာ လောကီ ဗေဒင်ဆရာကို အားကိုးကြ၏။ ဆည်းကပ်ကြ၏။ ယတြာချေကြ၏။ ယတြာဟူသည် အဘယ်နည်း?။ ယကြာဟူသည် ကောင်းဆိုး နှစ်တန်ကို ဖြစ်စေ ပျက်စေတတ်သည်ဟု အဓိပ္ပါယ် ရှိပါ၏်။ ကောင်းကျိုးများကို ဖြစ်စေနိုင်သလို ပျက်စေနိုင် အောင်လည်း ဖန်တီးနိုင်သည်သာ။ ဆိုးကျိုးများကို ဖြစ်စေနိုင်သလို ပျက်စေနိုင်အောင်လည်း ဖန်တီးနိုင်ပါသည်။ သို့သော် ရာနှုန်းပြည့် ပြုလုပ်နိုင်စွမ်းမည်ကား မဟုတ်ပါပေ။

ထိုသို့ယတြာချေရာတွင် အပြစ်ကင်းသော ယတြာချေနည်းဖြစ်လျှင် မထောင်းသာ၊ တော်သေး၏။ အကုသိုလ်အပြစ်ပြုလုပ်၍ ချေရသော ယတြာဖြစ်လျှင် “ပေါ့စေလို၍ ကြောင်ရုပ်ထိုး ဆေးအတွက်ကြောင့်ပို၍လေး” ဆိုသလို ယတြာချေကာမှ ယတြာမကျေ၊ မပေါ့ဘဲ၊ မကင်းပျောက်ဘဲ၊ ပိုဆိုးသောအဖြစ်မျိုး၊ ကြမ္မာဆိုးနှင့် ကြုံရကိန်းဆိုက်ပေတော့မည်။

♦ ထာဝရ အေးငြိမ်းချမ်းသာရေးသို့ ♦
-----------------------------------
ဤနေရာ၌ ရေးပြလိုသော ယတြာသည် လောကီယတြာဖြစ်သော ဓာတ်ယတြာ၊ နတ်ယတြာ မဟုတ်။ မြတ်ဗုဒ္ဓဟောတော်မူခဲ့သော ဓမ္မယတြာပင် ဖြစ်ပါ၏။ ဓမ္မယတြာသည် တစ်ကြိမ်မျှသာ ဘေးအန္တရာယ် ကင်းငြိမ်းခြင်းကို မရည်ရွယ်။ တစ်ဘ၀လုံး ဘေးအန္တရာယ် ကင်းငြိမ်းခြင်းမှသည် ထိုဘေအန္တရာယ်အပေါင်းမှ ထာဝရ ကင်းပျောက်၍ အေငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့တိုင် ဦးတည်သည်။ ထိုရည်ရွယ်ချက် ဦးတည်ချက်တို့ ထမြောက် အောင်မြင်ရန်အတွက် ဖော်ပြထားသော အချက်အလတ်တို့မှာ…..

“အဒွေစ္စ ၀စနာ ဗုဒ္ဓါ” “ဘုရားစကား အမှားမရှိ”
ဟူသည်နှင့်အညီ တကယ်လိုက်နာကျင့်သုံးလျှင် လက်တွေ့အကျိုးရှိသည့် ဘုရားပေးသော အချက်အလတ်များ ဖြစ်သောကြောင့် စိတ်ချယုံကြည်ထိုက်ကြောင်း အထူးဖော်ပြရန် မလိုပါချေ။ တစ်နည်းအားဖြင့် ဗုဒ္ဓဘုရားအပေါ် ယုံကြည်မှု အားနည်းသူ ဖြစ်လျှင်သော်မှ ပြောသူ၊ ရေးသူကို ဖယ်ထားပြီး၊ တင်ပြထားသော အချက်အလတ်များကို အကဲဖြတ်၍ လက်တွေ့ အသုံးချ ကြည့်အားဖြင့် ဦးတည်ချက်မှန်ကန်ကြောင်း တွေ့မြင် သိရှိနိုင်ပါသည်။

ဘေးအန္တရာယ်များ ကျရောက်လာခြင်းသည် အကျိုးတရားသာ ဖြစ်၏။ ဘေးအန္တရာယ် အဘယ့်ကြောင့် ဖြစ်ရသနည်း? ဟု အဖြေရှာရာတွင် အကြောင်းတရားကို တွေ့ရ၏။ ထိုဘေးအန္တရာယ် ဖြစ်ရသည့် အကြောင်းဟူရာ၌ အနီးကပ်အကြောင်း (သန္တိကေနိဒါန်း) နှင့် အခြေခံအကြောင်း၊ သို့မဟုတ် ဝေးသောအကြောင်း (ဒူရေနိဒါန်း) ဟူ၍ရှိ၏။ 
 
 ဘေးအန္တရာယ် ဟူသော အကျိုးတစ်ခု ဖြစ်ပေါ်လာရန်အတွက် အဖြစ်အပျက်၊ သတ၊္တိ ကိစ္စအမျိုးမျိုးတို့ ပါဝင်လျက်ရှိသည်။ ဘေးအန္တရာယ်တစ်ခုခုနှင့် တွေ့ကြုံလာရသောအခါ ထိုဘေးအန္တရာယ် ဖြစ်ရသည့် အခြေခံအကြောင်းကိုသာ စူးစမ်း၍ ပျောက်ငြိမ်းအောင် လုပ်နိုင်မှသာလျှင် ဘေးအန္တရာယမျာ်း အမြစ်ပျက်နိုင်မည် ဖြစ်ပါသည်။ အကြောင်းမငြိမ်း၊ အမြစ်မပျက်ပါက တစ်မျိုးပြီးတစ်မျိုး လှည့်ပတ်ကာ ဖြစ်ပေါ်နေမည်သာ ဖြစ်သည်။ ဘေးအန္တရာယ်ကင်းရေး အသိဉာဏ်သည် ဘေးအန္တရာယ် ကင်းရှင်းရုံသာမက၊ အသက်ရှည်၊ ကျန်းမာ၊ ချမ်းသာရေး အတွက်ပါ အသုံးကျသဖြင့် ထိုသို့သောအသိဉာဏ် ရင့်သန်အောင် အားထုတ်သင့်ပါ၏။ ဤသို့အားထုတ်ခြင်းသည် ဘေးအန္တရာယ်ဖြစ်၍ ဆင်းရဲ ဒုက္ခ ကြုံတွေ့ ခံစားရသလောက် ပင်ပန်းမည် မဟုတ်ပေ။

♦ အန္တရာယ် ♦
----------------
မိမိတို့ဘ၀၀ယ် ကြုံတွေ့လာရသည့် ဘေးအန္တရာယ်ဟူသော စကားလုံးကို ရှင်းပြပါဦးမည်။ “ဘေး”ဟူသည် “ဘယ”ဟူသော ပါဠိမှဆင်းသက်လာသော မြန်မာစကားဖြစ်၏။ မလိုလားအပ်သောအရာ၊ မချစ် မနှစ်သက်အပ်သောအရာ၊ ကြောက်စရာ၊ မုန်းစရာဖြစ်သော ဆင်းရဲဒုက္ခဟူ၍ အဓိပ္ပါယ်ရပါသည်။ “အန္တရာယ်” ဟူသည် “အန္တရာယ” ဟူသောပါဠိစကားလုံးမှ ဆင်းသက်လာခြင်း ဖြစ်၏။ “အန္တရာယ” ဟူသည် “အန္တရာယ=အကြားကာလ”ဟု တိုက်ရိုက် သဒ္ဒါအနက်ရ၏။ “အကြားကာလ၌ ၀င်ရောက်လာကာ အကျိုးပေးတတ်သောအရာ” ဟူ၍ အဓိပ္ပါယ်ရ၏။

မည်သည့်အကြား ကာလနည်းဟူမူ မိမိတို့ဘ၀တွင် ယခင်ဘ၀က ပြုလုပ်ခဲ့ကြသော ကုသိုလ်၊ အကုသိုလ်ကံများလည်း ပါရှိကြမြဲတည်း။ ယခုဘ၀၌လည်း အသစ်ထပ်မံ ပြုလုပ်သော ကုသိုလ်၊ အကုသိုလ်ကံများလည်း ရှိကြသည်သာ။ ထိုတွင် မိမိတို့ဘ၀၀ယ် ရှိပြီးသော ကုသိုလ်ကံတို့ နည်းလာ၊ ပါးလာသောအခါ အပေါက်အကြား ဖြစ်လာ၏။ ကြားကာလ ပေါ်လာ၏။ ထိုကုသိုလ်ကံတို့၏ ကြားကာလ၌ အကုသိုလ်ကံတို့က ၀င်ရောက်ကာ အကျိုးပေးတတ်၏။ ထိုသို့ကုသိုလ်ကံတို့၏ အကြား၌ ၀င်ရောက်ကာ အကျိုးပေးတတ်သော အကုသိုလ်ကံတို့၏ အကျိုးပေးဖြစ်သည့် မကောင်းသော ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုး၊ ရောဂါဆိုးများကို ဘေးနှင့် အန္တရာယ်ပေါင်းကာ “ဘေးအန္တရာယ်” ဟု ခေါ်ဆိုခြင်း ဖြစ်ပါ၏။ ဆိုလိုခြင်းမှာ ကုသိုလ်ကံများ နည်းလာသောအခါတွင် အကုသိုလ်ကံက ၀င်ရောက်ကာ အကျိုးပေးတတ်၏။ ထိုအကုသိုလ်ကံတို့၏ အကျိုးပေးကို “ဘေးအန္တရာယ်” ဟုခေါ်ဆိုပါသည်။ ထိုအကုသိုလ်တို့၏ အကျိုးဟူသည် ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုး၊ ရောဂါဆိုး အမျိုးမျိုးတို့ပင် ဖြစ်ပါသည်။

♦ အာပါတ်ဖြေနည်း/ အပြစ်ဖြေဖျောက်နည်း ♦
-------------------------------------------------
ဝိနည်းပိဋကတ်၌ အာပါတ်သင့်လျှင် အာပတ်ဖြေနည်းရှိသကဲ့သို့ သဘာဝတရား၌လည်း ၀င်ပေါက်ရှိသလို ထွက်ပေါက်လည်း ရှိသည်သာတည်း။ ၀ိနည်း၌ ပါရာဇိကလို အာပတ်ကြီးများအတွက် အာပတ်ဖြေ၍မရ။ သို့သော် အပေါ့စား ပါစိတ်၊ ဒုက္ကဋ် စသော အာပတ်ငယ်လေးများ အတွက်မူ အာပတ်ဖြေ၍ရ၏။ ရဟန်းတော်များအတွက် အာပတ်ဖြေနည်း(ဒေသနာကြားနည်း)ကို ၀ိနည်းပိဋကတ် ပါဠိတော်တွင် ဗုဒ္ဓက အတိအကျ ဟောတော်မူခဲ့၏။ သဘာဝတရား၌လည်း နိယတမိစ္ဆာဒိဋ္ဌိကံ၊ ပဉ္စာန န္တရိယကံ ကြီးမျိုးတို့ကဲ့သို့ ကြီးလေးသောကံဝင်ပေါက်သို့ ၀င်မိလျှင် ထွက်ပေါက်မရှိချေ။ သို့သော် အကျိုးပေးမမြဲသော အပယိက သာမန်အကုသိုလ်အပေါက်သို့ ၀င်မိရာ၌မူ ထွက်ပေါက်ရှိပေသည်။ 
 
သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ သူတစ်ပါးသားမယား ပြစ်မှားခြင်း၊ လိမ်ညာပြောခြင်း၊ သေရည် အရက် သောက်ခြင်း စသောမကောင်းမှုတို့သည် အကုသိုလ်ဖြစ်၏။ အပြစ်ရှိ၏။ ဆိုးပြစ်များကို ဖြစ်စေနိုင်၏။ ဤကား အမှန်တရားတည်း။ ဤကား သဘာဝ၏ ၀င်ပေါက်တည်း။ သို့သော် သဘာဝ၏ ထွက်ပေါက်လည်း ရှိပေသည်။ ယင်းသဘာဝတရား၏ ၀င်ပေါက်ထွက်ပေါက်ကို မြတ်စွာဘုရားက အထင်အရှား ပြခဲ့ပြီး ဖြစ်ပါ၏။ ယင်းသဘာဝ၏ ထွက်ပေါက်ကား အခြားမဟုတ်။

၁။ ကံတို့၏ အကျိုးပေးသဘောကို သိရမည်။
၂။ သမ္မပ္ပဓါန် ဖြစ်အောင် လုပ်ရမည်။ ဤကား ထွက်ပေါက်တည်း။

ဤနည်းကို “လူအာပါတ်ဖြေနည်း”ဟုဆိုသော် ဖြစ်နိုင်သည်သာ။ လူတို့အတွက် အာပါတ်ဖြေနည်း (အပြစ်ဖြေနည်း)ဟူသော နာမည်ဖြင့် ဗုဒ္ဓက သီးခြား ဟောတော်မမူခဲ့သော်လည်း ဤသမ္မပ္ပဓါန်နည်းကို “လူအာပါတ်ဖြေနည်း” ဟု အမည်ပေးသော် ရနိုင်သည်သာတည်း။ ဤသမ္မပ္ပဓါန်နည်းသည်လည်း ဗုဒ္ဓဟောတော်မူခဲ့သော တရားပင် မဟုတ်ပါလော။ သို့သော်လည်း
သေးငယ်သော အပြစ်များဆိုလျှင် အာပတ်ဖြေနည်းဖြင့် ဖြေဖျောက်နိုင်ပါ၏။ ကြီးမားသော ပဉ္စာန န္တရိယကံ အပြစ်များကိုကား မည်သည့်နည်းနှင့်မျှ ဖြေဖျောက်၍ ရနိုင်မည် မဟုတ်ပေ။

♦ ကံတို့၏ အကျိုးပေးခြင်း သဘော ♦
---------------------------------------
ကံတို့၏သဘောသည် အကုသိုလ်ကံဖြစ်စေ၊ ကုသိုလ်ကံဖြစ်စေ တစ်ခုတည်းနှင့် အကျိုးမပေးနိုင်ပေ။ တစ်ခုတည်းဟူသည် အရှိန်အဟုန် အင်အားမရှိခြင်းကို ဆိုလိုလိုပါ၏။ (ပြုလုပ်ဆဲခဏ၌ ဖြစ်သောစိတ်သည် စိတ္တက္ခဏ တစ်ချက်သာဖြစ်၍ ချုပ်ပျောက်၏။ ဆက်ကာဆက်ကာ သတိရနေသောအခါ ထိုစိတ်သည် ဆက်ကာဆက်ကာဖြစ်၍ တိုးပွါး၏။)

(က) အထပ်ထပ်အပြန်ပြန် အထုံရ၍ (သတိရ၍) အားရှိရင့်ကျက်သောအချိန်၊
(ခ) မိမိထက် အားကောင်းသော အခြားသောကံတစ်ခုခုက မဖြတ်၊ မသတ်၊ မနှိပ်ကွက်နိုင်သောအချိန်၊
ဤ(၂)မျိုးသော အချိန်အခါတို့၌သာ အကျိုးပေးနိုင်လေသည်။

ဥပမာ။ ။လူတစ်ယောက်သည် အကုသိုလ်မှုအပြစ်ကို မပြတ်ပြလုပ်ခြင်း၊ မပြတ်သတိရခြင်း၊ မပြတ်သာယာခြင်းတို့ ရှိနေလျှင်သော်လည်းကောင်း၊ အခြားသော ကုသိုလ်ကံ တစ်ခုခုမျှ မရှိလျှင် သော်လည်းကောင်း၊ ထိုအခြအနေမျိုးတွင် ကိုယ်လုပ်ခဲ့သော အကုသိုလ်ကံက အကျိုးပေးတော့၏။ အကယ်၍ လူတစ်ယောက်သည် အကုသိုလ်မှုအပြစ်ကို ပြုလုပ်ပြီး မပြတ်အထုံပြုခြင်း၊ သတိရခြင်း မရှိလျှင်သော်လည်းကောင်း၊ ကုသိုလ်ကံက ထိုမိမိပြုလုပ်ခဲ့သော အကုသိုလ်ကံကို ပယ်သတ်လိုက်လျှင်သော်လည်းကောင်း၊ အကျိုးပေးရမည့်အချိန် လွန်သွားလျှင် သော်လည်းကောင်း၊ ထိုမိမိ၏ အကုသိုလ်ကံသည် အဟောသိကံ (အချည်းနှီး) ဖြစ်သွားလေတော့သည်။ အကျိုးမပေးနိုင်သည့်ကံ ဖြစ်သွားသည်ဟု ဆိုလိုပါသည်။

ထို့ကြောင့် ကံတို့၏ အကျိုးပေးခြင်းသဘောကို “ရေများရေနိုင်၊ မီးများမီးနိုင်” ကဲ့သို့ မှတ်ယူရပါမည်။ မိမိဘ၀၀ယ် ကုသိုလ်ကံက များနေလျှင် ထိုများသောကုသိုလ်ကံက အရင်အကျိုးပေး၏။ အကုသိုလ်ကံက များနေလျှင် ထိုများသော အကုသိုလ်ကံက အရင်အကျိုးပေး၏။ ထို့ကြောင့် မိမိတို့ဘ၀တွင် မည်သည့်ကံက များနေသနည်း ပြန်လည် စဉ်းစားသင့်၏။ လူအများစု ထင်နေကြသည်ကား “မကောင်းသော အတွေးအကြံ၊ အပြော၊ အလုပ်တို့ကို မကြံ၊ မပြော၊ မလုပ်လျှင် မိမိဘ၀မှာ အကုသိုလ် မဖြစ်” ဟူ၍ ယေဘုယျ ထင်နေကြ၏။ သို့သော် ဤသည်လည်း တထစ်ကျ မှန်သည်ဟု မဆိုနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓအလို ပိဋကတ်တော်အရ မွေးချိန်၊ သေချိန်၊ အိပ်ချိန်၌ ဖြစ်သောစိတ်ကို ၀ိပါက်စိတ် (၀ိပါက စိတ်)ဟုခေါ်၏။ ထိုဝိပါတ်စိတ်မှ လွဲ၍ ကျန်အချိန်များတွင် ကုသိုလ်၊ သို့မဟုတ် အကုသိုလ် တစ်ခုခုဖြစ်မြဲပင်တည်း။

အထက်မှာဆိုခဲ့သလို စိတ်ဆိုးခြင်း၊ ရန်ဖြစ်ခြင်းစသည်ဖြစ်လျှင် ဒေါသဖြစ်၏။ သူတစ်ပါးပစ္စည်းကို မတရားလိုချင်ခြင်း စသည်ဖြစ်လျှင် လောဘတည်း။ မိမိတို့မှာ ထိုသို့သော လောဘ၊ ဒေါသတို့ မရှိကြ။ စိတ်ဆိုး စိတ်ယုတ်မာတို့ မရှိကြ။ ထို့ကြောင့် မကောင်းမှု အကုသိုလ်ကံတို့ မဖြစ်ဟူ၍ ထင်ကြ၏။ လောဘ၊ ဒေါသတို့သည်သာ အကုသိုလ်ကံများ မဟုတ်ကြ။ 
 
မသိခြင်း=မောဟ သည်လည်း အကုသိုလ်ကံပင်တည်း။ သို့ဖြစ်၍ မိမိမှာ လောဘ၊ ဒေါသ တရားတို့လို သိသာထင်ရှားစွာ မဖြစ်ဘဲ၊ ကျန်သော အချိန်၊ ဘယ်အရာဟု အတိအကျ မရှိသော ဝေလေလေ အချိန်များတွင်လည်း မောဟ အကုသိုလ်ကံ ဖြစ်နေသည်ဟု မှတ်ရပေမည်။ အတိအကျ ဆိုရသော် မိမိမှာ ကုသိုလ်ဖြစ်နေသလား၊ မဖြစ်သလားကိုသာ အဓိက ကြည့်ရပေမည်။ တစ်နေ့လုံးတွင် မိမိမှာ ကုသိုလ်မဖြစ်ဘူးဆိုလျှင် သေချာပေါက် အဲဒီအချိန်တွင် အကုသိုလ် ဖြစ်နေသည်ဟု တထစ်ကျ နားလည် သဘောပေါက်ရမည်။ ဤသို့ဆိုလျှင် လောကလူတို့တွင် ကုသိုလ်၊ အကုသိုလ် (၂)မျိုးတွင် အကုသိုလ်ဖြစ်သူများနေကြောင်း တွေ့မြင် သဘောပေါက် ကြပါလိမ့်မည်။

♦ ဓမ္မယတြာ ♦
-------------------------
အကယ်၍ မိမိမှာ မလိုလားအပ်သော ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုး၊ ရောဂါဆိုး တစ်မျိုးမျိုးကျရောက်လာလျှင် ကံနိမ့်နေပေပြီဟုကား လူတိုင်း သိကြပါ၏။ သို့သော် ထိုသို့သော အခြေအနေကို မည်သို့သောနည်းဖြင့် ကျော်လွှား လွန်မြောက်ရန် ပြုလုပ်ရမည်ကို နားမလည်ကြပေ။ ထို့ကြောင့် အားကိုးရှာမှားကာ ဗေဒင်ယတြာကို အားကိုးကြရခြင်း ဖြစ်ပါ၏။ ထိုယတြာသည် ဓမ္မနည်းကျကျဆိုလျှင် တော်ပါသေး၏။ ဓမ္မနည်းလမ်းမကျ၍ အပြစ်ရှိသော ယတြာချေနည်း ဖြစ်လျှင် ခက်ရချည်ရဲ့။

ဆိုလိုသည်မှာ မူလကမှ ကုသိုလ်ကံကနည်း၊ အကုသိုလ်ကံက များနေ၍ ကံနိမ့်ပြီး၊ မကောင်းသောအကျိုးပေးများ ကျရောက်နေရချိန်၊ ယတြာအချေမတတ်၍ အပြစ်ရှိသော ယတြာကိုသာ ထပ်မံပြုလုပ်မိပါက “ဗူးလေးရာ ဖရုံဆင့်” သလို ဖြစ်နေ၍ “ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ” ကိန်းဆိုက်ရောက်ပေတော့မည်။ မကောင်းသောကံကြမ္မာဆိုးများကို လက်ယက်ခေါ်သလို ဖြစ်နေပေတော့မည်သာတည်း။

ဗုဒ္ဓနည်းကျ ဓမ္မယတြာ ဟူသည် အခြားမဟုတ်ပေ။ ကံနိမ့်လျှင် ကံမြင့်အောင် ကံဆင့်ပေးရမည် ဖြစ်ပါ၏။ ကံဆင့်ခြင်းဟူသည် နိမ့်နေသော၊ နည်းနေသော ကုသိုလ်ကံတို့ မြင့်မားလာအောင်၊ တိုးပွါးလာအောင်၊ များပြားလာအောင် ထပ်မံပြုလုပ်ပေးခြင်းပင် ဖြစ်၏။ ဒါနမှု၊ သီလမှု၊ ဘာဝနာမှုကို ကြီးကြီးကျယ်ကျယ် ပြုလုပ်နိုင်လျှင် အကောင်းဆုံးတည်း။ အကြောင်းမညီညွတ်၍ ကြီးကြီးကျယ်ကျယ် မပြုလုပ်နိုင်လျှင်လည်း ကိစ္စမရှိ။ ဥပမာ.. အဓိဋ္ဌာန်ဖြင့် ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်း၊ ပရိတ်တရားတော် ရွတ်ဖတ်ခြင်း၊ ဘုရားရှိခိုးခြင်း စသည်တို့ကို မိမိတတ်နိုင်သမျှ ပြုလုပ်နိုင်၏။ 
 
ထိုသို့သော အခြေအနေဆိုး တစ်မျိုးမျိုးနှင့် ကြုံတွေ့လာရပြီဆိုလျှင်၊ ကံနိမ့်သော အနေအထားမျိုး တွေ့မြင်လာရပြီဆိုလျှင် မိမိမှာ ကုသိုလ်ကံတို့ နည်းနေပြီ။ ရှိနှင့်ပြီးသော ကုသိုလ်တို့ဖြင့် လုံလောက်မှု မရှိတော့။ အခါတိုင်းထက်ပိုပြီး ကုသိုလ်ကောင်းမှုကို ပြုလုပ်ပေးဖို့လိုနေပြီ ဆိုသည်ကို သဘောပေါက်နားလည်ရပေမည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ကုသိုလ်ကံအရှိန်အ၀ါ ကြီးမားလာလျှင် အကုသိုလ်ကံတို့သည် ရှောင်ခွါအဝေး ပြေးရမြဲ ဓမ္မတာပင်တည်း။

♦ အဘိဓမ္မာအမြင် ♦
------------------------
အဘိဓမ္မာအမြင်ဖြင့် သုံးသပ်ရသော် ကုသိုလ်ကံနှင့် အကုသိုလ်ကံတို့၏ အကျိုးပေးသည် အင်းအားကြီးသောကံက အရင်အကျိုးပေးမြဲဓမ္မတာတည်း။ ကောင်းပြီ၊ ‘ကံ(၂)မျိုးလုံးသည် သူမသာ ကိုယ်မသာ အင်းအားညီမျှနေလျှင်ကော’ ဟု မေးစရာရှိ၏။ ထိုသို့သော အခြေအနေမျိုးဆိုလျှင် ကုသိုလ်ကံက သာမြဲ၊ အင်းအားကြီးမြဲ၊ အရင်အကျိုးပေးမြဲတည်း။

အဘယ့်ကြောင့်ဤသို့ဆိုရသနည်းဟူမူ..ကုသိုလ်ကံ၏သဘောတရားကို အဘိဓမ္မာ(၇)ကျမ်း၌ ပါဝင်သော ဓမ္မသင်္ဂဏီ ပါဠိတော်တွင် ဘုရားရှင်က “ကုသလံ အန၀ဇ္ဇသုခ၀ိပါက လက္ခဏာ၊ အကုသလ ၀ိဒ္ဓံသန ရသာ။” စသည်ဖြင့် ဟောထားပါသည်။ ကုသိုလ်ကံ(ကုသိုလ်) ဟူသည် အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကို ပေးတတ်ခြင်း လက္ခဏာရှိ၏။ အကုသိုလ်၏ အကျိုးပေးဖြစ်သော မကောင်းသော ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုး၊ ရောဂါဆိုးများ ကျရောက်ခြင်းတို့ကို တားဆီးခြင်း၊ ပယ်မြစ်ခြင်း၊ ဖျောက်ဖျက်နိုင်ခြင်း အစွမ်းသတ္တိရှိ၏ ဟူ၍ အဓိပ္ပါယ်ရပါသည်။

ဆိုလိုသည်မှာ ကုသိုလ်သည် ကောင်းသောအလုပ်ဖြစ်၏။ ထိုသို့ ကောင်းသောအလုပ်ဖြစ်၍ အပြစ်မရှိ။ မည်သူ့ကိုမျှ မထိခိုက်ပေ။ ကောင်းသောအလုပ်ဖြစ်၍ ကောင်းသောအကျိုးဖြစ်သည့် ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ အန္တရာယ်ကင်း ဘေးကင်းခြင်း၊ လိုအင်ဆန္ဒ ပြည့်ဝခြင်း စသောအကျိုးတို့ကို ရရှိစေနိုင်ပါ၏။ မိမိမှာ ကုသိုလ်ကံအားကြီးနေလျှင် အကုသိုလ်ကံများ ရှိနေဦးတော့ အကျိုးပေးနိုင်စွမ်း မရှိတော့ပေ။ ကုသိုလ်ကံ၏ တားဆီး ပယ်သတ်မှုကြောင့် သေးငယ်သော အကုသိုလ်ကံများဖြစ်လျှင် လုံးဝကွယ်ပျောက်၍ အကျိုးမပေးနိုင်တော့သော “အဟောသိကံ” ဖြစ်သွားလေ၏။ ကြီးမားသောအကုသိုလ်ကံများဖြစ်လျှင် ချက်ချင်း အကျိုးမပေးနိုင်အောင်၊ ကြီးသည့်အမှု သေးအောင်၊ သေးသည့်အမှု ပပျောက်အောင် ကုသိုလ်ကံက ပြုလုပ်နိုင်စွမ်း ရှိကြောင်း ယုံကြည်ကြပါကုန်။

သို့သော်လည်း ပဉ္စာန န္တရိယကံ (၁။အမိသတ်ခြင်း။ ၂။အဖသတ်ခြင်း။ ၃။ရဟန္တာသတ်ခြင်း။ ၄။ဘုရားရှင်ကို သွေးထွက်သံယိုဖြစ်အောင် ပြုလုပ်ခြင်း။ ၅။သံဃာဂိုဏ်းကွဲအောင် ပြုလုပ်ခြင်။) ဟူသော ကြီးလေးသောကံများကို ကျူးလွန်မိသောသူသည်ကား ထိုအကုသိုလ်ကံတို့ကို ကုသိုလ်ကံတို့ဖြင့် ပယ်သတ်ခြင်း၊ တားမြစ်ခြင်းငှါ မတတ်စွမ်းနိုင်တော့ကြောင်းလည်း နားလည်ကြရပေမည်။

♦ သမ္မပ္ပဓါန် ဖြစ်အောင်လုပ်နည်း ♦
-----------------------------------
ပိဋကတ်(၃)ပုံကို အနှစ်ချုပ်လျှင် ဗောဓိပက္ခိယတရား (၃၇)ပါးသာရှိကြောင်း ဗုဒ္ဓစာပေ လေ့လာသူတိုင်း နားလည်သဘောပေါက်ပြီး ဖြစ်ပါလိမ့်မည်။ ဗောဓိပက္ခိယတရားဟူသည် ဗောဓိဉာဏ်၏ အသင်းဝင်တရား၊ ဗောဓိဟူသော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို ရရှိစေနိုင်သော တရား(၃၇)ပါးဟု အဓိပ္ပါယ်ရ၏။ ထိုတွင် ပထမကား သတိပဋ္ဌာန်တရား(၄)ပါး၊ နှစ်ခုမြောက်ကား ယခုဆိုလတံ့သော သမ္မပ္ပဓါန်တရား (၄)ပါးပင်တည်း။ သမ္မပ္ပဓါန=သမ္မပ္ပဓါန်ဟူသည် ကြိုးစားအားထုတ်ကြောင်းတရား ဟုဆိုလိုပါ၏။ အရကောက်ယူသော် လုံ့လ ကြိုးကုတ် အားထုတ်မှု ၀ီရိယပင်တည်း။
ထို(၄)ပါးကား…

၁။ မပြုလုပ်ရသေးသော မကောင်းမှု အကုသိုလ်တရားတို့ကို မပြုလုပ်မိစေရန် ကြိုးစား ရှောင်ကြဉ်ရမည်။
၂။ မပြုလုပ်ရသေးသော ကောင်းမှု ကုသိုလ်တရားတို့ကို ကြိုးစားပြုလုပ်ရမည်။
၃။ ပြုလုပ်ပြီးသော မကောင်းမှု အကုသိုလ်တရားတို့ကို မေ့ဖျောက်ပစ်ရမည်။
၎။ ပြုလုပ်ပြီးသော ကောင်းမှု ကုသိုလ်တရားတို့ကို တိုးပွါးအောင် ကြိုးစား၍ မပြတ်သတိရ အောက်မေ့နေရမည်။ ဤကား သမ္မပ္ပဓါန်တရား (၄)ပါး၏ သရုပ်ပင် ဖြစ်ပါသည်။ (သမ္မပ္ပဓါန၀ိဘင်း၊ အဘိ၊၂။ ပါ၊ ၂၁၆။)

ဤနေရာ၌ ဗုဒ္ဓဆိုလိုသော အဓိပ္ပါယကို အလွယ်မှတ်ရန်မှာ ကုသိုလ်နှင့်ပါတ်သက်၍ (၂)ချက်၊ အကုသိုလ်နှင့် ပါတ်သက်၍ (၂)ချက် မှတ်ရပါမည်။ အကုသိုလ်(၂)ချက်တွင်လည်း အတိတ်က ပြုခဲ့ပြီးသော အကုသိုလ်နှင့် မပြုလုပ်ရသေားသော အနာဂတ် အကုသိုလ်ဟူ၍ ခွဲခြားမှတ်သားပါလေ။ ထို့အတူ ကုသိုလ်သည်လည်း အတိတ်က ပြုခဲ့ပြီးသော ကုသိုလ်နှင့် မပြုလုပ်ရသေားသော အနာဂတ် ကုသိုလ်ဟူ၍ ရှိကြသည်သာတည်း။ ထိုတွင် အနာဂတ်တွင် မပြုလုပ်ရသေးသည့် အကုသိုလ်နှင့် ကုသိုလ်များသည် မကြုံတွေ့ရသေး။ မပြုလုပ်ရသေး၍ ကြုံလာလျှင် အကုသိုလ်ဖြစ်လျှင် ရှောင်ကြဉ်နိုင်အောင် ကြိုးစားရမည်။ ကုသိုလ်ဖြစ်လျှင် ပြုလုပ်ဖြစ်အောင် ကြိုးစားရမည်။ ထို့ကြောင့် အနာဂတ် အကြောင်းအရာနှင့် ပါတ်သက်၍ အထူးရှင်းပြဖွယ် လိုမည်မထင်ပေ။

အတိတ်အကြောင်းဖြစ်သည့် ပြုလုပ်ခဲ့ပြီးသော အကုသိုလ်ဖြစ်လျှင် ကြိုးစား မေ့ဖျောက်ပစ်ရမည်။ ကုသိုလ်ဖြစ်လျှင် အမြဲသတိရနေအောင် ကြိုးစားရမည်။ အဘယ့်ကြောင့် ဤသို့ဆိုသနည်းဟူမူ ကုသိုလ်ဖြစ်စေ၊ အကုသိုလ်ဖြစ်စေ အမြဲသတိရနေလျှင် ထိုကုသိုလ်ကံ၊ အကုသိုလ်ကံတို့သည် တိုပွါးလာမြဲ ဓမ္မတာပင်တည်း။ သတိမရလျှင် မတိုးပွါးတော့ပေ။ ထို့ကြောင့် ‘အကုသိုလ်ဖြစ်လျှင် မေ့ပစ်၊ ကုသိုလ်ဖြစ်လျှင် အမြဲသတိရနေ’ ဟုဆိုခြင်း ဖြစ်ပါသည်။
မိမိပြုလုပ်ခဲ့ပြီးသော ကံပျက်ပျယ်စေရန်၊ သို့မဟုတ် လျော့ပါးစေရန်အတွက် သမ္မပ္ပဓါန်ဖြစ်အောင် ပြုလုပ်ရမည်မှာ……

၁။ လုပ်မိသည့်၊ သတ်မိသည့်ကိစ္စ၊ အကုသိုလ် အပြစ်များကို မေ့ပျောက်ပစ်ရန် ကြိုးစားရမည်။ မေ့ပစ်ရမည်။ စိတ်ထဲမှာ လုံးဝသတိမရလျှင် အကုသိုလ်ထပ်မပွါးပေ။ သတိရလျှင် သတိရတိုင်း ကိုယ်လုပ်ခဲ့သော အပြစ်များ၊ အကုသိုလ်များ ပို၍ပို၍ တိုးပွါးလာလေသည်။ သတိမရလျှင် တစ်ခါထဲပြတ်လေ၏။

၂။ ကုသိုလ်ကောင်းမှုကို မျာများပြုလုပ်ပေးရမည်။ ထိုမိမိပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုကို ထပ်ခါထပ်ခါ သတိရနေရမည်။ အထုံများလျှင် ကုသိုလ်များ တိုးပွါးလာ၍ “ရေများ ရေနိုင်၊ မီးများမီးနိုင်” ဆိုသကဲ့သို့ အကုသိုလ်များ ခေါင်းမထောင်နိုင်ပါချေ။
ဤနေရာ၌ ပိုမို ရှင်းလင်းစွာ နားလည်စေရန် သက်သေ သာဓကများနှင့်တကွ ရှင်းလင်းပြပါမည်။

♦ သာဓက(၁) ♦
-----------------------
အနှစ်(၆၀)ကြာတရားအားထုတ်ခဲ့သော တောနေရဟန်း။ ။
တစ်ချိန်က တောထွက်ကာ တရားအားထုတ်နေသော ရဟန်းကြီး တစ်ပါးရှိခဲ့ပါ၏။ သူသည် တောထွက်ကာ တရားအားထုတ်လာသည်မှာ နှစ်ပေါင်း(၆၀)ပင် ကြာလာခဲ့ပေပြီ။ သို့သော် ပါရမီမရင့်ကျတ်သေး၍ တရားထူးကား မရရှိခဲ့ပေ။ တစ်နေ့သောအခါ အစားအစာအတွက် သစ်သီးသစ်ဥ ရှာဖွေထွက်ရာမှ အပြန်တွင် မိုးကြီးစွာ ရွာချခဲ့၏။ တောင်ကျချောင်းရေ ထိုးဆင်းလာသောအခါ ရဟန်းကြီးလည်း ထိုတောင်ကျရေနှင့် မျှောပါသွား၍ ကြောက်လန့်တကြား ဆွဲမိဆွဲရာ ဆွဲကိုင်လိုက်ရာ သစ်ကိုင်းတစ်ခုကို ဆွဲမိပြီး၊ အသက်ဘေးမကာှး လွတ်မြောက်ခဲ့ပါ၏။ သို့သော် သူဆွဲကိုင်မိသော သစ်ကိုင်းမှာ ကျိုးပဲ့သွားခဲ့သောကြာင့် ရဟန်းကြီးမှာ အာပတ် အပြစ်သင့်ခဲ့လေသည်။

သူ၏ဘ၀၀ယ် တစ်စုံတစ်ခုသော အပြစ်မျှ မကျူးလွန်ခဲ့ဘူးသောကြောင့် ထိုသေးငယ်သော အပြစ်လေးသည် သူ့အတွက်မူ ကြီးလေးသော အပြစ်ကြီးအဖြစ် သူ၏စိတ်ဝယ် ထင်နေ၏။ ထို့ကြောင့် နေ့စဉ်နေ့တိုင်းပင် ထိုအပြစ်ကို တွေးမြင်ကာ စိတ်မချမ်းမသာ ဖြစ်နေ၏။ ထိုအပြစ်လေးသည် ၀ိနည်းအပြစ်ဖြစ်သော်လည်း ကြီးမားသောအပြစ်ကား မဟုတ်ပေ။ အခြားသော ရဟန်းတစ်ပါးပါး ရှိပါလျှင် ဒေသနာကြားခြင်းဟူသော အာပတ်ဖြေခြင်းကို ပြုလုပ်ကာ ပြေပျောက်နိုင်သော အပြစ်ဖြစ်ပါ၏။ သို့သော် သူ၏အနားဝယ် ဒေသနာကြားရန်အတွက် ရဟန်းတစ်ပါးတလေမျှ မရှိခြင်းပင်တည်း။ ဤသို့အားဖြင့် ထိုရဟန်းကြီးသည် ထိုအာပတ်ဖြင့် စုတေသေလွန်သောအခါ တိရစ္ဆာန်မြွေဘ၀၀ယ် (၇)ရက်တာမျှ ဖြစ်ခဲ့ရလေ၏။

ဤဇာတ်တော်ကို ပြန်လည်သုံးသပ်ရလျှင် ထိုရဟန်းကြီးသည် သူကျူးလွန်ခဲ့သော အပြစ်သက်သက်ကြောင့် တိရစ္ဆာန်ဘ၀ ရောက်ခဲ့ရခြင်းကား မဟုတ်ပါပေ။ ထိုသေးငယ်သော အပြစ်လေးကို မကုစား မပယ်ဖျောက်နိုင်ခြင်း၊ ထိုအပြစ်လေးကို အမြဲသတိရကာ နှလုံးမသာမယာ (၀ိပ္ပဋိသာရ၊ ကုက္ကုစ္စ) ဖြစ်နေခြင်းတို့ကြောင့် ထိုသေးငယ်သော အပြစ်လေးသည် ကြီးမားအစွမ်းထက်လာကာ အကျိုးပေးနိုင်သောကံအဖြစ်သို့ ရောက်ရှိုလာခြင်း ဖြစ်ပါသည်။

♦ သာဓက(၂) ဘာသာခြား ကိုးကွယ်သော ဗေဒင်တတ် ပုဏ္ဏားကြီး ♦
---------------------------------------------------------------------
ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က ဗေဒင်အရာတွင် တစ်ဖက်ကမ်းခတ် တတ်ကျွမ်းသော ပုဏ္ဏားးလင်မယား(၂)ယောက်ရှိ၏။ အသက်အရွယ်ရလာသော တစ်နေ့တွင် ပုဏ္ဏားကြီးသည် သူ၏ကံဇာတာကို သူကိုယ်တိုင် ပြန်လည် စစ်ဆေးကြည့်ခဲ့၏။ သူမကြာခင် အချိန်ကာလတွင် သေရမည်ကို တွေ့ရှိသိမြင်ခဲ့လေ၏။ ပုဏ္ဏေးးမကို ပြော၍ သူ၏ဇာတာ ကံကြမ္မာကို ကူညီစစ်ဆေး ကြည့်ခိုင်းသောအခါတွင်လည်း အဖြေကား အတူတူသာတည်း။ 
 
သူတို့တတ်သော ဗေဒင်ပညာဖြင့် ပုဏ္ဏားးကြီး မကြာခင် သေမည်ကိုကား သိ၏။ သို့သော် သေပြီးနောက် ဘာဆက်ဖြစ်မည်ကို မသိပေ။ ထိုမသိသောအရာကို သိချင်သောကြောင့် မြတ်စွာဘုရားထံသို့ ရောက်လာကာ လျှောက်ထားမေးမြန်းလေ၏။
ဘုရားရှင်ကလည်း “ပုဏ္ဏားကြီးသည် မကြာခင် သေလိမ့်မည်၏ သေပြီးနောက် မျောက်ဖြစ်လိမ့်မည်”ဟု ဟောတော်မူလိုက်၏။ ပုဏ္ဏားလင်မယားသည် အိမ်သို့ပြန်လာကာ တိုင်ပင်ကြ၏။ 
 
ပုဏ္ဏားကြီး သေပြီးနောက် မျောက်ဘ၀ရောက်သောအခါ နေစရာ၊ စားစရာစသည်တို့ အဆင်ပြေစေရန် တောအုပ်တစ်ခုတွင် ဥယျာဉ်ကြီး ပြုလုပ်ခဲ့လေသည်။ ထိုဥယျာဉ်တွင် နေစရာဇရပ်၊ စားစရာ ငှက်ပျောစသော စားပင်များ၊ သောက်စရာ ရေတွင်း ရေကန်များပါ ပြုလပ်ခဲ့လေသည်။ ထိုသို့ဖြင့် ပုဏ္ဏားကြီး သေမည်ဆိုသောအချိန်သို့ ရောက်လာ၏။ သို့သော် ပုဏ္ဏားကြီးကား မသေခဲ့ပေ။

ထို့သို့ဖြစ်လာသောအခါ မိမိတို့ဗေဒင် မှားယွင်းကြောင်းကိုတော့ သတိမရနိုင်။ ‘မြတ်စွာဘုရားဟောတာ မှားတယ်။ တို့မြတ်စွာဘုရားကို မုသာဝါဒ(လိမ်ပြောမှု)နှင့် စွပ်စွဲကြစို့’ဟု တိုင်ပင်ပြီး ကျောင်းတော်သို့ သွားကာ စွပ်စွဲတော့၏။ မြတ်စွာဘုရားရှင်က “ပုဏ္ဏားကြီး၊ အမှန်စင်စစ် အဲဒီအချိန်တွင် သင်သေရမည်ပင်။ သို့သော် သင်မသေခဲ့ခြင်း အကြောင်းကား သင်သည် တစ်ခုခုသော ကုသိုလ်ကံ (ကောင်းသော အလုပ်)ကို ပြုလုပ်ခဲ့ပါလိမ့်မည်။ သင် ဘာလုပ်ခဲ့ပါသနည်း” ဟု မေးမြန်းခဲ့၏။ ထိုအခါ ပုဏ္ဏားကြီး ပြန်ဖြေသည်ကား “မည်သည့် ကုသိုလ်ကောင်းမှုကိုမျှ မလုပ်ခဲ့ပါ။ သို့သော် သူလုပ်ခဲ့တာ တစ်ခုကား မျောက်ဘ၀ရောက်လျှင် စားဖို့ နေဖို့အတွက် ဥယျာဉ်တည်ခြင်း၊ ဇရပ်ဆောက်ခြင်း၊ ရေတွင်းရေကန်တူးခြင်း စသည်တို့ကိုကား ပြုလုပ်ခဲ့ပါ၏” ဟု ပြန်လည် လျှောက်ထားခဲ့လေသည်။

ထိုအခါ မြတ်စွာဘုရားက ပြန်လည်ရှင်းပြခဲ့လေသည် “ပုဏ္ဏားကြီး၊ သင်ကတော့ မျောက်ဘ၀ရောက်လျှင် စားသောက်နေထိုင်ရန်အတွက် ပြုလုပ်ခြင်းဖြစ်သော်လည်း ထိုအလုပ်သည် ကောင်းသောအလုပ်( ကုသိုလ်ကံ) ဖြစ်၏။ ထိုသင်ပြုလုပ်ခဲ့သော ဥယျာဉ်တွင် ခရီးသွားများအတွက် တည်းခိုစရာ၊ နားနေစရာ၊ စားသောက် အပန်းဖြေစရာ ဖြစ်ခဲ့၏။ ထိုကုသိုလ်ကံ၏ အကျိုးကြောင့် သင်ပုဏ္ဏားကြီးသည် မသေဘဲ အသက်ရှည်ရခြင်းဖြစ်ကြောင်း” ရှင်းပြခဲ့လေသည်။

ဤသာဓကတွင် ပုဏ္ဏားကြီးပြုလုပ်ခဲ့သောကံသည် ကုသိုလ်ကံ အမည်ရရုံသာတည်း။ အဘယ့်ကြောင့်ဆိုသော် ယုံကြည်မှု (သဒ္ဓါတရား)၊ ကမ္မဿကတာဉာဏ် (ကံ ကံ၏အကျိုးကို သိနားလည်ခြင်း) မပါဘဲ ပြုလုပ်ခဲ့သောကြာင့်ပင် ဖြစ်ပါသည်။ ထိုကဲ့သို့ ကုသိုလ်မည်ကာမျှသာ ဖြစ်သော ကုသိုလ်ကောင်းမှုသည်ပင် အသက်မသေအောင် အကျိုးပေးနိုင်သည်ဆိုလျှင် ယုံကြည်မှု (သဒ္ဓါတရား)၊ ကမ္မဿကတာဉာဏ် (ကံ ကံ၏အကျိုးကို သိနားလည်ခြင်း) တို့နှင့် အတူတကွ ပြုလုပ်သော ဗုဒ္ဓဘာသာဝင်တို့၏ ကုသိုလ်ကောင်မှုသည် မည်မျှအထိ အကျိုးပိုများမည်ကို တွေးကြည့်ရုံနှင့် နားလည်သဘောပေါက်နိုင်ပါသည်။

♦ သာဓက(၃) အင်္ဂုလိမာလ၏ အကုသိုလ်ကံတို့ အဟောသိကံ ဖြစ်ပုံ♦
----------------------------------------------------------------------------
လူပေါင်းများစွာကို သတ်၊ လက်ညိုးများကို ဖြတ်ယူပြီး၊ ပန်းကုံးပြုလုပ်လျက် စုဆောင်း၍ လက်ညိုးပေါင်း တစ်ထောင်ပြည့်လျှင် ဆရာကို ကန်တော့မည့် လူဆိုးလူမိုက်ကြီး အင်္ဂုလိမာလ အကြောင်းကို လူတိုင်းကြားဖူးကြမည် ထင်ပါသည်။ သို့ဖြစ်၍ ဤဇာတ်တော်ကို အကျယ်မပြတော့ပြီ။
ဤဇာတ်တော်ကိုကြည့်လျှင် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သော အင်္ဂုလိမာလသည် အဆုံးတွင် ဘုရားနှင့်တွေ့ပြီး၊ တရားထူးရကာ ရဟန္တာဖြစ်ခဲ့လေသည်။

သူပြုလုပ်ခဲ့သော (လူသတ်မှု) အကုသိုလ်အပြစ်တို့သည် ဘယ်သို့ရောက်သွားသနည်း။ အဘယ်ကြောင့် အကျိုးမပေးတော့ဘဲ၊ အဘယ်သို့သောနည်းဖြင့် အဟာသိကံ (အကျိုးပေးနိုင်စွမ်း မရှိတော့ဘဲ အချည်းနှီးဖြစ်သွားသောကံ) ဖြစ်သွားရသနည်း။ စဉ်းစားသင့်သောအချက် ဖြစ်ပါ၏။

အကြောင်းကား အင်္ဂုလိမာလသည် ပါရမီပြည့်ပြီးသော ပစ္ဆိမဘ၀ိကပုဂ္ဂိလ် (ဤဘ၀သည် သူ၏ နောက်ဆုံးဘ၀ဖြစ်ကာ ရဟန္တာဖြစ်မည့်ပုဂ္ဂိုလ်) ဖြစ်၏။ ထို့ကြောင့် သူသည် ဘုရားရှင်၏ တရားတော်ကို နာယူပြီးသည်နှင့် တပြိုင်နက် ရဟန္တာဖြစ်ခဲ့လေသည်။ သူရရှိခဲ့သော တရားထူး အရဟတ္တမဂ်က သူပြုလုပ်ခဲ့သော (လူသတ်မှု) အကုသိုလ်အပြစ်တို့ကို အကြွင်းမဲ့ ပယ်သတ်လိုက်သောကြောင့် ထိုအကုသိုလ်ကံတို့သည် အဟာသိကံ ဖြစ်သွားခဲ့ခြင်း ဖြစ်ပါသည်။
စာပေစကားဖြင့်ပြောရလျှင် သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်လိုက်ခြင်းကြောင့်ပင်တည်း။

♦ ပယ်သတ်နည်း(၃)မျိုး ♦
----------------------------
ဤနေရာတွင် ကုသိုလ်ကံတို့၏ ပယ်သတ်နည်း(၃)မျိုးကို နားလည်ရန် လိုမည်ထင်ပါ၏။
၎င်းတို့မှာ..
၁။ တဒင်္ဂပဟာန်ဖြင့် ပယ်သတ်ခြင်း။
၂။ ၀ိက္ခ မ္ဘနပဟာန်ဖြင့် ပယ်သတ်ခြင်း။
၃။ သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်ခြင်းဟူ၍ ပယ်သတ်နည်း(၃)မျိုးရှိပါသည်

၁။ တဒင်္ဂပဟာန်ဖြင့် ပယ်သတ်ခြင်း။ ။
ဥပမာ။ ။တရားထိုင်နေသောသူသည် တရားထိုင်နေစဉ် သမာဓိရ၍တည်ငြိမ်နေလျှင် ထိုသမာဓိရနေသမျှကာလပတ်လုံး လောဘ၊ ဒေါသ၊ မောဟ စသောအကုသိုလ်တရားတို့ မရှိ။ မလာတော့ပေ။ ပယ်သတ်ပြီး ဖြစ်တော့၏။ ထိုနည်းတူ ဘုရားရှိခိုးခြင်း၊ တရားနာခြင်း၊ ပုတီးစိပ်ခြင်း စသည်တို့ကို ပြုလုပ်ရာတွင် မိမိစိတ်သည် ဘုရားအပေါ် ကြည်ညိုသောစိတ်၊ တရားအပေါ် ၀ပ်းမြောက်မှု ပီတိစိတ် စသော ကုသိုလ်စိတ်ဖြစ်နေသမျှ အကုသိုလ်အပြစ်များကို ကာမာဝစရကုသိုလ်ကံက တဒင်္ဂ ပယ်သတ်ပြီးဖြစ်ကြောင်း မှတ်ယူနိုင်ပါ၏။ ဤနည်းဖြင့် ပယ်သတ်ခြင်းကို တဒင်္ဂပဟာန်ဖြင့် ပယ်သတ်ခြင်းဟု ခေါ်ပါသည်။

၂။ ၀ိက္ခ မ္ဘနပဟာန်ဖြင့် ပယ်သတ်ခြင်း။
တရားအားထုတ်၍ ဈာန်တရားများရရှိသောသူသည် ထိုဈာန်တရားဖြစ်နေသမျှ
ကာလပတ်လုံး လောဘ၊ ဒေါသ၊ မောဟ စသော
အကုသိုလ်တရားတို့ မရှိ။ မလာတော့ပေ။ ပယ်သတ်ပြီး ဖြစ်တော့၏။ ဈာန်တရားဟူသော မဟဂ္ဂုတ်ကုသိုလ်ကံက ထိုအကုသိုလ်အပြစ်တို့ကို ၀ိက္ခ မ္ဘန ပဟာန်ဖြင့် ပယ်သတ်လိုက်သောကြောင့် ဖြစ်ပါသည်။ ဤနည်းဖြင့် ပယ်သတ်ခြင်းကို ၀ိက္ခ မ္ဘန ပဟာန်ဖြင့် ပယ်သတ်ခြင်းဟု ခေါ်ပါသည်။

၃။ သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်ခြင်း။
အင်္ဂုလိမာလ ကဲ့သို့ ရဟန္တာအားလုံးသည် သူတို့မှာရှိသော လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာ အကုသိုလ်တရားတို့ကို အရဟတ္တမဂ် (လောကုတ္တရာကုသိုလ်ကံ)က သမုစ္ဆေဒပဟာန်ဖြင့် အကြွင်းမဲ့ ပယ်သတ်လိုက်သောကြာင့် ဖြစ်ပါ၏။ ဤနည်းဖြင့် ပယ်သတ်ခြင်းကို သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်ခြင်းဟု ခေါ်ပါသည်။

မိမိတို့သည် ပုထုဇဉ်များဖြစ်ကြ၍ မိမိတို့လုပ်နိုင်စွမ်းသော ကာမာဝစရ ကုသိုလ်ကံကို ပြုလုပ်ကာ တဒင်္ဂပဟာန်နည်းဖြင့်သာ မကောင်းမှု အကုသိုလ်ကို ပယ်သတ်နိုင်ကြပါ၏။ ဈာန်ရသူတို့လို ၀ိက္ခ မ္ဘနပဟာန်ဖြင့် ပယ်သတ်ခြင်း၊ ရဟန္တာတို့လို သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်ခြင်းကိုကား ဤဘ၀တွင် ပြုလုပ်နိုင်စွမ်းမည် မဟုတ်ပါ။ (အချို့ပါရမီရင့်သန်သူ ဖြစ်လျှင် ပြုလုပ်နိုင်စွမ်းသည်သာ။) သို့သော် ထိုသို့ဖြစ်သည့်အတွက် ၀မ်းနည်းဖွယ် မရှိပါပေ။ မိမိတို့ ပယ်သတ်ခဲ့သော ထိုတဒင်္ဂလေးများသည် စုပေါင်းကာ များပြားလာလျှင် ကျန်းမာ ချမ်းသာ ဘေးရန်ကွာမှု၊ ချမ်းသာငြိမ်းအေးမှုတို့သည်လည်း များပြားလာမည်သာတည်း။

ပျားကောင်းလေးများ၊ ခြကောင်လေးများကို အတုယူကာ
ထိုသို့သော တဒင်္ဂလေးမှသည် ထာဝရအဆင့်သို့ရောက်အောင် မိမိ၏ပါရမီကုသိုလ်ကို အဆင့်မြှင့်၍ ရင့်သထက်ရင့်စေရန် ပါရမီဖြည့်ကျင့်ပြီး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကာ ထာဝရအေးငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့ ဧကန်မသွေ ရောက်ရှိစေနိုင်သော နည်းမှန်လမ်းမှန် ဖြစ်၍ ဘေးအန္တရာယ် ကင်းဝေးစေသည့် ဗုဒဒ္ဓအလိုကျ ဓမ္မယတြာမှန်ကို ကိုယ်စီကိုယ်ငှ ကြိုးစားပြုလုပ်နိုင်ကြပါစေဟု ဆန္ဒပြုရင်း
နိဂုံးချုပ်လိုက်ပါသည်။ ။

[စာရေးသူ - အရှင်ဥက္ကံသ သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A.(Buddhism)]

ကျမ်းကိုး ။ ။နှစ်ဖက်လှ ဦးကျော်လွင် “ကျန်းမာရေးအတွက် မြတ်ဗုဒ္ဓဟောကြားချက်များ”
တောင်တန်းသာသနာပြုဆရာတော် ဦးဥတ္တမသာရ “အာပတ်နှင့် စုတေလျှင်”
အရှင်ဇနကာဘိဝံသ “အဘိဓမ္မတ္ထသင်္ဂဟ ဘာသာဋီကာ”
အဘိဓမ္မာ၊ ဓမ္မသင်္ဂဏီ အဋ္ဌကထာ၊ ဋီကာ။ ၀ိဘင်းအဋ္ဌကထာ၊ ဋီကာ။ ၀ိသုဒ္ဓိမဂ်။

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm