Thursday, August 22, 2013


" ဗုဒ္ဓဘာသာဆိုတာ ဘယ်လိုဘာသာမျိုးလဲ"
********************************
“ဗုဒ္ဓဘာသာဆိုသည်မှာ မည်ကဲ့သို့သော ဘာသာမျိုးဖြစ်သည်” ဟူသော အချက်များကို ဗုဒ္ဓဘာသာဝင်တိုင်း သိထားရန်လို၏။ ဗုဒ္ဓဘာသာတွင် အခြားသောဘာသာတို့နှင့်မတူ ကွဲပြားထူးခြားသော ဝိသေသလက္ခဏာ ဂုဏ်အင်္ဂါကြီး (၄)ရပ်ရှိ၏။ထိုဗုဒ္ဓဘာသာ၏ ဝိသေသလက္ခဏာ ဂုဏ်အင်္ဂါကြီး (၄)ရပ်ကို သိမြင်နားလည်ထား လျှင် ဗုဒ္ဓဘာသာသည် မည်ကဲ့သို့သော ဘာသာမျိုးဖြစ်သည်ဟု ကိုယ်တိုင်သိရှိမည့်အပြင် အခြားသူများအား လည်း နားလည်အောင် ရှင်းပြနိုင်မည်ဖြစ်ပါသည်။ ထိုဝိသေသလက္ခဏာ ဂုဏ်အင်္ဂါကြီး(၄)ရပ်ကို မဖော်ပြမီ ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓသာသနာကိုဦးစွာသိထားရန်လို၏။

ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓသာသနာ
ရှေးအခါက ဗုဒ္ဓဘာသာကို “သမ္မာဒိဋ္ဌိ” (မှန်ကန်သော အယူအမြင်)၊ ဗုဒ္ဓဘာသာဝင်ကို “သမ္မဒိဋ္ဌိက” (မှန်ကန်သော အယူအမြင်ရှိသူ) ဟု သုံးစွဲခဲ့ကြသည်ကို ပါဠိ အဋ္ဌကထာစသော ကျမ်းဂန်များ၌ တွေ့ရ၏။ ယခုအခါ ကျမ်းဂန်များ၌သုံးစွဲခဲ့သော သမ္မာဒိဋ္ဌိကို ဗုဒ္ဓဘာသာဟူ၍လည်းကောင်း၊ သမ္မာဒိဋ္ဌိကကို ဗုဒ္ဓဘာသာဝင် ဟူ၍လည်းကောင်း ခေါ်ဝေါ်သုံးစွဲလျက် ရှိကြသည်။ ဤဗုဒ္ဓဘာသာဟူသော ဝေါဟာရကို အင်္ဂလိပ်- မြန်မာ အဘိဓာန်ကျမ်းပြု ဆရာကြီး ယုဒဿန်(ဂျပ်ဆင်)က ပထမဆုံးတီထွင်ခဲ့သည်ဟု အချို့ကဆိုကြ၏။ ထို့ပြင် အချို့ပညာရှင်များကမူ သာလွန်မင်းတရားကြီး အမိန့်တော်ဖြင့် တောင်ဖီလာပုဂ္ဂိုလ်ကျော် ဆရာတော်နှင့် ကိုင်းရွာစားအမတ်ကြီးမနုရာဇာတို့ မြန်မာသက္ကရာဇ် (၉၉၁)ခု (၁၆၂၉ အေဒီ) တွင် စီရင်ပြုစုခဲ့ကြသည့် မနုသာရရွှေမျဉ်း ဓမ္မသတ်ခေါ် မဟာရာဇာသတ်ကြီး စာမျက်နှာ ၁၇၅ ၌ “အရှင်ဂေါတမ သာသနာဝင် ဗုဒ္ဓဘာသာ ရဟန်းတော်တို့” ဟူ၍လည်းကောင်း၊ “ဗုဒ္ဓဘာသာ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင် လူရှင်အပေါင်းတို့” ဟူ၍လည်းကောင်း ခေါ်ဝေါ်သုံးစွဲခဲ့သည်ကိုတွေ့ရ၍ သာလွန်မင်းကြီးလက်ထက်ကပင် “ဗုဒ္ဓဘာသာ” ဟူသော အသုံးအနှုန်းရှိခဲ့ကြောင်း ဆိုကြ၏။

ထိုသို့ ယူဆပြောဆိုကြသော်လည်း မျက်မှောက်ခေတ်တွင် ထိုဝေါဟာရမှာ မြန်မာစာပေလောကတွင် အလွန်တွင်ကျယ်နေပြီဖြစ်၍ စတင်သုံးစွဲသူနှင့်ပတ်သတ်၍ ပြဿနာမရှိပါ။ ပြဿနာရှိသည်မှာ ထိုဝေါဟာရ သည် ဆိုလိုသည့်အဓိပ္ပာယ်ကို အံဝင်ခွင်ကျ အပြည့်အစုံဖော်ဆောင်နိုင်၊ မဆောင်နိုင်၊ ကျမ်းဂန်သုံး “သမ္မာဒိဋ္ဌိ” ဝေါဟာရနှင့်လိုက်လျောညီထွေ (ရှိ - မရှိ)ပင်ဖြစ်၏။ အချို့ပညာရှင်များက ပါဠိစာပေကျမ်းဂန်များ၌ “ဗုဒ္ဓဘာသာ” ဟူသော ဝေါဟာရမရှိ၊ “ဗုဒ္ဓသာသနာ” ဟူသော ဝေါဟာရသာရှိ၍ ဗုဒ္ဓဘာသာအစား “ဗုဒ္ဓသာသနာ” ကိုသုံးစွဲသင့်သည်ဟု ဆိုကြ၏။ အသုံးအလွန်တွင်ကျယ်နေပြီဖြစ်၍ ပြောင်းလဲသုံးစွဲရာ၌ မလွယ်ကူလှပေ။ ပြောင်းလဲသုံးစွဲပါက ဗုဒ္ဓဘာသာဝင်ကို ဗုဒ္ဓသာသနာဝင်ဟုပင် ပြောင်းလဲသုံးစွဲရမည်ဖြစ်ရာ ဗုဒ္ဓဘာသာဝင် လူသူတော်စင်တို့မှာ သာသနာ့ဝန်ထမ်း ရှင်ရဟန်းများနှင့် ရောနှောသွားဖွယ်ရာရှိ၏။ ထို့ကြောင့် အသုံးတွင်ကျယ်နေပြီဖြစ်သော ဗုဒ္ဓဘာသာ ဝေါဟာရသည်လည်း ကျမ်းဂန်လာ မဟုတ်စေကာမူ ဆိုလိုသည့် အဓိပ္ပာယ်ကို အံဝင်ခွင်ကျ ဖော်ဆောင်နိုင်သည့်အပြင် ရှေးက ကျမ်းဂန်သုံး သမ္မာဒိဋ္ဌိပုဒ်နှင့်လည်း အဓိပ္ပာယ်ချင်း လိုက်လျောညီထွေရှိရကား ထိုဗုဒ္ဓဘာသာဟူသော ဝေါဟာရကိုပင် ဆက်လက်သုံးစွဲသင့်သည်ဟု ယူဆမိပါသည်။

ရှင်းပြပါဦးမည်။ ဗုဒ္ဓဘာသာဟူသော ပါဠိဝေါဟာရသည် ဗုဒ္ဓနှင့် ဘာသာနှစ်ခုကို “ဗုဒ္ဓါနံဘာသာ ဗုဒ္ဓဘာသာ” ဟု ပုဒ်တွဲစပ်ထားသော ဝေါဟာရဖြစ်၏။ သဗ္ဗညုဘုရားရှင်တို့၏ စကားတော်ဟု အဓိပ္ပာယ်ရ၏။( ဗုဒ္ဓ= သဗ္ဗညု၊ ဘုရားရှင်တို့၏+ ဘာသာ= စကားတော်)၊ စကားတော်ဆိုသည်မှာ တရားတော်(ဓမ္မ)၊ အဆုံးအမတော် (သာသန) တို့နှင့် အဓိပ္ပာယ်အတူတူပင်ဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓဘာသာဟူသော ဝေါဟာရသည် ဗုဒ္ဓဓမ္မ၊ ဗုဒ္ဓသာသန ဟူသော ဝေါဟာရတို့နှင့် ပုဒ်ကွဲပြားခြားနားသော်လည်း အဓိပ္ပာယ်အတူတူပင်ဖြစ်ပါသည်။

ထို့ပြင် မြတ်ဗုဒ္ဓ၏ စကားတော်၊ အဆုံးအမတော်တို့သည် မှန်ကန်သော အယူအမြင်(သမ္မာဒိဋ္ဌိ)များပင် ဖြစ်ကြ၏။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏ စကားတော် တရားတော် အဆုံးအမတော်ဟု အဓိပ္ပာယ်ရှိသော ဗုဒ္ဓဘာသာဟူသော ပုဒ်သည် မှန်ကန်သော အယူအမြင်ဟု အဓိပ္ပာယ်ရသော ကျမ်းဂန်သုံး သမ္မာဒိဋ္ဌိပုဒ်နှင့် လည်း အဓိပ္ပာယ်ချင်း လိုက်လျောညီထွေ ရှိပါပေသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဆိုသည်မှာ “သဗ္ဗညုဘုရားရှင်တို့၏ စကားတော် တရားတော် အဆုံးအမတော်များ” ဖြစ်၍ ထိုသဗ္ဗညုဘုရားရှင်တို့၏ စကားတော် တရားတော် အဆုံးအမတော်များကို လေးစားစွာလိုက်နာကျင့်သုံး သူများကို “ဗုဒ္ဓဘာသာဝင်” ဟုခေါ်ဆိုပါသည်။ ဤသည်မှာ “ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာဝင်” တို့၏ အဓိပ္ပာယ်အကျဉ်းချုပ်ဖြစ်ပါသည်။

ဆက်လက်ပြီး အပေါ်မှာဖော်ပြထားခဲ့သည့် ဗုဒ္ဓဘာသာရဲ့ ဝိသေသလက္ခဏာ ဂုဏ်အင်္ဂါကြီး (၄)ရပ်ကို ဆက်လက်ပြီး ဖော်ပြပါ့မယ်။ ထိုဝိသေသလက္ခဏာ ဂုဏ်အင်္ဂါကြီး(၄)ရပ်မှာ

(၁)။ ဗုဒ္ဓဘာသာသည် သတ္တဝါတို့၌ အတိတ်ကံ၊ ပစ္စုပ္ပန်ကံ နှစ်တန်သော ကံရှိ၏။ ထိုကံများ၏ အကျိုးများလည်း ရှိ၏ဟု ကံကို အခြေခံထားသည့် ကမ္မဝါဒီဘာသာဖြစ်ခြင်း။

(၂)။ ကံကို အခြေခံထားသော ဘာသာဖြစ်သော်လည်း အခြားကမ္မဝါဒီများကဲ့သို့ အတ္တဝါဒကို လက်မခံ၊ အနတ္တဝါဒကိုသာ အထွတ်အထိပ်ထားသော ဘာသာဖြစ်ခြင်း။

(၃)။ ကံကို အခြေခံ၍ အနတ္တဝါဒကို အထွက်အထိပ်ထားသော ဘာသာဖြစ်၍ ထိုဝါဒများနှင့် လိုက်လျောညီထွေ ဖြစ်သည့် “ဒါန၊ သီလ၊ သမာဓိ၊ ပညာ” ဟူသော ကျင့်စဉ်ကြီးလေးဖြာ ရှိသော ဘာသာဖြစ်ခြင်း။

(၄)။ ဘဝသံသရာမှ လွတ်မြောက်ရာ နိဗ္ဗာန်ကို နောက်ဆုံးပန်းတိုင်ထားသည့် ဘာသာဖြစ်၍ ထိုကျင့်စဉ်ကြီးလေးရပ်တို့ကို ကျင့်ခြင်းဖြင့် နောက်ဆုံး ပန်းတိုင်သို့ရောက်ရမည်ဟု ယုံကြည်သော ဘာသာဖြစ်ခြင်းတို့ ဖြစ်ပါသည်။
ဤအချက်တို့သည် ဗုဒ္ဓဘာသာဆိုတာ ဘယ်လိုဘာသာမျိုးဖြစ်ကြောင်း ပြဆိုသည့် ဝိသေသလက္ခဏာ ဂုဏ်အင်္ဂါကြီးငယ်တို့ဖြစ်၏။ ထိုလေးချက်သည် အကျဉ်းမျှသာဖြစ်၏။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်စုံကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

Credit to @၀ီရဓမ္မ

"ပုဂ္ဂိုလ်စွဲ၍ ကြည်ညိုမှုကြောင့် ဖြစ်တတ်သော အပြစ်ငါးမျိုး"



"ပုဂ္ဂိုလ်စွဲ၍ ကြည်ညိုမှုကြောင့် ဖြစ်တတ်သော အပြစ်ငါးမျိုး"

ရဟန်းတို့ ပုဂ္ဂိုလ်ကို ကြည်ညိုခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ-

ရဟန်းတို့ ပုဂ္ဂိုလ်တစ်ဦး၏ အကြည်ညိုခံရသော ပုဂ္ဂိုလ်သည် သံဃာက နှင်ထုတ်သင့်သောသဘောရှိသည့် အာပတ်သို့ ရောက်မှုကြောင့် နှင်ထုတ်ခဲ့အံ့၊ ထိုကြည်ညိုသော ပုဂ္ဂိုလ်အား ဤသို့ ဖြစ်တတ်၏။

- ''ငါချစ်အပ် မြတ်နိုးအပ်သော ပုဂ္ဂိုလ်ကို သံဃာသည် နှင်ထုတ်၏''ဟု ရဟန်းတို့၌ မကြည်ညိုမှု များစွာဖြစ်၏။

- ရဟန်းတို့၌ မကြည်ညိုမှု များစွာဖြစ်သည်ရှိသော် အခြားရဟန်းတို့ကို မဆည်းကပ်၊

- အခြားရဟန်းတို့ကို မဆည်းကပ်သည်ရှိသော် သူတော်ကောင်းတရားကို မနာယူရ၊

- သူတော်ကောင်းတရားကို မနာယူရသည်ရှိသော် သူတော်ကောင်းတရားမှ ယုတ်လျော့၏။

ရဟန်းတို့ ဤသည်ကား ပုဂ္ဂိုလ်ကို ကြည်ညိုရာ၌ ပဌမ အပြစ်တည်း။
......................................................

ရဟန်းတို့ နောက်တစ်မျိုးကား ပုဂ္ဂိုလ်တစ်ဦး၏ အကြည်ညိုခံရသော ပုဂ္ဂိုလ်သည် သံဃာကအစွန်အဖျား၌ နေစေသင့်သော သဘောရှိသည့် အာပတ်သို့ ရောက်မှုကြောင့် အစွန်အဖျား၌ နေစေအံ့၊ ထိုကြည်ညိုသော ပုဂ္ဂိုလ်အား ဤသို့ ဖြစ်တတ်၏-

- ''ငါချစ်အပ် မြတ်နိုးအပ်သော ပုဂ္ဂိုလ်ကို သံဃာသည် အစွန်အဖျား၌ နေစေ၏''ဟု ရဟန်းတို့၌ မကြည်ညိုမှု များစွာ ဖြစ်၏။

- ရဟန်းတို့၌ မကြည်ညိုမှု များစွာဖြစ်သည်ရှိသော် အခြားရဟန်းတို့ကို မဆည်းကပ်။

- အခြားရဟန်းတို့ကို မဆည်းကပ်သည်ရှိသော် သူတော်ကောင်းတရားကို မနာယူရ။

- သူတော်ကောင်းတရားကို မနာယူရသည်ရှိသော် သူတော်ကောင်းတရားမှ ယုတ်လျော့၏။

ရဟန်းတို့ ဤသည်ကား ပုဂ္ဂိုလ်ကို ကြည်ညိုရာ၌ ဒုတိယ အပြစ်တည်း။
..........................................................

ရဟန်းတို့ နောက်တစ်မျိုးကား ပုဂ္ဂိုလ်တစ်ဦး၏ အကြည်ညိုခံရသော ပုဂ္ဂိုလ်သည် အရပ်တစ်ပါးသို့ဖဲသွားခဲ့မူ ထိုကြည်ညိုသော ပုဂ္ဂိုလ်အား ဤသို့ ဖြစ်တတ်၏။

''ငါချစ်အပ် မြတ်နိုးအပ်သော ပုဂ္ဂိုလ်သည် အရပ်တစ်ပါးသို့ ဖဲသွား၏" ဟု အခြားရဟန်းတို့ကို မဆည်းကပ်။

- အခြားရဟန်းတို့ကို မဆည်းကပ်သည်ရှိသော် သူတော်ကောင်းတရားကို မနာယူရ။

- သူတော်ကောင်းတရားကို မနာယူရသည်ရှိသော် သူတော်ကောင်းတရားမှ ယုတ်လျော့၏။

ရဟန်းတို့ ဤသည်ကား ပုဂ္ဂိုလ်ကို ကြည်ညိုရာ၌ တတိယ အပြစ်တည်း။
................................................................

အကြည်ညိုခံရသော ပုဂ္ဂိုလ်သည် လူထွက်ခဲ့မူ ထိုကြည်ညိုသော ပုဂ္ဂိုလ်အား ဤသို့ ဖြစ်တတ်၏။

''ငါချစ်အပ် မြတ်နိုးအပ်သော ပုဂ္ဂိုလ်သည် လူထွက်သွား၏" ဟု အခြားရဟန်းတို့ကို မဆည်းကပ်။

- အခြားရဟန်းတို့ကို မဆည်းကပ်သည်ရှိသော် သူတော်ကောင်းတရားကို မနာယူရ။

- သူတော်ကောင်းတရားကို မနာယူရသည်ရှိသော် သူတော်ကောင်းတရားမှ ယုတ်လျော့၏။

ရဟန်းတို့ ဤသည်ကား ပုဂ္ဂိုလ်ကို ကြည်ညိုရာ၌ စတုတ္ထ အပြစ်တည်း။
............................................................

အကြည်ညိုခံရသော ပုဂ္ဂိုလ်သည် ကွယ်လွန်ခဲ့မူ ထိုကြည်ညိုသော ပုဂ္ဂိုလ်အား ဤသို့ ဖြစ်တတ်၏-

''ငါချစ်အပ် မြတ်နိုးအပ်သော ပုဂ္ဂိုလ်သည် ကွယ်လွန်၏''ဟု အခြားရဟန်းတို့ကို မဆည်းကပ်။

- အခြားရဟန်းတို့ကို မဆည်းကပ်သည်ရှိသော် သူတော်ကောင်းတရားကို မနာယူရ။

- သူတော်ကောင်းတရားကို မနာယူရသည်ရှိသော် သူတော်ကောင်းတရားမှ ယုတ်လျော့၏။

ရဟန်းတို့ ဤသည်ကား ပုဂ္ဂိုလ်ကို ကြည်ညိုရာ၌ ပဉ္စမအပြစ်တည်း။

ရဟန်းတို့ ပုဂ္ဂိုလ်ကို ကြည်ညိုခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

{အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ ပဉ္စမပဏ္ဏာသက၊ ဒုစ္စရိတဝဂ်၊ ပုဂ္ဂလပ္ပသာဒသုတ်}

"မိုးလပတ်လုံး မြတ်ခေါင်ဘုန်း သီတင်းဘယ်သို့သုံးသလဲ"



အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဣစ္ဆာနင်္ဂလရွာ ဣစ္ဆာနင်္ဂလတောအုပ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို- ''ရဟန်းတို့ ငါသည် သုံးလပတ်လုံး (တစ်ပါးတည်း) ကိန်းအောင်း နေလို၏၊ ဆွမ်းပို့မည့် ရဟန်းမှ တစ်ပါး ငါ၏ ထံသို့ မည်သူမျှ မချဉ်းကပ်ရ''ဟုမိန့်တော်မူ၏၊ ထိုရဟန်းတို့သည် ''ကောင်းပါပြီ အသျှင်ဘုရား''ဟု မြတ်စွာဘုရားအား ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ဆွမ်းပို့သော ရဟန်းမှ တစ်ပါး မည်သူမျှ မချဉ်းကပ်ကုန်။

ထို့နောက် မြတ်စွာဘုရားသည် ထိုသုံးလလွန်သဖြင့် (တစ်ပါးတည်း) ကိန်းအောင်းရာမှ ထတော်မူ၍ရဟန်းတို့ကို မိန့်တော်မူ၏-

- ရဟန်းတို့၊ သာသနာ့ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့က ''ငါ့သျှင်တို့ ရဟန်းဂေါတမသည် မိုးလပတ်လုံး အဘယ်နေခြင်းမျိုးဖြင့် အနေများသနည်း''ဟု အကယ်၍ မေးကုန်ငြားအံ့။

- ရဟန်းတို့ ဤသို့ အမေးခံရကုန်သော သင်တို့သည် သာသနာ့ပြင်ပအယူ ရှိကုန်သော ပရိဗိုဇ်တို့အား''ငါ့သျှင်တို့ မြတ်စွာဘုရားသည် မိုးလပတ်လုံး အာနာပါနဿတိသမာဓိဖြင့် အနေများ၏''ဟု ဖြေကုန်ရာ၏။
.........................................................

- ရဟန်းတို့၊ ဤသာသနာတော်၌ ငါသည် သတိရှိလျက် ထွက်သက်လေကို ထုတ်၏၊ သတိရှိလျက်ဝင်သက်လေကို ရှူ၏။

- ရှည်ရှည်ထွက်သက်လေကို ထုတ်လျှင်လည်း ''ရှည်ရှည်ထွက်သက်လေကို ထုတ်၏''ဟု သိ၏၊ ရှည်ရှည်ဝင်သက်လေကို ရှူလျှင်လည်း ''ရှည်ရှည်ဝင်သက်လေကို ရှူ၏''ဟု သိ၏။

- တိုတိုထွက်သက်လေကို ထုတ်လျှင်လည်း ''တိုတိုထွက်သက်လေကို ထုတ်၏''ဟု သိ၏၊ တိုတိုဝင်သက်လေကို ရှူလျှင်လည်း ''တိုတိုဝင်သက်လေကို ရှူ၏''ဟု သိ၏။

- ''အစအလယ်အဆုံး အလုံးစုံသော ထွက်သက်လေအပေါင်းကို ထင်ရှားသိသည် ဖြစ်၍ ထွက်သက်လေကို ထုတ်အံ့''ဟု သိ၏။
။ပ။ ''စွန့်လွှတ်မှုကို အဖန်တစ်လဲလဲရှုလျက် ထွက်သက်လေကို ထုတ်အံ့''ဟု သိ၏၊ ''စွန့်လွှတ်မှုကို အဖန်တစ်လဲလဲရှုလျက် ဝင်သက်လေကို ရှူအံ့''ဟု သိ၏။
..........................................................

- ရဟန်းတို့၊ အကြင်နေခြင်းမျိုးကို ကောင်းစွာ ဆိုလိုသူသည် အရိယာတို့၏ နေခြင်းဟူ၍လည်းကောင်း၊ မြတ်သော နေခြင်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ နေခြင်းဟူ၍လည်းကောင်း ဆိုရာ၏။

- ထိုနေခြင်းမျိုးကို ကောင်းစွာ ဆိုလိုသူသည် အာနာပါနဿတိသမာဓိကို အရိယာတို့၏ နေခြင်းဟူ၍လည်းကောင်း၊ မြတ်သော နေခြင်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ နေခြင်းဟူ၍လည်းကောင်း ဆိုရာ၏။
.......................................................

- ရဟန်းတို့၊ ကျင့်ဆဲ 'သေက္ခ'ဖြစ်ကုန်သော အရဟတ္တဖိုလ်သို့ မရောက်သေးကုန်သော အတုမရှိသောယောဂ၏ ကုန်ရာ (နိဗ္ဗာန်) ကို တောင့်တ၍ နေကုန်သော ရဟန်းတို့အား အာနာပါနဿတိသမာဓိကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အာသဝကုန်ခြင်းငှါ ဖြစ်၏။

- ရဟန်းတို့၊ ပူဇော်အထူးကို ခံထိုက်ကုန်သော၊ အာသဝကုန်ပြီးကုန်သော (မဂ်အကျင့်ကို) ကျင့်သုံးပြီးကုန်သော၊ မဂ်ကိစ္စကို ပြုပြီးကုန်သော၊ ခန္ဓာဝန်ကို ချပြီးကုန်သော၊ မိမိအကျိုး (အရဟတ္တဖိုလ်) သို့ ရောက်ပြီးကုန်သော၊ ဘဝသံယောဇဉ် ကုန်ပြီးကုန်သော၊ ကောင်းစွာသိ၍ လွတ်မြောက်ပြီးကုန်သော ရဟန်းတို့အား အာနာပါနဿတိသမာဓိကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် မျက်မှောက်ဘဝ၌့ ချမ်းသာစွာ နေခြင်းငှါလည်းကောင်း၊ အောက်မေ့မှု 'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်'နှင့်ပြည့်စုံခြင်းငှါလည်းကောင်း ဖြစ်၏။
........................................................

- ရဟန်းတို့ အကြင်နေခြင်းမျိုးကို ကောင်းစွာ ဆိုလိုသူသည် အရိယာတို့၏ နေခြင်းဟူ၍လည်းကောင်း၊ မြတ်သော နေခြင်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ နေခြင်းဟူ၍လည်းကောင်း ဆိုရာ၏။

- ထိုနေခြင်းမျိုးကို ကောင်းစွာ ဆိုလိုသူသည် အာနာပါနဿတိသမာဓိကို အရိယာတို့၏ နေခြင်းဟူ၍လည်းကောင်း၊ မြတ်သော နေခြင်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ နေခြင်းဟူ၍လည်းကောင်း ဆိုရာ၏ဟု (မိန့်တော်မူ၏)။

{သံယုတ္တနိကာယ်၊ မဟာဝဂ္ဂသံယုတ်၊ အာနာပါနသံယုတ်၊ ဒုတိယဝဂ်၊ ဣစ္ဆာနင်္ဂလသုတ်}

"မီးလောင်ပြင်မှ ထုတ်ဆောင်ပါ"


"မီးလောင်ပြင်မှ ထုတ်ဆောင်ပါ"

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊

ထိုအခါ နတ်သား တစ်ယောက်သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ညဥ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရား အထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏-
...........................................................................

- မီးလောင်သော အိမ်၌ အကြင်အိုးခွက်ကို ထုတ်ဆောင်၏၊ ထိုအိုးခွက်သည် ထိုထုတ်ဆောင်သော သူ၏ အကျိုးငှါ ဖြစ်သကဲ့သို့၊

- ထိုမီးလောင်သော အိမ်၌ အကြင် အိုးခွက်ကို မထုတ်ဆောင်၊ (ထိုအိုးခွက်သည်) မီးလောင်ခံရသကဲ့သို့-

- ထို့အတူ လောကသည် အိုခြင်းဖြင့်လည်းကောင်း ၊ သေခြင်းဖြင့်လည်းကောင်း တပြောင်ပြောင် တောက်လောင်နေ၏၊

- ထိုတောက်လောင်နေသော လောကထဲမှ ပေးလှူခြင်းဖြင့် ထုတ်ဆောင်ရ၏၊

- ပေးလှူအပ်သော ဒါနသည် ကောင်းစွာ ထုတ် ဆောင်ထားပြီး (ဥစ္စာ) မည်၏။
...........................................................................

- ပေးလှူမှုသည် ချမ်းသာသော အကျိုးရှိ၏၊
- မပေးလှူမှုသည် ချမ်းသာသော အကျိုးမရှိ။

- ထိုမပေးလှူဘဲ ထားသော ဥစ္စာကို ခိုးသူတို့သည်လည်းကောင်း၊ မင်းတို့သည်လည်းကောင်း ဆောင်ယူနိုင် ကုန်၏၊ မီးလောင်တတ်၏၊ ပျက်စီးတတ်၏။ ထို့နောက် သေဆုံးသဖြင့် မိမိ သိမ်းဆည်းသော ဥစ္စာနှင့်တကွ မိမိကိုယ်ကို စွန့်ရ၏၊

- ပညာရှိသည် ဤသဘောကို သိ၍ သုံးလည်း သုံးဆောင်ရာ၏၊
ပေးလှူလည်း ပေးလှူရာ၏။

- ပေးလှူပြီး၍လည်းကောင်း၊ သုံးဆောင်ပြီး၍လည်းကောင်း အလှူ၏ အာနုဘော်အလျောက် အကဲ့ရဲ့ မခံရဘဲ နတ်ပြည်သို့ ရောက်ရ၏''ဟု (လျှောက်၏)။

{သံယုတ္တနိကာယ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ ဒေဝတာသံယုတ်၊ အာဒိတ္တဝဂ်၊ အာဒိတ္တသုတ်}

.လေးစားတန်ဖိုးထားကြမယ်ဆိုရင်

ဂုဏ်.ပကာသနတွေ ဖယ်လိုက်ရင်..လူလူချင်းအတူတူပါဘဲ..ဘာလို့ မာန်မာန တက်နေကြမှာလဲ.ဘာလို့ ပြိုင်နေကြမှာလဲ... ဂါရဝ ဆိုတာက တစ်ဖက်သားအပေါ် လေးစားလာတဲ့သဘော၊ နိဝါတ ဆိုတာ မိမိကိုယ်ကို နှိမ့်ချတဲ့သဘော၊ ကျိုးနွံလာတဲ့သဘောပေါ့။

ဆရာနဲ့ တပည့်....မိဘနဲ့ သားသ္မီး..သူငယ်ချင်း.အချင်းချင်း..မိတ်ဆွေ အချင်းချင်း..ချစ်သူသ္မီးရီးစား.အချင်းချင်းတွေမှာ..အပြောအဆို အမူအရာ.အနေအထိုင်.ဆက်ဆံတဲ့ နေရာမှာ ဒီလိုဘဲ..တစ်ယောက်နဲ့ တစ်ယောက်.လေးစားကြမယ်.အလေးထားမယ်..တန်ဖိုးထားမယ်..ရိုရိုသေသေ ဆက်ဆံကြမယ်..ဆိုရင်..အင်မတန်မှကောင်းကြမှာပါ..ဆရာက.မာန်မာနဲ ဆိုရင်..အကြီးတန်လွန်းလှပါတယ်...ဒီလိုပါဘဲ..တပည့်ရဲ မာန်မာန နဲ့ .နေမယ်ဆိုရင်..မအေးချမ်းနိုင်ပါဘူး.အဆင်မပြေနိုင်ပါဘူး....မိဘနဲ သားသ္မီးလဲ .ဒီအတိုင်းပါဘဲ....ချစ်သူသ္မီးရီးစားတွေလဲ..ဒီအတိုင်ပါဘဲ...သူငယ်ချင်းတွေလဲ..ဒီအတိုင်းပါဘဲ...တစ်ယောက်နဲ တစ်ယောက်လေးစားမှု့ .သိခံခွင့် လွတ်မှု့ ..စာာနာသနားညှာတာမှု့ ..လေးစားတန်ဖိုးထားကြမယ်ဆိုရင်...လောကကြီးက အေးချမ်းနေမှာပါ..

အဘိဝါဒန သီလိဿ ၊ နိစ္စံ ဝုဍ္ဎာပစာယိနော ။

စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ ၊ အာယု ဝဏ္ဏော သုခံ ဗလံ”

အဘိဝါဒန သီလိဿ - ရှိခိုးထိုက်သူကို ရိုသစွာ ရှိခိုးလေ့ရှိသော၊ နိစ္စံ - အမြဲမပြတ်၊ ဝုဍ္ဎာပစာယိနော- မိမိထက် အသက် ၊ဂုဏ်အားဖြင့် ကြီးသူကို ရိုသေလေ့ရှိသော ပုဂ္ဂိုလ်အား ၊အာယု -အသက်ရှည်ခြင်းသည်လည်းကောင်း ၊ ဝဏ္ဏော- အဆင်းလှခြင်းသည်လည်းကောင်း၊ သုခံ - ကိုယ်စိတ်ချမ်းသာခြင်းသည် လည်းကောင်း ၊ ဗလံ - ကိုယ်အားဉာဏ်အား ကြီးခြင်းသည်လည်းကောင်း ၊ စတ္တာရော -လေးပါးကုန်သော ၊ ဓမ္မာ -အကျိုးတရားတို့သည် ၊ ဝဍ္ဎန္တိ - တစ်နေ့တခြား တိုးပွားကုန်၏ ။’ တဲ့ဗျ။ တောင်းပန်တယ် ဆိုမှတော့ ကန်တော့ကြတော့ တာပဲ၊ အရိုအသေ ပေးကြတော့တာပဲ ..

......

၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။

၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

အားလုံးဘဲ တစ်ယောက်ကို တစ်ယောက် လေးစားချစ်ခင် တန်ဖိုး ထားနိုင်ကြမယ်ဆိုရင်.ချမ်းမြေ့ ပျော်စရာကောင်းတဲ့ ..မိသားစု.ဆရာ.တပည့် ..ညီအကို မောင်နှမ..သူငယ်ချင်း..မိတ်ဆွေ..တွေ ဖြစ်နိုင်.ထားနိုင်..ပိုင်ဆိုင်နိုင်ကြပါစေ.....လို..

ဆုတောင်းပေးလိုက်ပါတယ်....


kozaw ta { Dhamma Mee Ein }