မြတ်ဗုဒ္ဓ၏ တရားဓမ္မများကို နာကြားနိုင်ကြပါေစ. တရားထူး တရားမြတ်များရနိုင်ပါေစ.ေကြာင်းဆုေတာင်းေပးရင်း အေးချမ်း ပျော်ရွှင်ကြပါစေ။ ကျေးဇူးပြု၍ Like Share follow မျှဝေ ကုသိုလ်ထပ်ဆင့် ပြုပေးနိုင်ပါစေ။
Tuesday, August 14, 2012
ဗုဒ္ဓတရားတော်များ: ဒကာကြီး နောက်ဘဝ ဒကာမကြီးနဲ့ ဆုံချင်သေးလား...
ဗုဒ္ဓတရားတော်များ: ဒကာကြီး နောက်ဘဝ ဒကာမကြီးနဲ့ ဆုံချင်သေးလား...: မနက်က ဆွမ်းလာကပ်ရင်းနဲ့ ပြောဖြစ်ကြတာလေးပါ... ယူတုန်းကတော့ ကြိုက်လို့ယူကြ အတွေးအခေါ်မတူတော့ စိတ်ဆင်းရဲကြနဲ့... တော်ကြားပေါင်းမယ် တော်ကြ...
Sunday, August 5, 2012
ဗုဒ္ဒ၀င် အကျဉ်းလေးပါ..
ဗုဒ္ဒ၀င် အကျဉ်းလေးပါ.
* Posted by eithazinaung on ဧပြီ 20, 2010 at 1:59am
* သတင်းပို့မယ် View eithazinaung's blog
ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာအကျဉ်းလေးပါ။ သိလိုသူများအတွက် ရည်ရွယ်ကာ
ရေးသား ပူဇော်လိုက်ပါသည်။
ဘုရားအလောင်းတော်သည် -၆၂၄-ဘီစီတွင် (မြန်မာလလို-၀ါဆိုလပြည့်၊
ကြာသာပတေးနေ့တွင်) မယ်တော်မာယာဝမ်းကြာ တိုက်တွင် သန္ဓေယူပါသည်။
ဘုရားလောင်းသည် -၆၂၃-ဘီစီ၊ (မြန်မာလလို ကဆုန်လပြည့်၊ သောကြာနေ့)တွင်
နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်၌ မယ်တော်မာယာဒေ၀ီ၊
ခမည်းတော်သုဒ္ဓေါဒနမင်းကြီးတို့မှ မွေးဖွားခဲ့ပါသည်။ ဘုရားလောင်း နာမည်မှာ
သိဒ္ဓတ္ထဖြစ်ပါသည်။
(၁၆-နှစ်မှ ၂၉)နှစ်အထိ နန်းစည်းစိမ်းကို ခံစားပါသည်။)
ဘီစီ-၅၉၄-(မြန်မာလလို-၀ါဆိုလပြည့်၊ တနင်္လာနေ့)တွင် အိမ်ရာတည်ထောင်
လူ့ဘောင်ခွါကာ တောထွက်တော်မူပါသည်။ (သက်တော် ၂၉-နှစ် အရွယ် ဖြစ်ပါသည်။)
၂၉-နှစ်မှ ၃၅-နှစ်အထိ ဒုက္ကရစရိယာ-ပင်ပန်းသောအကျင့် ကျင့်ခဲ့ရပါသည်။)
ဘီစီ-၅၈၈-(မြန်မာလလို-ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့)တွင် သဗ္ဗညုတဉာဏ်တော်ကို
ရရှိတော်မူပါသည်။ (သက်တော် ၃၅-နှစ် အရွယ်ဖြစ်ပါသည်။)
၎င်းဘီစီ-၅၈၈-(မြန်မာလလို-၀ါဆိုလပြည့် စနေနေ့)တွင် ပထမဆုံးသော
ဓမ္မစကြာသုတ်တော်ကို ဗာရာဏသီမြို့အနီး မိဂဒါဝုန် တောမှာ ဟောတော်မူပါသည်။
မှတ်ချက်။ ။ဗုဒ္ဓဂယာနှင့် မိဂဒါဝုန်တောသည် -၁၈-ယူဇနာ/ မိုင်အားဖြင့်
-၁၄၄-မိုင် ဝေးပါသည်။
ဓမ္မစကြာတရားပွဲမှာ လူသားအနေနဲ့ ပဉ္စ၀ဂ္ဂီငါးဦးသာ ပါဝင်ပါသည်။
၎င်းတရားပွဲမှာ အရှင်ကောဏ္ဍညသည် အရုဏ်မတတ်မီ သောတာပန်တည်ပါသည်။
နောက်ဆက်လက်ပြီး ဘုရားရှင်က-အနတ္တလက္ခဏသုတ်ကို ဟောသောအခါ ပဉ္စ၀ဂ္ဂီရဟန်းတော်
ငါးဦးစလုံး ရဟန္တာ ဖြစ်တော်မူကြပါသည်။
ဘီစီ-၅၈၈-တွင် ဘုရားရှင်သည် ပထမဆုံးသာသနာပြုခရီးစဉ်ကို စတင် လုပ်ခဲ့ပါသည်။
ဘီစီ-၅၄၃-(မြန်မာလလို-ကဆုန်လပြည့်၊ အင်္ဂါနေ့)တွင် ဘုရားရှင် သက်တော်(၈၀)၊
ဝါတော် (၄၅)တွင် ကုသိနာရုံ၊ အင်ကြင်းတော၌ ပရိနိဗ္ဗာန်ပြုတော်မူပါသည်။
ကဆုန်လဆုပ်(၅)ရက်၊ တနင်္ဂနွေနေ့တွင် အလောင်းတော်ကို မီးပူဇော်ပါသည်။
ပထမသင်္ဂါယနာ-
ဘုရားရှင် သက်တော်(၃၅-မှ-၈၀)အတွင်း၊ ၀ါတော်အနေအားဖြင့်(၄၅)၀ါအတွင်း
ဟောကြားခဲ့သော ပိဋကတ်တော်များကို တစ်စုတစ်ဝေးတည်း စီးစဉ်ဖို့ရန်
ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး တစ်လအကြာ--
ဘီစီ-၅၄၃-မှာ ပထမဆုံး သင်္ဂါယနာကို ရာဇဂြိုလ်မြို့၊ သတ္တပဏ္ဏိလှိုဏ်ဂူ၌
ပိဋကတ်တော်များကို စုပေါင်းရွတ်ဆိုခြင်းဟူသော သင်္ဂါယနာတင်ကြပါသည်။
ပထမသင်္ဂါယတင်ပွဲမှာ ဦးဆောင်ဆရာတော်သည် အရှင်မဟာကဿပဖြစ်၍ အရှင်ဥပါလိမထေရ်က
ဝိနည်းအရာတာဝန်ယူ၍၊ အရှင်အာနန္ဒာက သုတ္တန်အရာတာဝန်ယူပါသည်၊
အဖွဲ့ဝင်သံဃာတော် (၅၀၀) ဖြစ်ပါသည်။ ၀ါခေါင်လဆုပ် (၅)က စတင်ကျင်းပကာ
(၇)လကြာပါသည်။ အထောက်အပံ့ဒကာတော်သည် အဇာတသတ်မင်း ဖြစ်ပါသည်။
မှတ်ချက်။ ။ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး ပထမသင်္ဂါယနာတင်ချိန်က စတင်၍
(အင်္ဂလိပ်လို-B.E) သုန်းကာ ဗုဒ္ဓသာသနာနှစ်ကို စတင်ရေတွက်ပါသည်။
“သင်္ဂါယနာ”ဟူသည် စုပေါင်းရွတ်ဆိုခြင်းဟု အဓိပ္ပါယ်ရပါသည်။
ဘုရားရှင်ဟောကြားခဲ့သော ပိဋကတ်တော်တို့ကို အရှင်မဟာကဿပစသော
မထေရ်အဆက်ဆက်တို့ ဆက်ကာဆက်ကာ ဆောင်ယူထိန်းသိမ်းခဲ့တဲ့ အစဉ်အလာကို
အစွဲပြု၍ “ထေရိက”၊ နောက် မထေရ်အစဉ်အဆက်တို့ ထိန်းသိမ်းခဲ့သော
ဗုဒ္ဓအယူဝါဒအနေအားဖြင့် “ထေရ၀ါဒသာသနာ”အဖြစ် အမည်တွင်ခဲ့ပါသည်။
ဒုတိယသင်္ဂါယနာ-
(BC -443/B.E-100) သာသနှစ် (၁၀၀)အရောက်မှာ ဝေသာလီမြို့၊
ဝါဠုကာရုံကျောင်းမှာ ဒုတိယသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်သည်
အရှင်ယသဖြစ်ပါသည်။ အရှင်သဗ္ဗမိမထေရ်နှင့် အရှင်ရေ၀တမထေရ်တို့က
အဓိကတာဝန်ယူကာ ပိဋကတ်တော်များကို ရွတ်ဆိုကြပါသည်။ အဖွဲ့ဝင် သံဃာတော်
(၇၀၀) ဖြစ်ပါသည်။ (၈)လ ကြာပါသည်။ အထောက်အပံ့ပေးသောဒကာသည်
ကာလာသောကမင်းဖြစ်ပါသည်။
တတိယသင်္ဂါယနာ-
(BC-249/B.E-300) သာသနာနှစ် (၃၀၀)အရောက်မှာ ပါဋလိပုတ်မြို့တော်၊
အသောကာရုံကျောင်း၌ တတိယသင်္ဂါယနာ တင်ပါသည်။ ဦးဆောင်ဆရာတော်မှာ
အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်ဖြစ်၍ အရှင်မဟာကဿပမထေရ်နှင့် ကာကဏ္ဍ၏သားဖြစ်သော
အရှင်ယသမထေရ်တို့က အဓိက တာဝန်ယူဆောင်ရွက်ပါသည်။
အဖွဲ့ဝင်သံဃာတော်အရေအတွက်မှာ (၁၀၀၀) ဖြစ်ပါသည်။ ဤသံင်္ဂါယနာတင်ပွဲ၌
ဝိနည်းရေးရာများကို အဓိကထားကာ ဆွေးနွေးခြင်း ပြုလုပ်ကြပါသည်။
အထောက်အပံ့မင်းမှာ အသောကမင်းကြီးဖြစ်ပါသည်။ ဤတတိယသင်္ဂါယနာသည် (၉)လ
ကြာပါသည်။
တတိယသင်္ဂါယနာတင်ပြီးချိန်ကစပြီး (၉)တိုင်း (၉)ဌာနတို့သို့
အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်နှင့် အသောကမင်းကြီးတို့ တာဝန်ယူကာ သာသနာပြု
စေလွှတ်တော်မူပါသည်။
(၉)တိုင်း (၉)ဌာနနှင့် သာသနာပြုမထေရ်များ-
၁။ ကသ္မီရနှင့်ဂန္ဓာရအရပ်=အရှင်မဇ္ဈန္တိကမထေရ် ဦးဆောင်ကာကြွ။
၂။ မဟိံသကအရပ်=အရှင်မဟာဒေ၀မထေရ် ဦးဆောင်ကာကြွ။
၃။ ၀န၀ါသိအရပ်= အရှင်ရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၎။ အပရန္တအရပ်=အရှင်ယောနကဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၅။ မဟာရဋ္ဌအရပ်= အရှင်မဟာဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၆။ ယောနကအရပ်=အရှင်မဟာရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၇။ ဟိမ၀န္တာအရပ်= အရှင်မဇ္ဈိမမထေရ် ဦးဆောင်ကာကြွ။
၈။ သုဝဏ္ဏဘူမိအရပ်= အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ ဦးဆောင်ကာကြွ။
၉။ တမ္ဗပဏ္ဏိ (သီဟိုဠ်)အရပ်=အရှင်မဟိန္ဒမထေရ် ဦးဆောင်ကာကြွ။
စတုတ္ထသင်္ဂါယနာ-
(B.C 94/ B.E 450) သာသနာတော်သက္ကရဇ် (၄၅၀)-အရောက်တွင် သီဟိုဠ်၊ မလယဇနပုဒ်၊
အာလောကလှိုဏ်တွင် စတုတ္ထသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ
မဟာဓမ္မရက္ခိတမထေရ်ဖြစ်၍ အဖွဲ့ဝင်ဆရာတော်အရေအတွက်သည် (၅၀၀) ဖြစ်ပါသည်။
-၁-နှစ်အချိန်ယူကာ သင်္ဂါယနာတင်ခဲ့ကြပါသည်။ အထောက်အပံ့ပေးသောဒကာသည်
ဝဋ္ဋဂါမဏိမင်း ဖြစ်ပါသည်။ ဤစတုတ္ထသင်္ဂါယနာတွင် ပိဋကတ်တော်များကို ပေရွက်တွင်
အက္ခရာရေးခြင်းဖြင့် သင်္ဂါယနာတင်ခဲ့ကြပါသည်။
နိုင်ငံများနှင့် ဗုဒ္ဓသာသနာရောက်ရှိပုံ-
ဗုဒ္ဓဘာသာနှင့်မြန်မာနိုင်ငံ-
မြန်မာနိုင်ငံမှာ 3rd Century A.D-တွင် ဗုဒ္ဓသာသနာ စတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနဲ့တရုတ်နိုင်ငံ-
တရုတ်နိုင်ငံမှာ 1st Century A.D-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနဲ့ ဗီယက်နမ်နိုင်ငံ-
ဗီယက်နမ်နိုင်ငံမှာ A.D 189-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။ တရုတ်မှ
တဆင့်ရောက်ရှိခြင်း ဖြစ်ပါသည်။
ဗုဒ္ဓဘာသာနှင့် ကိုရီးယားနိုင်ငံ-
ကိုရီးယားနိုင်ငံမှာ A.D 372-နှစ်တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနှင့် ဂျပန်နိုင်ငံ-
ဂျပန်နိုင်ငံသို့ A.D ၅၅၂၊ သာသနာတော်နှစ် -၁၀၉၅-တွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနှင့် ကမ္ဘောဒီယားနိုင်ငံ-
ကမ္ဘောဒီးယားနိုင်ငံသို့ A.D -၅-ရာစုတွင့် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနှင့် ထိုင်းနိုင်ငံ-
ထိုင်းနိုင်ငံသို့ A.D -၆-ရာစု၊ သာသနာတော်နှစ် -၁၃၀၀-တွင်
ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနှင့် အင်ဒိုနီးရှားနိုင်ငံ-
အင်ဒိုနီးရှားနိုင်ငံသို့ A.D -၆-ရာစုတွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနှင့် တိဗက်နိုင်ငံ-
တိဗက်နိုင်ငံသို့ A.D -၇-ရာစုတွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနှင့် ရုရှားနိုင်ငံ-
ရုရှားနိုင်ငံသို့ A.D -၁၇-ရာစုတွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။
အိန္ဒိယနိုင်ငံနှင့် ဗုဒ္ဓသာသနာ-
အိန္ဒိယနိုင်ငံတွင် A.D -၆-ရာစုလောက်ကစပြီး ဗုဒ္ဓသာသနာ တဖြေးဖြေး
ကွယ်ပျောက်သွားခဲ့ပါသည်။
မြန်မာနိုင်ငံ ပုဂံဗုဒ္ဓသာသနာ-
မြန်မာနိုင်ငံ ပုဂံသို့ A.D -၁၁-ရာစုလောက်တွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။
အရှင်အရဟံနှင့် အနောရထာမင်းကြီးတို့ ဦးစီးကာ မြန်မာပြည်ဗုဒ္ဓသာသနာ
ပိုမိုစည်ပင်ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ကြပါသည်။
ပဉ္စမသင်္ဂါယနာ-
A.D -၁၈၇၁/ ဗုဒ္ဓသာသနာတော်နှစ် -၂၄၁၅-ခု/ မြန်မာသက္ကရစ် -၁၂၃၂-ခုနှစ်၊
တန်ဆောင်မုန်းလတွင် မြန်မာနိုင်ငံ၊ မန္တလေးတောင်ခြေတွင်
ပဉ္စမသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ မန္တလေး၊
ဒက္ခိဏာရာမကျောင်းတိုက်ဆရာတော် အရှင်ဇာဂရာဘိဝံသမထေရ်ဖြစ်၍၊
အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာ ၂၄၀၀-ဖြစ်ပါသည်။ အထောက်အပံ့ဒကာမှာ
မင်းတုန်းမင်းကြီး ဖြစ်ပါသည်။
ဤ ပဉ္စမသင်္ဂါယနာတွင် ပိဋကတ်တော်များကို ကျောက်ထက်အက္ခရာတင်ခြင်းဖြင့်
သင်္ဂါယနာ တင်ခဲ့ကြပါသည်။ ကျောက်ချပ်ရေ-၇၂၉-ချပ်ရှိပါသည်။
ကျောက်ထက်အက္ခရာတင်ရာ၌ ကြာချိန်မှာ (၇)နှစ်၊ (၆)လနှင့် (၁၄) ရက်ကြာပါသည်။
ဗုဒ္ဓသာသနာတော်အလံနှင့် သမိုင်း-
A.D -၁၈၈၀-ခုနှစ်တွင် ဗုဒ္ဓသာသနာ့အလံကို အမေရိကန်နိုင်ငံသား စစ်ဗိုလ်ကြီး
-Henry Steel Olcott-က စတင် တီထွင်ခဲ့ခြင်းဖြစ်ပါသည်။
အင်္ဂလန်နိုင်ငံ၌ ပထမဆုံးသော ဗုဒ္ဓသာသနာ့အဖွဲ့အစည်း-
A.D -၁၈၈၁-ခုနှစ်တွင် အင်္ဂလန်နိုင်ငံတွင်-ပါဠိကျမ်းစာအဖွဲ့အစည်း-ဆိုပြီး
ပထမဆုံးသော ပိဋကတ်အဖွဲ့အစည်း အင်္ဂလန်နိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့ပါသည်။
တည်ထောင်သူမှာ -T.W. Rhys Davids- ဖြစ်ပါသည်။ သူသည် မူရင်း
ခရစ်စ်ယာန်ဘာသာဝင်ဖြစ်ပါသည်။
ဗုဒ္ဓဘာသာ အိန္ဒိယနိုင်ငံတွင်ပြန်လည်မွေးဖွားခြင်း-
A.D -၁၈၉၁-ခုနှစ်တွင် သီရိလင်္ကာနိုင်ငံမှ
အနာဂါရိကဓမ္မပါလသူတောင်စင်ကြီးဦးဆောင်ကာ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာမှာ
မဟာဗောဓိအဖွဲ့အစည်းဆိုပြီး ဗုဒ္ဓဘာသာ ပြန်လည်တည်ထောင်ပါသည်။
A.D -၁၉၅၆-ခုတွင် အိန္ဒိယနိုင်ငံသား Dr. B.R Ambedkar-ဦးဆောင်ပြီး
အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓသာသနာပိုမို ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ပါသည်။
၁၉၅၆-ခု၊ အောက်တိုဘာ -၁၄-ရက်တွင် အိန္ဒိယနိုင်ငံသား (၁)သန်းခန့်
ဗုဒ္ဓဘာသာအဖြစ်သို့ ကူးပြောင်းကြပါသည်။
ဆဋ္ဌသင်္ဂါယနာ-
A.D ၁၉၅၄-၅၆/ ဗုဒ္ဓသာသနာတော်နှစ် ၂၄၉၈-ခု၊ မြန်မာသက္ကရဇ် ၁၃၁၆-ခု၊
ကဆုန်လပြည့်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေး၊
မဟာပါသာဏလှိုဏ်ဂူ၌ ဆဋ္ဌသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ
ညောင်ရမ်းဆရာတော် အရှင်ရေ၀တမထေရ်ဖြစ်၍၊ အဓိကတာဝန်ယူ
ရွတ်ဖတ်သရဇ္ဈာယ်သောမထေရ်များမှာ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်တို့
ဖြစ်ပါသည်။
အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာ ထေရ၀ါဒ (၅)နိုင်ငံ (သီရိလင်္ကလာ၊ မြန်မာ၊
ထိုင်း၊ လော၊ ကမ္ဘောဒီယား)တို့မှ (၂၅၀၀)သော မထေရ်တို့ဖြစ်ပါသည်။ အခြားသော
နိုင်ငံ (၂၄)နိုင်ငံတို့မှလည်း အကူအညီများ ပေးကြပါသည်။ အထောက်အပံ့ဒကာမှာ
ဝန်ကြီးချုပ် ဦးနုနှင့် မြန်မာပြည်သူ၊ ပြည်သားများ ဖြစ်ပါသည်။
မှတ်ချက်။ ။ဤဆဋ္ဌသင်္ဂါယနာတင်ပွဲမှာ ပါဠိတော်တင်မက အဋ္ဌကထာ၊ ဋီကာများကိုပါ
ပြန်လည် စစ်ဆေးဆုံးဖြတ်ခြင်းဖြင့် သင်္ဂါယနာတင်ခြင်းဖြစ်ပါသည်။
အိန္ဒိယနိုင်ငံနှင့် ၀ိပဿနာ-
A.D -၁၉၆၅၊ ဗုဒ္ဓသာသနာတော်နှစ် -၂၅၁၂-ခုနှစ်တွင်
ဆရာကြီးဦးဂိုအင်ကာဦးဆောင်ပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာ ၀ိပဿနာတရား
ပြန်လည် အမြစ်တွယ်အောင် လုပ်ဆောင်ပါသည်။
ပထမဆုံးသော ဗုဒ္ဓဘာသာဝက်ဘ်ဆိုက်-
A.D -၁၉၉၈-မေလတွင် Nibbana.com-ဟူသော ပထမဆုံးဗုဒ္ဓဘာသာဝက်ဘ်ဆိုက်ကို
အင်္ဂလန်နိုင်ကနေ ဖန်တီးနိုင်ခဲ့ပါသည်။
အာဖစ်ဂန်နစ်တန်မှ (Bamiyan)ဗမီယန်ဗုဒ္ဓဆင်းတုတော်-
A.D-၂၀၀၁၊ မတ်လတွင် အာဖစ်ဂန်နစ်တန်မှ ကမ္ဘာ့အံဖွယ်ရပ်တော်မူ
ဗုဒ္ဓဆင်းတုတော်ကို တာလီဘမ်တို့၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပါသည်။
မှာပါရစေ။ ။အထက်ပါဗုဒ္ဓ၀င်(သို့) ဗုဒ္ဓဘာသာအကြောင်းသိကောင်းစရာအကျဉ်းသည်
မေမေ့လပြည့်ဝန်းလေး စုစည်းထားသော ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ အချက်အလက်များကို
တင်ပြခြင်းဖြစ်ပါသည်။ တချို့နေရာများမှာ မူကွဲ စသည်အားဖြင့်
ကွဲလွဲနေခြင်း ရှိကောင်း ရှိနိုင်ပါသည်။ အခုမေမေ့လပြည့်ဝန်းလေး
တင်ပြတဲ့မူသည် ထေရ၀ါဒမထေရ်များ လက်ခံထားသော ဘီစီ၊ အေဒီနှစ်များဖြစ်ပါသည်။

Monday, July 30, 2012
ဆလုံ လူမျိုးအကြောင်း သိကောင်းစရာ –
ဆလုံ လူမျိုးသည် မြိတ်ကျွန်းစု၏ အဖိုး မဖြတ်နိုင်သော ပြယုဒ် တစ်ခုဖြစ်သည်။ သူတို့၏ ဓလေ့စရိုက်၊ ရိုးသား ဖြောင့်မတ်မှုကို တုနှိုင်းရန်အရာ မရှိပါ။ ထို့ကြောင့် ၎င်းလူမျိုးတို့မှာ လူသိများ ထင်ရှားနေခြင်းဖြစ်သည်။ ဆလုံလူမျိုးတို့သည် နေရာ အတိအကျ မရှိ၊ ပင်လယ်ပြင်တစ်ခွင် ၀မ်းစာအတွက် လှည့်လည် ကျက်စားကြသည်။ ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်သည်။ ထို့ကြောင့် Sea Gypsy or Men of the Sea အဖြစ် အမည်တွင်ခြင်းဖြစ်သည်။ သမိုင်းကြောင်းအရ ရှေးယခင်က မလေးကျွန်းဆွယ်တွင် နေထိုင်ကြပြီး စီးနှင်း တိုက်ခိုက် လုယက် မှုများကြောင့် မြိတ်ကျွန်းစု ဘက်သို့ ရွေှ့ပြောင်း လာကြခြင်းဖြစ်သည်။ ယနေ့အခါ ဆလုံလူမျိုးများကို ကော့သောင်း မြို့အနီး ကျွန်းများတွင် မြင်တွေ့နိုင်သည်။
ဆလုံ လူမျိုးများသည် စိုက်ပျိုးရေး၊ မွေးမြူရေး တို့ဖြင့် အသက်မမွေး ရေလုပ်ငန်း၊ ပုလဲငုပ်ခြင်း လုပ်ငန်းတို့ဖြင့် အသက်မွေးကြသည်။ ပင်လယ် ကမ်းခြေ တစ်လျှောက် လှေလှော် ခတ်ရင်း တစ်ကျွန်းမှ တစ်ကျွန်း ကူးကာ နေထိုင်လေ့ရှိသည်။ လှေလေးများကို ပေါ့ပါးသော သစ်လုံးများဖြင့် ထွင်းယူကြသည်။ ၎င်းလှေများမှာ ပင်လယ် ခရီးအတွက် အဆင်ပြေ အသုံးဝင်လှသည်။ အသုံးအဆောင်များ၊ အစာရေစာများ၊ ခွေး၊ ကြောင်၊ ကြက်များကိုလည်း တစ်ပါးတည်း လှေနှင့်အတူ တင်ယူ လာလေ့ရှိကြသည်။ ဆောင်း၊နွေရာသီများတွင် ငါးဖမ်းခြင်း၊ ရေထွက်ပစ္စည်း ရောင်းဝယ်ခြင်းတို့ဖြင့် အသက်မွေးကြပြီး မိုးရာသီ ရာသီဥတု ဆိုးဝါးသည့်အခါ နီးစပ်ရာ ကျွန်းပေါ်တွင် ၀ါးခြေ တိုင်ရှည်တဲများဖြင့်လည်းကောင်း ၊ ဂူများရှာ၍ လည်းကောင်း နေထိုင်လေ့ ရှိသည်။ Sea Gypsy ဟူသောအမည်နှင့် လိုက်လျော ညီထွေစွာပင် သဘာဝ ပင်လယ်ဘေးအန္တရာယ်ကိုလည်း ရှောင်တိမ်း တတ်ကြသည်။
ရာသီဥတု ဆိုးဝါး စဉ်တောင်မှ မိမိနေထိုင်ရာ ကျွန်းဆီ အမြန်ဆုံးပြန်ရောက်အောင် သွားနိုင်ကြသည်။ ဆလုံလူမျိုးတို့၏ ရေငုပ်ပညာကျွမ်းကျင်မှုမှာ အံ့မခန်းဖြစ်သည်။ ပင်လယ် ကြမ်းပြင်အထိ ရေငုပ်နိုင်ပြီး ရေအောက်တွင် အောက်ဆီဂျင် အကူအညီ မပါပဲ အချိန်အတော်ကြာ အနည်းဆုံး တစ်နာရီခန့် နေနိုင်သည်။
(ပင်လယ်ကြမ်းပြင် ၁၆ လံ ထက် ပိုပြီး မည်သည့် ရေငုတ်သမား မှ မငုတ်နိုင်ကြပါ ရေဖိအား ဒါဏ်ကို မခံနိုင်သောကြောင့်ဖြစ်သည်။ ရေအရမ်းနက်လျှင် နှာခေါင်း၊ နား၊ မျက်စိ စသည့်နေရာများမှ သွေးများ ယိုထွက်လာသည်ကို မည်သူမျှမခံနိုင်ပါ။ တစ်နာရီကြာအောင် ရေငုတ်သော စလုံလူမျိုးလည် မရှိပါ အလွန့်အလွန် မိနစ် (၂ဝ) မျှသာ အောက်စီဂျင် မပါဘဲ ငုတ်နိုင်ကြသည်။)
တစ်ရက်တည်း ထိုကဲ့သို့ ရေငုပ်ခြင်းမျိုး အကြိမ် အရေအတွက် များများလုပ်နိုင်သည်။ ပင်လယ်ခရု၊ ကမာ (မုတ်) ကောင်များ၊ ငါးကြီး အံဖတ်၊ ပင်လယ်ရေမှော်ပင်၊ ပုလဲ၊ ငှက်သိုက်၊ ပျားရည်၊ ပရဆေးပင်များကို ရှာဖွေစုဆောင်းပြီး ရောင်းချလေ့ရှိသည်။ ဆလုံ လူမျိုးများသည် အခြား လူမျိုးများနှင့် ရောရောနှောနှော နေထိုင်လေ့မရှိချေ။ ၎င်းတို့၏ လူနေထိုင်မှု စနစ်မှာ မြို့ပြနေထိုင်မှု စနစ်နှင့် ကွာခြား လွန်းလှသည်။ သို့သော်လည်း သူတို့၏ လူနေမှုစနစ်ကို ယုံကြည်စွာ တန်ဖိုးထား ထိန်းသိမ်းကြသည်။ ဘာသာတရားနှင့် ပတ်သက်၍လည်း ၎င်းတို့၏ ကိုယ်ပိုင် ယုံကြည်မှုကို လက်ကိုင်ထားကြသည်။ နတ်ကောင်းနှင့် နတ်ဆိုးဟူ၍ နတ်ဘုရား ကိုးကွယ်မှု နှစ်ခုရှိသည်။ နတ်ဆရာသည် ၎င်းတို့၏ အခရာဖြစ်သည်။ ပျော်ပွဲရွှင်ပွဲများကို သာမက ဖျားနာသည့်အခါ၊ တစ်ဦးတစ်ယောက် သေဆုံးသည့် အခါတွင် နတ်ဆရာ၏ ပြောဆိုမှုအတိုင်း စပါး၊ ပြောင်း၊ အရက်၊ ပျားရည်၊ ကွမ်း၊ ဘဲသွေးစိမ်း၊ ကြက်၊ လင်းပိုင်၊ ပင်လယ်လိပ်တို့ကို ယဇ်ပူဇော်လေ့ရှိသည်။ ပျော်ပွဲရွှင်ပွဲများတွင် တေးသီချင်းများ သီဆိုတီးမှုတ်ပြီး မီးပုံဖိုကာ ၀ိုင်းဖွဲ့ ကခုန်ကြသည်။ သူတို့၏ ဗုံတစ်မျိုးမှာ ပုတ်သင်ညို သားရေဖြင့် ပြုလုပ်ထားသည်။ ဆလုံလူမျိုးတို့၏ ဂီတပင် ကိုယ်စွမ်းရည်မှာ ထက်မြက် ဆန်းကြယ်လှသည်။ [1]
“ပျူ၊ မွန်၊ မြန်မာ၊ သက်”ဟူသော မြန်မာ တိုင်းရင်းသားအစ လူမျိုးကြီး (၄) စုမှာ ဆလုံ တိုင်းရင်းတို့မှာ “သက်”လူမျိုးတို့မှ တစ်ဆင့် ဆင်းသက် လာခဲ့သည်ဟု မှတ်သားခဲ့ဖူး ပါသည်။ ဆလုံ တိုင်းရင်းသားတို့ကို “မော်ကင်း”ဟုလည်း ခေါ်ကြပါသည်။ ပင်လယ်ထဲမှာ ပေါ့ပေါ့ပါးပါး သစ်၊ ၀ါး၊ ရင်ကမ်းသားတို့နှင့် ဖွဲ့စည်း တည်ဆောက် ထားသည့် ရိုးရာလှေကို အိမ်လိုသဘောထားပြီး မိသားစုကြီး တစ်ခုလုံး နေကြ၊ ထိုင်ကြ၊ ချက်ပြုတ် စားသောက်ကြရုံ သာမက သူတို့ဘ၀၏ အဖော်မွန်ဟု ခေါ်သော ခွေးများကိုလည်း တစ်ပါတည်း သယ်ဆောင်သွားကြပါသည်။ ဟိန်းဇဲ၊ ဘုတ်ကျွန်း၊ မောင်းမကန်၊ ရှင်မွန်၊ မလိ၊ ပြင်ကြီး၊ မီးစိမ်း၊ ကတန်၊ ဒုံးကျွန်း၊ ၀ါးကျွန်း၊ ပင်လယ်အော်၊ လန်ပိတစ်ဝိုက် မှာလည်း ပင်လယ်ထဲ ရာသီဥတု ဆိုးချိန်မှာ ယာယီ ခြေတံရှည် တဲအိမ်လေးများ တည်ဆောက်ပြီး နေထိုင်ကြပါသည်။
ရေမှာ ကျွမ်းကျင်သဖြင့် ပုလဲ၊ မျှော့(ပင်မယ်မျှော့)၊ ရေခူ၊ ငါး၊ ပုဇွန် ၊ ကမာတွေငုပ်ပြီး ကင်းမွန်၊ ရှပ်၊ ငါးကြီး အန်ဖတ်တွေကို ရှာဖွေရင်းနှင့်လည်း အသက်မွေးတတ်ကြ ပါသည်။ သူတို့ ရိုးရာဓလေ့များ ထဲတွင် ဗုံတီးခြင်း၊ ဘင်(ဘင်ခရာ)တီးခြင်း။ သူတို့ဘာသာ စကားနှင့် သီချင်းဆိုပြီး ကခုန်ခြင်း၊ ရိုးရာနတ် ကိုးကွယ်ခြင်း တို့လည်း ပါဝင်ပါသည်။ ဆလုံရိုးရာ ပွဲတော်ကို ကော့သောင်းမြို့နယ်၊ စူငယ် ဘာလိုင်း ကျေးရွာအုပ်စု၊ လန်ပိကျွန်း၏ တစ်ဖက်ကမ်း “မကြုံဂလက်”ကျေးရွာတွင် (၂၀၀၄)ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းက စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
ဆလုံ တိုင်းရင်းသားတို့၏ မွေးဖွားခြင်းအစ
(၁၉၆၄)ခုနှစ်က မှတ်သား တွေ့ရှိချက်များအရ ဆလုံတိုင်းရင်းသား တို့သည် စတင်မွေးဖွားသည့် ကလေးငယ်များကို ချက်ကြိုး ဖြတ်ပြီး သည်နှင့် ရေထဲသို့ နှစ်စက္ကန့်ခန့် ရေထဲမြုပ်လိုက်၊ နှစ်လိုက်။ ပေါ်လိုက် သုံးကြိမ်ခန့် ပြုလုပ်ပါသည်။ သူတို့ အယူအဆမှာ မွေးစကလေးငယ် ရေကို ကျွမ်းကျင်စေရန်၊ မကြောက်စေရန် ဖြစ်သည်ဟု ဆို၏။ ထိုသို့ လွဲမှားသော အယူအဆကြောင့် တစ်ချို့ ကလေးငယ်များမှာ မွေးစကပင် သေဆုံးသွားကြပါသည်။ ဤကား ယခင်ကအဖြစ်အပျက်။ ယခုအချိန်တွင်မူ ဆလုံ တိုင်းရင်းသားတို့ ခေတ်မီလာသည်ဟု ဆိုရပါမည်။ မွေးစကလေးငယ်ကို ရေထဲတွင် မနှစ်ကြတော့။ ကိုယ်ဝန်ဆောင်ကို မွေးဖွားပေးသည့် လက်သည်မှာ သူတို့ဆလုံအမျိးသမီး အချင်းချင်းပင် ဖြစ်ပါသည်။ သို့သော်လည်း ယခုအခါ ခက်ခဲသည့် မွေးဖွားမှုများကို သူနာပြုဆရာမနှင့် မွေးလေ့ မွေးထ ရှိလာကြပါပြီ။
ဆလုံတို့၏ ကျန်းမာရေး
ဆလုံ တိုင်းရင်သားတို့သည် အစစ အရာရာတွင် နတ်ဆရာကိုသာ အားကိုးကြသည်။ တစ်စုံတစ်ယောက် နေမကောင်းလျှင် သူတို့၏ အယူအဆမှာ နတ်ဖမ်းစားသည်ဟု အများအားဖြင့် ယူဆကြသည်။ နတ်ဆရာနှင့် တိုင်ပင်၍ ပူဇော်ပသ၊ ကိုးကွယ်တင်မြှောက်ခြင်းများ ပြုလုပ်လေ့ ရှိကြပါသည်။ သို့သော်လည်း ယခုချိန်ခါတွင် အချို့ တိုင်းရင်းသားဆလုံတို့မှာ ခေတ်မီလာသည်ဟု ဆိုရပါမည်။ နေထိုင်မကောင်း ဖြစ်သော သူများကို ဆရာဝန်နှင့် ဆေးခန်းသို့ ပြသ ကုသလာကြပါသည်။ တစ်ဖက်ကလည်း သူတို့ အစွဲဖြစ်နေသည့် နတ်ဆရာနှင့် ပူဇော်ပသခြင်း ကိုလည်း လုပ်မြဲလုပ်ကြ ပါသည်။ ဆလုံအများစုတွင် ဖြစ်ပွားတတ်သည့် ရောဂါမှာ ငှက်ဖျား စွဲခြင်းနှင့် အာဟာရ ချို့တဲ့ခြင်းများပင် ဖြစ်ပါသည်။
ဝတ်စားဆင်ယင်ခြင်း
ဆလုံ တိုင်းရင်းသားတို့သည် မွေးကင်းစ ကလေးအရွယ်မှ ငါးနှစ် ခြောက်နှစ်အရွယ်အထိ ယခင်က အ၀တ်အစား ၀တ်လေ့ဝတ်ထ မရှိသော်လည်း ယခုအခါ အ၀တ်အစား ဆင်ယင်လာကြ ပါသည်။ အမျိုးသမီးများမှာ သူတို့ ဓလေ့အရ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံခြုံခြုံ ၀တ်ဆင်သည် ဆိုသော်လည်း ၊ အချို့မှာ အိမ်ထောင်ကျသည်နှင့် အပေါ်ပိုင်း ဗလာကျင်း နေတတ်ကြပါသည်။ သို့သော်လည်း ယခုအခါတွင်မူ အိုမင်းသော အဘွားအရွယ်များမှ လွဲ၍ အမျိုးသမီးအများစုမှာ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံခြုံခြုံ ၀တ်ဆင်လာကြ ပေပြီ။ ဆလုံအမျိုးသားတို့မှာ များသောအားဖြင့် ယခင်ကအောက်ပိုင်းတွင် လုံချည်(သို့မဟုတ်) ဘောင်းဘီတိုနှင့်နေပြီး အပေါ်ပိုင်းဗလာကျင်း နေတတ်သည့် သဘာဝရှိပါသည်။ သူတို့ဓလေ့အရ တော်ရုံတန်ရုံလည်း ဖျားနာခြင်း မရှိကြပါ။ ခံနိုင်ရည်ရှိသော လူမျိုးပင် ဖြစ်ပါသည်။ သို့သော်လည်း ယခုအခါ သူတို့လည်း အပေါ်ပိုင်း အင်္ကျီများ၊ များသောအားဖြင့် ၀တ်ဆင်လာကြပေပြီ။ ဆလုံတိုင်းရင်းသားတို့သည် ပင်လယ်နှင့် အနီးအနားတွင် နေ၍လားမသိ၊ သူတို့၏ အသားအရောင်မှာ ညိုရောင်သန်းပါသည်။ ယခုအခါ ဆလုံတိုင်းရင်းသားတို့မှာ ခေတ်မီလာသည့် အလျောက် ယိုးဒယားနိုင်ငံမှရောက်လာသော အ၀တ်အစား၊ ပါတိတ်။ တီရှပ်တို့ဖြင့် သစ်သစ်လွင်လွင် တောက်တောက် ပပဖြစ်လာလေပြီ။ ယခင်က ဖြစ်သလိုနေခဲ့သော်လည်း ယခုအခါ သားသားနားနား ၀တ်ဆင်လာကြပေပြီ။
အစားအသောက်
ဆလုံတို့သည် ပင်လယ်ထဲတွင် အတည်တကျ မနေဘဲ ရေကြည်ရာ မြက်နုရာသို့ သွားလာ လုပ်ကိုင် နေထိုင်ကြသည့် အလျောက် ပင်လယ်ပျော်များ ဖြစ်သည့်အားလျော်စွာ သူတို့ စားသောက်ကြသည်မှာ များသောအားဖြင့် ပင်လယ်အစားအစာများ ဖြစ်ပါသည်။ ပင်လယ်ကျွန်းစု၊ ကျောက်ဆောင် များတွင် တွယ်ကပ်လျက် ရှိသော ဂုံး(ခရုတစ်မျိုး အထဲတွင် ရှိသည်)ဟု ခေါ်သည့် တငို ကိုခွာ၍ အထဲမှ ခရုသဖွယ် အရာကို ချက်ပြုတ် စားသောက်ကြ ပါသည်။ ပင်လယ် ကျောက်ဆောင် ဂူထဲတွင်ရှိသော လင်းနို့၊ လင်းဆွဲများကို တုတ်ရှည်ဖြင့် ရိုက်ချကာ ခုတ်ထစ် ဖြတ်တောက် ၍လည်း ချက်ပြုတ် သုံးဆောင်ကြ ပါသည်။ သူတို့သည် စားသုံးဆီသုံးစွဲမှု နည်းသူများဖြစ်သည့် အလျှောက် တစ်လလုံးတွင် မိသားစု(၆) ယောက်အတွက် ဆီ(၂၀) ကျပ်သားခန့်သာ ကုန်ပါသည်။ ထို့ကြောင့် ဆလုံအများစုတွင် သွေးတိုးရောဂါ မရှိကြပါ။ ဆလုံ တိုင်းရင်းသားတို့သည် ပျားအုံဖွတ်ရာ တွင်လည်း အလွန် ကျွမ်းကျင်သူများပင် ဖြစ်သည်။ သစ်ပင် အမြင့်ပေါ်တွင် စွဲကပ်နေသော ပျားအုံကို အုန်းလက် မီးတုတ်ဖြင့် ရိုက်ချကာ ပျားအုံမှ ပျားရည်ကို ခံယူကြပါသည်။ ပျားသလက်နှင့် ပျားပေါက်စတို့ကိုလည်း ချက်ချင်းပင် လတ်လတ် ဆတ်ဆတ် စားသုံးကြ ပါသည်။ ဆလုံတို့၏ သဘာဝမှာ စားသောက်ရာတွင်လည်း သူတို့ ရိုးရာလှေပေါ်တွင် မိသားစု အားလုံး သိုက်သိုက်ဝန်းဝန်း ပျော်ပျော် ရွှင်ရွှင် ချက်ပြုတ် စားသောက်ကြ ပါသည်။ ဆလုံ တိုင်းရင်းသားတို့ စားသုံးသည့် အရွက်များ ဖြစ်သော ဆလုံမုန်လာ၊ ဆလုံမုန်ညင်း၊ ဆလုံကန်စွန်းတို့မှာ အရွက်အသားထူသည်မှ လွဲ၍ မြေပြန့်က မုန်လာ ၊ မုန်ညင်း၊ ကန်စွန်းတို့နှင့် အတော် ဆင်တူပါသည်။ ထိုအရွက်တို့မှာလည်း ဆလုံဒေသ တောတောင်ထဲတွင် အလေ့ကျ ပေါက်နေကြခြင်းပင်။ ကျွန်တော် တွေ့ဖူးသည့် ဆလုံကွမ်း( ကွမ်းယာ အတွက် လိုအပ်သော ကွမ်း) မှာလည်း အရွက်အသား ပိုထူကာ အလေ့ကျ ပေါက်နေခြင်းပင် ဖြစ်ပါသည်။ ဆလုံတစ်ချို့လည်း ကွမ်းစား တတ်ကြသည်ကို ကျွန်တော် တွေ့ဖူးပါသည်။
အလုပ်အကိုင်
ဆလုံ တိုင်းရင်းသားတို့သည် အလုပ်လုပ်ကိုင်ရာတွင် အားလုံးစုပေါင်း ၀ိုင်းဝန်း၍ လုပ်ဆောင်လေ့ ရှိကြသည်။ တောထဲတွင်ရှိသော သစ်ပင်ကြီးများကို သူတို့၏ စုပေါင်းစွမ်းအားဖြင့် ခုတ်လှဲပါသည်။ လှေထွင်း ပါသည်။ ထိုကြီးမားသော သစ်ထွင်းလှေကို ပင်လယ်ကမ်းခြေဆီသို့ သယ်ဆောင် ထုတ်ယူသည်မှာလည်း အလွန်စနစ်ကျကာ အားကျဖွယ်ရာ ကောင်းပါသည်။ ပင်လယ်ကမ်းစပ် နေရာများတွင် ပေါက်ရောက်လေ့ရှိသော ရင်ကမ်းပင်မှ ရင်ကမ်း အလက်များကို တစ်စုနှင့်တစ်စု စီစီညီညီ ထပ်ကာ ပြုလုပ်ထားသော ရင်ကမ်းလှေမှာ အလွန်ပင်လက်ရာမြောက်လှပါသည်။ ထိုရင် ကမ်းလှေတွင် သံချက်ဆို၍ တစ်ချက်မျှမပါ၊ ကြိမ်ဖြင့်သာ ရစ်ပတ်ခြင်း ၊ ကွပ်ခြင်း ပြုလုပ်ထားသည်မှာ ခိုင်ခန့်လှပါသည်။ စိစပ်လှပါသည်။ ရေတစ်စက်မျှ လှေဝန်းထဲသို့ မ၀င်ပါ။ သူတို့၏ ကျွမ်းကျင်မှုကြောင့် လှိုင်းလေလာလည်း ကြောက်လန့်မှု မရှိကြပါ။ သို့သော်လည်း လှိုင်းလေများ အလွန်ပြင်းထန်စွာ တိုက်ခတ် လာသောအခါ သူတို့သည် ကမ်းခြေများ၊ လေကွယ်ရာကျွန်းစုများတွင် စုပေါင်း၍ နေထိုင်လေ့ရှိကြ ပါသည်။
ဆလုံ တိုင်းရင်းသားတို့၏ အလုပ်အကိုင်ကို ဖော်ပြရလျှင် ငါးဖမ်းခြင်း၊ ပုလဲငုပ်ခြင်း၊ ပင်လယ်မျှော့ ငုပ်ခြင်း၊ ကနုကမာ၊ ငှက်သိုက် ရှာဖွေခြင်း၊ ပျားဖွတ်ခြင်း၊ ရှာခြင်း၊ ရေနှင့်ပါတ်သက်သော လုပ်ငန်း အ၀၀ကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်သော တိုင်းရင်းသားများပင် ဖြစ်ပါသည်။ ကျောက်ကြို ကျောက်ကြားထဲသို့ နှစ်ခွစူး၊ မှိန်းတံရှည်နှင့် ငါးထိုးနေသော ကလေးငယ်များကိုလည်း ကျွန်တော်မြင်ဖူး ပါသည်။ ယခုအခါ ခေတ်မီလာသော ဆလုံတို့မှာ ရေငုပ်မျက်မှန် အကောင်းစားနှင့် အောက်စီဂျင် အသက်ရှူဘူးတို့ဖြင့် ရေငုပ်ကာ ပုလဲရှာနေကြပြီ၊ ပင်လယ်မျှော့ ရှာနေကြပြီ ဖြစ်ပါသည်။
ကျွန်တော် တွေ့ခဲ့သော ဆလုံ တိုင်းရင်းသားတို့မှာ ယောက်ျားလေးရော၊ မိန်းကလေးပါ အသက်(၁၀) နှစ်ခန့်တွင် ရေနှင့် ပါတ်သက်၍ အစစ အရာရာ အလွန်ကျွမ်းကျင်နေကြလေပြီ။ ထိုစဉ်က ကျွန်တော့် မျက်စိရှေ့တွင်ပင် (၁၀)နှစ်သားခန့် ရှိသော ဆလုံ ယောက်ျားလေးမှာ ခက်ရင်း စူးခွ မှိန်းတံရှည်ကို ကိုင်ဆောင်လျက် (၁၅)ပေခန့် နက်သော ပင်လယ်ရေထဲသို့ လှေပေါ်မှ ပလုံကနဲ ခုံဆင်း လိုက်သည်မှာ (၁၀) မိနစ်ခန့်ပင် မကြာလိုက်ပါ။ သူပြန်တက်လာသော အခါ လက်ထဲတွင် (၂)ပေခန့်ရှိသော ငါးမန်းဖြူတစ်ကောင် ပါလာသည်ကို တွေ့ရသဖြင့် ကျွန်တော်မှာ လွန်စွာပင် အံ့သြသွားပါသည်။ မနက်ပိုင်းကလည်း ထိုနည်းတူစွာ ငါးလိပ်ကျောက် (လိပ်ပုံသဏ္ဍန်ငါးပြားကြီး) တစ်ကောင်းကို ရခဲ့ကြောင်း၊ ထိုသူငယ်က လက်ဟန်ခြေဟန်ဖြင့် ကျွန်တော့်ကို ပြောပြပါ သေးသည်။ ဆလုံတို့သည် လူကြီး လူငယ်မရွေး အအားမနေဘဲ အမြဲတစေ အလုပ်လုပ်နေသော လူမျိုးပင် ဖြစ်ပါသည်။ လွတ်လပ်မှုကို မြတ်နိုးကာ တစ်ခုမဟုတ် တစ်ခု အလုပ် လုပ်နေသော တိုင်းရင်းသားများပင်။ များသောအားဖြင့် သူတို့သည် လက်ထဲတွင် ခက်ရင်း စူးခွ မှိန်းတံရှည်ကို ကိုင်ဆောင်ကာ ကမ်းခြေ၊ ကျောက်ဆောင်၊ ကျောက်ကြို ကျောက်ကြားအောက်ရှိ ငါးမျိုးစုံတို့ကို ထိုးယူ ဖမ်းဆီးကြ ပါသည်။ ဟိုစဉ်က ဆလုံ တိုင်းရင်းသားတို့ ငါးဖမ်းသည် ဆိုသည်မှာ ငါးဖမ်း ပိုက်များဖြင့် ဖမ်းလေ့ ဖမ်းထ နည်းပါး ပါသည်။ သို့သော် ယခုအခါတွင်မူ ငါးဖမ်းပိုက် အမျိုးမျိုးဖြင့် အတော်များများ ဖမ်းဆီးလာကြ ပါသည်။ သူတို့ဘ၀မှာ ယခင်က ဖမ်းယူရရှိ ငါးများနှင့် ရေငုပ်၍ ရရှိသော ပုလဲ၊ ပင်လယ်မျှော့ တို့ကို ရောင်းချရာတွင် ဈေးနှိမ်ခြင်း ခံရသော်လည်း ယခုအခါ ထိုက်ထိုက်တန်တန် ဈေးမှန်၊ အလေးမှန် ရရှိခဲ့ပါပြီ။ ဖဲရိုက်ကာ ကက်ဆက်နားထောင် နေကြသော ဆလုံများ၊ ရွှေဆွဲကြိုး တ၀င်းဝင်းနှင့် ဆလုံများ၊ ခြင်းလုံးခတ်ကာ အပန်းဖြေ နေကြသော ဆလုံ ကလေးငယ်များ၊ ဘာပဲပြောပြော ဆလုံ တိုင်းရင်းသားတို့ လူနေမှုဘ၀ တိုးတက် ဖွံ့ဖြိုးလာခဲ့သည်မှာ အမှန်ပင် ဖြစ်ပါသည်။
ထိမ်းမြားလက်ထပ်ခြင်း
ဆလုံ တိုင်းရင်းသား တို့သည် ကလေး မီးဖွားလျှင် မွေးဖွားလာလျှင် မွေးဖွားစကလေး အတွက် နတ်ဆရာနှင့် နတ်ကိုးကွယ် ကြသည်။ သေဆုံးသွား လျှင်လည်း သေဆုံးသူ ကောင်းရာ မွန်ရာ ရောက်အောင် နတ်ဆရာနှင့် ပူဇော်ပသလေ့ ရှိသည်။ ထိုနည်းတူစွာ သတိုးသားနှင့် သတိုးသမီး ထိမ်းမြား လက်ထပ်ပွဲတွင်လည်း နတ်ဆရာနှင့် ရိုးရာနတ်ကို ပူဇော်ပသမှု ပြုမှသာလျှင် လင်မယား အရာမြောက် သည်ဟု ဆလုံတို့က ယူဆပါသည်။ ဆလုံတိုင်းရင်းသား တို့သည် ငယ်ရွယ်စဉ်ကပင် အိမ်ထောင်ပြုသူများ ဖြစ်သည့် အားလျော်စွာ အသက်(၁၇)၊ (၁၈)နှစ်ခန့်တွင် အိမ်ထောင်ပြုလေ့ ရှိပါသည်။ အမျိုးသား တစ်ယောက်သည် အမျိုးသမီးတစ်ယောက်ကို သဘောကျ နှစ်သက်သောအခါ အမျိုးသမီး မိဘများထံသွား၍ တောင်းရမ်းရပါသည်။ ထိုသို့ တောင်းရမ်းစဉ် အမျိုးသားနှင့်အတူ မိဘ(၂)ပါး ပါရသည်။ ဆလုံတို့၏ အကြီးအကဲ ပါရသည်။ အမျိုးသမီးဘက်က လက်ခံသောအခါ မင်္ဂလာပွဲရက်ကို နေ့သတ်မှတ်၍ နတ်ဆရာနှင့် တိုင်ပင်ကာ စားသောက် ဖွယ်ရာများကို စီမံပြင်ဆင်ကြ ပါသည်။
သူတို့၏ အစား အသောက်များကား အထူးအဆန်းမဟုတ်ပါ။ ငါးကင်များ၊ ဆီနည်းနည်းဖြင့် ကြော်ထားသော လင်းနို့ကြော်၊ လင်းဆွဲကြော်၊ အူ အသည်းများ ထုတ်ထားသော ကြက်ကောင်လုံးပြုတ်၊ ကြက်ကောင်လုံးကင်၊ တစ်ခါတစ်ရံရတတ်သော သင်းခွေချပ်ကြော်၊ မျောက်သားကြော်နှင့် ပျားရည်၊ အရက်တို့ပင် ဖြစ်ပါသည်။ မျောက်ချေးခါးကိုလည်း ဆလုံတို့ စားလေ့ စားထ ရှိပါသည်။ မင်္ဂလာ အခမ်းအနား ကျင်းပသည့် နေ့ရက်တွင် တစ်စုတစ်ဝေးတည်း နေကြသည့် ဆလုံတို့မှာ မည်သည့်ကိုယ်ရေး ကိုယ်တာ အလုပ်ကိုမျှ မလုပ်ဘဲ မင်္ဂလာပွဲအတွက်သာ အားလုံး ၀ိုင်းဝန်း လုပ်ဆောင် ချက်ပြုတ်ကြ ပါသည်။ နံနက်(၉)နာရီခန့်တွင် ဆလုံနတ်ဆရာ ရောက်လာ ပါသည်။ သူ့လက်ထဲတွင် ပလွေကဲ့သို့သော တူရိယာလေးတစ်ခု ပါလာပါသည်။ ဆလုံမင်္ဂလာပွဲကို များသော အားဖြင့် ပင်လယ်ကမ်းစပ် သဲသောင်ပြင်တွင် ကျင်းပလေ့ ရှိပါသည်။ ဆလုံ နတ်ဆရာတစ်ယောက် မင်္ဂလာပွဲသို့ ရောက်ရှိလာချိန်တွင် နတ်ပူဇော်ပွဲအတွက် အစားအသောက်များ ပြင်ဆင်ပြီး အဆင်သင့် ဖြစ်နေပါပြီ။ နတ်ဆရာသည် ရှေးဦးစွာ သူတို့၏ ဆလုံရိုးရာနတ်ကို လက်နှစ်ဖက် ခေါင်းပေါ်မြှောက်ကာ အပေါ်အောက် လှုပ်ရှားလျက် ပလွေမှုတ်ကာ ပင့်ဖိတ်ပါသည်။ ပြီးနောက် လက်ထပ်မည့် အမျိုးသား၊ အမျိုးသမီး လက်လေးဖက်ကို ပူးယှက်စေကာ သူတို့ လက်ပေါ်သို့ နတ်ဆရာ၏ လက်ဝါးနှစ်ဖက်ကို အုပ်မိုးလိုက် ပါသည်။ ထို့နောက် သူတို့ ရိုးရာဖြင့် ဤမင်္ဂလာ မောင်မယ်ကို ရာသက်ပန် စောင့်ရှောက်စေလိုကြောင်း သူတို့၏ ကျန်းမာရေးအတွက် သူတို့ အလုပ်အကိုင် အတွက် အကူအညီများ ပေးစေလိုကြောင်း တိုင်တည်ပြောဆို ပါသည်။ သတိုးသားနှင့် သတိုးသမီးကိုလည်း ရာသက်ပန်ရိုးရာ ရိုးမြေကျ ပေါင်းဖေါ်မည့်အကြောင်း ရိုးရာနတ်ထံ လက်လေးဖက်မြှောက်ကာ တိုင်တည်စေ ပါသည်။
ဆလုံ တိုင်းရင်းသားတို့သည် တစ်လင်တစ်မယား စနစ်ကိုသာ ကျင့်သုံးသောသူများ ဖြစ်ပါသည်။ သူတို့ လောကတွင် အိမ်ထောင်ရေး ဖောက်ပြန်မှုကို လုံးဝလက်မခံချေ။ အိမ်ထောင်ရေး ဖောက်ပြန်သူများကို သူတို့အစုအဝေးမှ ရာသက်ပန်နှင်ထုတ်ကာ သူတို့နှင့် လုံးဝ အဆက်အသွယ် မလုပ်တော့ပါ။ သူတို့သည် အစုအဝေးနှင့် နေတတ်သည့်အားလျော်စွာ ထိုကဲ့သို့ အပြစ်ဒဏ်မျိုးကို အလွန်ပင် ကြောက်ရွံ့ကြ ပါသည်။ သူတို့သည် အိမ်ထောင်ကျသော အခါ သူတို့အတွက် (မင်္ဂလာမောင်မယ်အတွက်) ရိုးရာလှေတစ်စီး၊ ငါးဖမ်းပိုက်တစ်စုံနှင့် ငါးဖမ်းကိရိယာအချို့ကို လက်ဖွဲ့ လိုက်ပါသည်။ ဇနီးမောင်နှံ နှစ်ယောက် ဒိုးတူပေါင်ဖက် လုပ်ကိုင် စားသောက်ကြတော့ဟု ဆိုလိုသည့် သဘောပင်။ သို့သော် ဇနီးမောင်နှံနှစ်ယောက်မှာ အဝေးသို့သွားစရာမလို၊ သည်အစုအဝေးမှာပင် နေထိုင်စေပါသည်။
ဆလုံရိုးရာ နတ်ပွဲများတွင် နတ်ဆရာသည် နတ်ကိုတိုင်တည် ပူဇော်ပြီးနောက် နတ်ပူးလာပြီး နတ်ဝင် လာသည်ဟု ဆိုကာ တုန်တက်လာပါသည်။ ပြီးနောက် အရက်သောက်ပါသည်။ ငါးကင်၊ ကြက်ကောင်လုံးကင်၊ အစားအသောက်များ စားပါသည်။ ပြီးနောက် နတ်ဆရာ တုန်တုန်ယင်ယင်ဖြင့် ကပါသည်။ ပရိသတ်ကလည်း လိုက်ကပါသည်။ နတ်ဆရာ နတ်ဝင်သည်မှာ နာရီဝက်ခန့်သာ ကြာပါသည်။ နတ်ဆရာထံမှ နတ်ထွက်သွားသောအခါ တုန်တုန်ယင်ယင် အမူအရာများ ပျောက်ကွယ်သွား ပါသည်။ ဆလုံတို့၏ မင်္ဂလာပွဲ ကပွဲကား တစ်နာရီင်္ခန့် ကြာမြင့်ပါသည်။
တစ္ဆေကြီးပွဲ
တစ္ဆေကြီးပွဲ ဆိုသည်မှာ အခြားမဟုတ်ပါ။ သေဆုံးသူများကို ကျွေးမွေးသည့်ပွဲပင် ဖြစ်ပါသည်။ ဆလုံ တိုင်းရင်းသားတို့၏ အယူအဆမှာ သေဆုံးသွားသူတို့သည် ကောင်းရာ မွန်ရာရောက်သူ ရှိသကဲ့သို့ တစ်ချို့မှာ တစ္ဆေ၊ သရဲဖြစ်နေသည်ဟု ယုံကြည်ကြသည်။ ထိုတစ္ဆေ၊ သရဲများ၊ စားရမဲ့၊ သောက်ရမဲ့ ဖြစ်နေသည်ကို မလိုလားသဖြင့် တစ်နှစ်တစ်ခါ သူတို့ရှိရာ သင်္ချိုင်းသို့သွား၍ သူတို့ကိုပင့်ဖိတ်ကာ ကျွေးမွေးခြင်းပင် ဖြစ်သည်။ ဆလုံတို့သည် သေဆုံးသူများကို ကျွန်းတစ်ကျွန်းတွင် မြှပ်နှံ သင်္ဂြိုဟ်လေ့ ရှိပါသည်။ ထိုသင်္ချိုင်းတွင် တစ်နှစ်တစ်ခါ( နှစ်စဉ် ဇန်န၀ါရီလ ) ကျင်းပသော တစ္ဆေပွဲကြီးတွင် ထုံးစံအတိုင်း မပါမဖြစ်သည်မှာ ရိုးရာ နတ်ဆရာနှင့် နတ်ပွဲပင်ဖြစ်ပါသည်။ နတ်ဆရာက ရိုးရာနတ်ကို ပင့်ဖိတ်ပြီးလျှင် အစားအသောက်များနှင့် ပူဇော်ပသလေသည်။ သေဆုံးသူများ ကိုလည်း ပင့်ဖိတ် ကျွေးမွေးလေသည်။ ပြီးနောက် နတ်ဆရာက တုန်တုန် ယင်ယင်နှင့် ကွေးနေအောင် ကပါတော့သည်။ ပရိသတ်များ ကလည်း ဗုံတီးပြီး ကကြပါသည်။ သူတို့အကမှာ အာဖရိက လူရိုင်းအကများနှင့် အတော်ပင် ဆင်တူပါသည်။ အရက်သောက်ထားပြီး သွေးကြွ နေတာလည်း ပါပါလိမ့်မည်။ ကျွန်း ကမ်းခြေ၊ ပင်လယ်သောင်စပ်မှပင် ကနေကြသူ အများသား။ မည်သို့ပင်ဆိုစေ ဆလုံ တိုင်းရင်းသားတို့၏ ဤဓလေ့မှာလည်း ချစ်စရာပင် မဟုတ်ပါလော။
ဆလုံရိုးရာလှေကို လွန်းတင်ခြင်း
ဆလုံ တိုင်းရင်းသားတို့သည် သူတို့၏ သစ်ထွင်းလှေနှင့် စက်တပ်လှေများကို တစ်နှစ်တစ်ခါ မှန်မှန် လွန်းတင်လေ့ ရှိပါသည်။ ပင်လယ်သဲသောင်ပြင်ဝယ် လွန်းတင်ရန်ပြင်ဆင်ထားသည့် ရိုးရာလှေမှ ပေါက်ပြဲနေသည့် နေရာများကို မီးတုတ်ဖြင့် ရှို့လိုက်သောအခါ မကောင်းသည့် ပုန်းညက်များ ကွာကျလာ ပါသည်။ မီးတုတ်မှာ အုန်းလက်ဖြင့် မီးရှို့ထားခြင်းဖြစ်ပါသည်။ ပေါက်ပြဲ ယိုစိမ့်ကျနေသည့် ပုန်းညက် အဟောင်း နေရာတွင် ပုန်းညက်အသစ်ဖြင့် ဖာထေးပါသည်။ သူတို့သည် လှေကို လွန်းတင်ရာတွင် စုပေါင်း လုပ်ဆောင်ကြသဖြင့် မည်မျှပင် ကြီးသည့်လှေ ဖြစ်စေကာမူ အများဆုံး လုပ်ရပါလျှင် ငါးရက်ခန့်သာ ကြာမြင့်ပါသည်။ ရင်ကမ်းလှေကို လွန်းတင်ရာတွင် အခြားလှေနှင့်စာလျှင် သက်သာပါသည်။ လိုအပ်သော နေရတွင် ပုန်းညက်အသစ်ဖြင့် ဖာထေးခြင်းပင် ဖြစ်ပါသည်။
ကျွန်တော့်ကိုယ်တွေ့ ရွှေအောင်ပွဲ
ကျွန်တော့် ကိုယ်တွေ့ ကြုံခဲ့ရသည့် ဆလုံတို့၏ ရွှေရှာဖွေခြင်းပြီးဆုံးခြင်း အောင်ပွဲ အတွေ့အကြုံလေးကို ပြောပြချင် ပါသေးသည်။ နေရာကား ရွှေကျွန်းလေး သဲသောင်ပြင်၊ သဲသောင်ကုန်း ကမူနေရာတွင် ဆလုံ နတ်ကွန်းတစ်ခု နတ်ကွန်းအထဲတွင် ထမင်းကြော်၊ ငါးကြော်၊ ကြက်ကင်၊ အရက်များ။ နတ်ကွန်းနံလေးတွင် ရောင်စုံခြယ်သထားသော သစ်သားပြားများ (အကျယ်တစ်ပေ၊ အရှည်ခြောက်ပေ၊ ထု နှစ်လက်မခန့်) စိုက်ထူ ထားသည်။ မြေကြီးထဲတွင် တစ်ပေခန့်သာတူးထည့်ထားခြင်းဖြစ် သည်။
“ဒုံ…ဒုံ…ဒုံတလုံတုန်…ဒုံ…..ဒုံ ”
“ဒုံ…….တလုံတုန်……ဒုံ…..ဟေး…….ေ ဟး……..ဟေး ” ဆလုံတို့၏ အောင်ပွဲ၊ ဆလုံတို့ ရွှေရှာသည်မှာ တစ်လပြည့်ခဲ့ပြီ။ သူတို့ ရွှေရှာသည်မှာလည်း ရိုးရိုးလေးပင်။ ပေါက်တူး၊ ပေါက်ပြားတို့ဖြင့် အကျယ် ၃ပေ၊ အနက် ၄ပေခန့် ကျင်းများတူးကာ၊ အချို့ကလည်း အကျယ် ၄ပေ၊ အနက် ၅ပေခန့် ကျင်းများတူးကြသည်။ ကျင်းထဲမှရသော မြေစာများကို “ယင်း”ဟုခေါ်သော သစ်သားဒယ်များထဲသို့ ထည့်၊ ရေထည့်ပြီးနောက် လက်နှစ်ဖက်ဖြင့် “ယင်း”ကို ဆန်ကောဝိုင်း လှည့်လည်ခြင်းပင်။ ထိုသို့ လှည့်ရာတွင် ဖြည်းဖြည်းမှန်မှန် လှည့်ရပါသည်။ ရေကို မကြာခဏ ထည့်ပေး ရပါသည်။
ဟော.. အခု ဆလုံတို့၏ ရွှေအောင်ပွဲလာပြီ။ ဆလုံခေါင်းဆောင် ဦးဘထွန်း၏ ဦးဆောင်မှုဖြင့် ဆလုံတို့ တစ်လတိတိရွှေရှာပေးခဲ့ပြီ။ သူတို့ရှာသည့်ရွှေကို သက်ဆိုင်ရာက ညနေ(၅)နာရီဆိုလျှင် ချက်ချင်း ငွေအပြည့် ချေ၍ ပေါက်ဈေးအတိုင်းယူသည်။ မည်သို့ဆိုစေ ဆလုံတို့ တာဝန်ကျေပါသည်။ သူတို့ အောင်ပွဲတစ်ခု ရခဲ့ပြီ မဟုတ်ပါလော။ ထို့ကြောင့် အောင်ပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပနေသည်။ အောင်ပွဲနှင့်အတူ ပတ်ဝန်းကျင် တစ်ခုလုံးတွင် ဗုံသံ ၊ ဘင်သံ၊ ဗုံတစ်လုံးနှင့် ဘင်တစ်ခု ( ဘင်ခရာ အဖွဲ့တွင် သုံးသည့်ဘင်) များက မိုးဟိန်းသလို ဟိန်းထွက်နေသည်။ ဆလုံအမျိုးသားနှင့် အမျိုးသမီးတို့ စည်းချက်ညီညီ ခြေလက်အရွှေ့အပြောင်း အချိုးတို့ဖြင့် ကခုန်နေကြသည်။ ပါစပ်မှလည်း ဟေး…..ဟေး……ဟု အားမာန်ပါပါ အော်ဟစ်နေကြသည် ။ အင်မတန် ပျော်စရာ ကောင်းလှသည်။ ဦးဘထွန်းနှင့် နတ်ဆရာတို့ ထမင်း၊ ဟင်း၊ ငါးကင်၊ ကြက်ကြော်၊ အရက်တို့ဖြင့် သူတို့ ရိုးရာနတ်ကို ပသပူဇော်နေကြသည်။ သူတို့ရှေ့တွင် နတ်ကွန်း၊ သဲကုန်းမြင့်ပေါ်က နတ်ကွန်း၊ သူတို့ ပူဇော်ပသပုံမှာ လက်နှစ်ဘက်ကို ကားထား၍ ခေါင်းပေါ် မြှောက်လိုက်၊ နည်းနည်း အောက်ချလိုက် လုပ်ခြင်းပင်၊ ပါးစပ်မှလည်း ဆလုံလို တတွတ်တွတ်ဖြင့် ရေရွတ်မြည်တမ်း ဆုတောင်း နေကြသည်။ ရွှေရှာသည့် သူတို့အောင်ပွဲပေးသော ရိုးရာနတ်အား ကျေးဇူးတင်ပါကြောင်း နတ်ဆရာက ထပ်တလဲလဲ ပြောနေခြင်းပင် ဖြစ်သည်။
အောင်ပွဲ….၊ မဟာအောင်ပွဲ၊ အောင်ပွဲသံက မိုးယံသို့ အောင်မြင်စွာ ထိုးတက် သွားလေပြီ။ ဆလုံ အမျိုးသား အမျိုးသမီးတို့၏ အချက်ကျကျ ကကြိုး၊ ကကွက်နှင့် ဗုံသံ၊ ဘင်သံများ… စည်ညံလို့… ..ပျော်စရာ…ပျော်စရာ .. ပျော်စရာအတိ… .ပျော်စရာအပြည့်…..။........ အွန်လိုင်း ( မှတ်စုစာအုပ်မှ ကူးယူဖော်ပြပါသည်။
Wednesday, May 16, 2012
ပွင့်လင်းမြင်သာသောအခွန်စနစ်(2012)
ွအနေနဲ့ မတန်တဆ အခွန်ထမ်းရမှာ စိုးရိမ်တော့ အမှန်အတိုင်း မဖော်ပြခဲ့ကြပါဘူး..
နည်းလမ်းအမျိုးမျိုးနဲ့ဖုံးကွယ် လိမ်ညာခဲ့ကြပြီး အခွန် သက်သာအောင် ကြိုးစားခဲ့ကြပါတယ်..
အခွန်ပေးဆောင်တဲ့ အခါမှာလည်းမှောင်ခိုနည်းကို သုံးခဲ့ကြရပါတယ်..
မှန်မှန်ကန်ကန် အခွန်ပေးဆောင်ချင်ပေမယ့် ယခင် အခွန်ဥပဒေက အမှန်အတိုင်း
ရင်မဆိုင်ရဲလောက်အောင် ခြိမ်းခြောက်ဟန့်တားသလို ဖြစ်နေခဲ့တာ မလို့ပါ ...
ဒါပေမယ့် ..အခု... ဒီမိုကရေစီစနစ်နဲ့ ဟန်ချက်ညီတဲ့ ပွင့်လင်းမြင်သာလာမယ့် အခွန်စနစ်....
ဝမ်းမြောက်စွာ ကြိုဆိုပါတယ်ဗျာ.....
2012 ခုနှစ် ဧပြီလ(၁)ရက်နေ့ မှာ စတင်မယ့် ... 2012-2013 ဘဏ္ဍာရေးနှစ် ...
ပွင့်လင်းမြင်သာသော အခွန်စနစ်ကို နိဒါန်းပျိုးလိုက်သည့်နှစ်ဟုပင် ဆိုလိုက်ချင်ပါတော့သည်.........
အခွန်နှုန်းထားများ..
ဝင်ငွေအပေါ်စည်းကြပ်သည့် တိုက်ရိုက်အခွန် အမျိုးအစားဖြစ်သော ၀င်ငွေခွန်နှုန်းထားများ ပြောင်းလဲသွားသည်။
2006-2007 တွင် စီပွားရေးလုပ်ငန်းဝင်ငွေအပေါ် (၁)ကျပ် မှ (၅)ထောင် အထိ 5% ဖြစ်ပြီး၊ နောက်ထပ်ဝင်ငွေ
ကျပ်(၁)သောင်းတိုးမြင့်လာတိုင်း အခွန်နှုန်း အဆင့်ဆင့် မြင့်တက်သွားရာ ၀င်ငွေ(၄)သောင်း မှ (၁၀)သိန်းထိ 25% ၊
သိန်း (၂၀)အထိ 35% နှင့် သိန်း(၂၀)အထက်ဆိုလျှင် အမြင့်ဆုံး အခွန်းနှုန်း 40% သတ်မှတ်ခဲ့သည်။
ယခုပြောင်းလဲလိုက်သော အခွန်စနစ်တွင်...
ဝင်ငွေ(၁)ကျပ် မှ (၅)သိန်းထိ 1% ၊ နောက်ထပ်ဝင်ငွေ (၅)သိန်းတိုးမြင့်လာတိုင်း 1% စီသာထပ်မံတိုးမြင့် သွား၍
သိန်း(၄၀)ထက်ကျော်ပြီး သိန်း(၆၀)အထိ 7% သာစည်းကြပ်မည်ဖြစ်သည်။ သိန်း(၆၀)ထက်ကျော် ပြီး နောက်ထပ်
ဝင်ငွေ သိန်း(၂၀)၊ ထိုမှတဆင့် သိန်း(၅၀)ထပ်တိုးလာတိုင်း 2%စီသာ တိုးမြင့်မည်ဖြစ်ရာ ၀င်ငွေသိန်း(၁၅၀)ကျော် မှ
သိန်း(၂၀၀)အထိ 15% နှင့် ၀င်ငွေ သိန်း(၂၀၀)အထက်ကို အမြင့်ဆုံးအခွန်နှုန်း 20% သာ စည်းကြပ်မည်ဖြစ်သည်။
ယခင်အမြင့်ဆုံးဝင်ငွေ သိန်း(၂၀) တွင် 40% မှ ယခု အမြင့်ဆုံးဝင်ငွေ သိန်း(၂၀၀) မှ 20%သာစည်းကြပ် မည်ဖြစ်သည်။
ဝင်ငွေအလွှာများ...
နောက်ထပ်သိသာသော ပြောင်းလဲမှုမှာ ၀င်ငွေအလွှာသတ်မှတ်ထားပုံဖြစ်သည်။ ယခင်က ၀င်ငွေ တစ်လွှာ နှင့်
တစ်လွှာကြား ကွာဟချက်မှာ (၅)ထောင်၊ (၁)သောင်း၊(၂)သောင်း အသီးသီး ရှိခဲ့ပြီး အများဆုံးကွာဟချက်မှာ
ကျပ်(၂)သိန်းအထိသာ ရှိခဲ့သည်။ ၀င်ငွေလွှာ ကွာဟချက် နည်းပါးခြင်းကြောင့် ၀င်ငွေ အနည်းငယ်တိုးမြင့်လိုက်ရုံဖြင့်
စည်းကြပ်ရမည့် အခွန်နှုန်းအဆင့် ခုန်တက်သွားသည့်သဘောဆောင် သည်။
ယခု ၀င်ငွေလွှာ အသစ် သတ်မှတ်ပုံမှာ ၀င်ငွေ တစ်လွှာ နှင့် တစ်လွှာကြား ကွာဟချက် ပမာဏမှာ ကျပ်(၅)သိန်း၊
(၁၀)သိန်း၊ သိန်း(၂၀) မှ သိန်း(၅၀) အထိရှိသည်။ ထို့ကြောင့် အခွန်နှုန်း ခုန်တက်သွားစေရန် အကြောင်း မရှိနိုင်တော့ပါ။
သက်သာခွင့်များ..
ပထမဦးစွာ ၀င်ငွေ၏ အဓိပ္ပါယ်ကို သိထားသင့်ပါသည်။ ၀င်ငွေဆိုသည် လုပ်ငန်းမှ ရရှိသည့် ရငွေများထဲမှ ထိုသို့
ရရှိလာစေရန် ကျခံသုံးစွဲခဲ့ရသည့် ကုန်ကျစရိတ်များ ကို နှုတ်ပယ်ပြီးနောက် ကျန်ရှိနေသေးသောငွေကို ၀င်ငွေဟု
ခေါ်ခြင်းဖြစ်သည်။
လခစားတစ်ဦး ၏ ၀င်ငွေသည် ဘဏ္ဍာရေးနှစ် တစ်နှစ်တာအတွင်း ထိုသူရရှိသည့် လစာငွေအပြင် လစာကဲ့သို့
အကျိုးခံစားခွင့် ရရှိမှုများ(အခမဲ့ နေအိမ်စသည်) ဖြစ်သည်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ၀င်ငွေသည် ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်း ရငွေများထဲမှ ထိုသို့ရရှိရန် ကျခံ
သုံးစွဲခဲ့ရသည့်(ကုန်ဝယ်ငွေ၊ ကုန်ဝယ်စရိတ်၊ ပြန်လည်ရောင်းချစရိတ် စသည့်) ကုန်ကျစရိတ်များကို နုတ်ပါယ် ပြီး
နောက် ကျန်ငွေဖြစ်သည်။ မိသားစု နေထိုင်စားသောက်စရိတ်များကိုတော့ ၀င်ငွေရရှိရန် ကုန်ကျသည့်စရိတ် အဖြစ်
မသတ်မှတ်နိုင်သဖြင့် အခွန်စည်းကြပ်ရမည့် ၀င်ငွေထဲမှ နုတ်ပယ်နိုင်မည် မဟုတ်ပေ။
ထို့သို့ နုတ်ပယ်ခွင့် မပြုသော်လည်း သက်သာခွင့်များပေးထားသည်။ ၀င်ငွေ ၏ ငါးပုံတစ်ပုံကို အခြေခံ ခွင့်ပြုငွေ
အဖြစ် ကျပ်သိန်း(၁၀၀)အထိ (ယခင်က(၁)သောင်း(၂)ထောင် ) ခွင့်ပြုသည်။
အိမ်ထောင်ဖက်တစ်ဦးတည်းအတွက် ကျပ်(၃)သိန်း (ယခင်က (၅)ထောင်)
သားသမီးတစ်ဦးလျှင် ကျပ်(၂)သိန်းနှုန်း (ယခင်က (၂)ထောင်) တို့ကို စည်းကြပ်ရမည့် ၀င်ငွေထဲမှ နုတ်ဖယ်၍
အခွန် မကျသင့်ရန် သက်သာခွင့်ပြုထားသည်။
ပွင့်လင်းမှန်ကန်..
မမှန် မကန် စည်းကြပ်ခံရသည်ဟု ယူဆလျှင် သက်ဆိုင်ရာ အခွန်စည်းကြပ်သူထံမှ အခွန်းစည်းကြပ်မိန့် မိတ္တူကို
တရားဝင် တောင်းယူ စစ်ဆေးကြည့်နိုင်သည်။ လွဲမှား စည်းကြပ်ထားသည်ကို တွေ့ရလျှင် အယူခံဝင်ရောက်ခြင်း ဖြင့်
မိမိ၏ မကျေနပ်မှုကို တင်ပြ ဖြေရှင်းခွင့်ရှိသည်။
အခွန်စည်းကြပ်ရန် တာဝန်ရှိသည့် ၀န်ထမ်းများကလည်း ပွင့်လင်းမြင်သာသော အခွန်စနစ်ဖြစ်မြောက်လာစေရန်
ယခင်က ရှိခဲ့ဘူးသော ချို့ယွင်း အားနည်းချက်များကို ကင်းစင်အောင် ကြိုးပမ်းရပါလိမ့်မည်။
အခွန်ဝန်ထမ်းများအနေဖြင့် အခွန်စည်းကြပ်မှုများကို မှန်ကန် မျှတအောင်ဆောင်ရွက်ကြရန်သာ မဟုတ်...
ထိုသို့ မှန်ကန် မျှတစွာစည်းကြပ်ခြင်း ဖြစ်ကြောင်း ထင်ရှား မြင်သာအောင် ဆောင်ရွက်ရန်လည်း တာဝန်ရှိပါသည်။
ပွင့်လင်းမြင်သာ၍ အကျင့်ပျက်မှုများကို ပြတ်ပြတ်သားသား ဖယ်ရှားကြခြင်းဖြင့်
ခိုင်ခံ့သော ဘဏ္ဍာရေးစနစ်တစ်ရပ် ထူထောင်ရန် အချိန်တန်ပြီဖြစ်တော့သည်........။
လေးစားစွာဖြင့်..
ပြည်သူ့မျက်နှာကို ကြည့်ပေးကြပါ...
"ကာကွယ် စောင့်ရှောက်" နဲ့ "လေးစားလိုက်နာ" ...
အနက် အဓိပ္ပါယ် ကွားခြားတယ်ဆိုတာကိုလည်း အားလုံးအသိ .....
ဒီနေရာ မှာ NLD အနေနဲ့ "ကာကွယ် စောင့်ရှောက်" ဆိုတဲ့ စကားရပ်အစား ....
"လေးစားလိုက်နာ"ဆိုတဲ့ စကားရပ် နဲ့ ပြောင်းလဲပေးပါလို့ ဆိုရေး/ ဆိုခွင့်... ရှိ / မရှိ ....
ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် စာမျက်နှာတွေကို ပြန်လှန်ကြည့်လိုက်ပြန်တော့ ...
ကော်မရှင် ဥပဒေမှာလည်း စကတည်းကိုက ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပါမယ် လို့ ဆိုထားပြီးသားပါ ..
ဒါပေမယ့် .. နိုင်ငံတော်သမ္မတကြီး နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံတဲ့ အခါမှာ ကြားဖြတ်ရွေးကောက်ပွဲမှာ
NLD ပါဝင်သင့်တယ်.. NLD ကလည်း ပါဝင်ပါ့မယ် .. ဒါပေမယ့် အဲ့ဒီအချက်ကို ပြုပြင်ပေးပါ လို့ အဆိုပြုခဲ့တဲ့
အတွက် မှတ်မှတ်ရရ ၂၀၁၁ -ခုနှစ်၊ နိုဝင်ဘာ(၄)ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ရွေးကောက်ပွဲကော်မရှင်က
ပြင်ပေးလိုက်တယ် ဆိုတာ ဖတ်လိုက်ရတော့ ...၀မ်းမြောက်မိတာ အမှန်ပါ ...
တကယ်တန်းပြောရရင် NLD ဟာ " လေးစားလိုက်နာပါမည်" ဆိုတဲ့ စကားရပ် နဲ့ ကြားဖြတ်ရွေးကောက်ပွဲ မှာ
ဝင်ရောက်ခဲ့တာပါ ... အခု လွှတ်တော်ကို ၀င်မယ်ဆိုပြန်တော့ .. ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၅ ကို ရည်ညွန်း
ထားတဲ့ ဇယား(၄)မှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကတိသစ္စာပြုချက် (သို့) ကျန်းသစ္စာကျိန်ဆိုချက်နေရာမှာက
ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ဖြစ်နေပြန်ရော ... အဲဒီမှာ အခက်အခဲ..အဖုအထစ်လေး ဖြစ်နေတာပါ....
ဒီနေရာမှာ ...
ဖွဲ့စည်းပုံအခြေခံဥပဒေပါ စကားရပ်ကို ပြောင်းလဲရမှာဖြစ်လို့ ကော်မရှင်ကလည်း သူတို့လုပ်လို့မရဘူး ဆိုနေပြန်သလို
ဖွဲ့စည်းပုံအခြေခံဥပဒေပါ စကားရပ်ဖြစ်နေလို့ တစ်ဦးတစ်ယောက်ရဲ့ ဆန္ဒသဘောထားနဲ့လည်း ပြောင်းလို့ မရနိုင်ဘူး
လို့ ဆိုနေကြပြန်တယ်...
သို့ဆိုလျှင်... ဘာဆက်လုပ်ကြမည်နည်း...
ဒီအတိုင်းပဲ ထားမလား..စာအုပ်ကြီးအတိုင်း သွားမလား...
ဒီအတိုင်းပဲထားပြီး ... စာအုပ်ကြီးအတိုင်းသွားခဲ့လျင် ..ပြည်သူတစ်ယောက်အနေနှင့် စိုးထိတ်မိပါသည်..စိုးရိမ်မိပါသည်...
အဘယ်ကြောင့်ဆိုသော် ရွေးကောက်တင်မြောက်ခံထားရသော ကိုယ်စားလှယ်သည်(၁၅)ရက်ဆက်တိုက် လွှတ်တော်
တက်ဖို့ ပျက်ယွင်းလျင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် မှ ပါယ်ဖျက်ပြစ်လို့ ရနိုင်တာ မလို့ပါ....
မဖြစ်သင့်တာတွေ..မဖြစ်ရလေအောင်.. ပြည်သူ့မျက်နှာကို ကြည့်ပေးကြပါလားဗျာ...
နည်းလမ်းတွေ ရှိနေတာမလို့ ပြေလည်အောင် မဆောင်ရွက် ပေးနိုင်ကြတော့ဘူးလားဗျာ....
ကျွန်တော် ဘယ်သူ.. ဘယ်သူကို မှ အပြစ်တင်နေတာ မဟုတ်ပါဘူး...
သို့ဆိုလျှင် ယခုဖြစ်ပေါ်နေသော အခက်အခဲ အဖုအထစ်ကို ဖြေရှင်နိုင်မည့် နည်းလမ်း မရှိတော့ဘူလား ဟု
လက်ရှိ ရှိနေသည့် လမ်းကြောင်းပေါ်မှာပင် စဉ်းစားမိသည်..။
တဖက်က ဆိုသလို ဖွဲ့စည်းပုံအခြေခံဥပဒေထဲက စကားရပ် ဖြစ်နေတာမလို့ ဆိုခဲ့လျှင် ယင်းဖွဲ့စည်းပုံ အရပင် ယခု
တက်ရောက်နေသော လွှတ်တော်ကိုယ်စားလှယ်များ၏့  20% အတည်ပြုပေးလျှင် NLD ၏ အဆို စကားရပ်ကို
တရားဝင် ပြောင်းလဲပေးလို့ ရနိုင်ပေသည်.... တစ်ခုတော့ ရှိပေသည်...
လွှတ်တော်တွင် ကိုယ်စားလှယ် အများဆုံး တည်ရှိနေသော ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များ ပါဝင်ဖို့ လိုပါသည်...
လက်ရှိလွှတ်တော်တွင် တက်ရောက်နေကြသော ဒီမိုကရေစီလွှတ်တော်ကိုယ်စားလှယ်များ နှင့် ပြည်ခိုင်ဖြိုး
ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောင်ရွက်နိုင်သည် ဟု အပြည့်အ၀ ယုံကြည်မိပါသည်....
ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများ၏ အသိအမှတ်ပြုခြင်း ခံရနိုင်သော အခွင့်အလမ်းတစ်ရပ်
လက်ဝယ်ရာက်ရှိနေသည်ဟုပင် ဆိုလိုက်ချင်ပါသည်...
လွှတ်တော်အတွင်းရှိ ကိုယ်စားလှယ်တော်ကြီးများအနေဖြင့် NLD နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အလို့ငှါ ....
" လေးစားလိုက်နာပါမည်" ဆိုသော စကားရပ် နှင့် ကြားဖြတ်ရွေးကောက်ပွဲ မှာ NLD ၀င်ရောက်ခဲ့သလို
လွှတ်တော်အတွင်းသို့ " လေးစားလိုက်နာပါမည်" ဆိုသော စကားရပ်နှင့်ပင် ၀င်ရောက်နိုင်ရန် ဆောင်ရွက်
လုပ်ဆောင်ပေးစေလိုပါသည်။ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ နိုင်ငံအကျိုးကို ဖြစ်ထွန်းစေမည်ဖြစ်သည် ။
သမိုင်းကိုပြန်ကြည့်ရင် ၉၀ -ရွေးကောက်ပွဲကာလတုန်းက... .... ...... .သဏ္ဍန်တူ ..... ဖြစ်ခဲ့တာမလို့ ........
ပေါင်းလောင်းဓါတ်အားပေးစက်ရုံကြီးကို ဂျပန်အင်ဂျင်နီယာတွေ လုပ်ရင်းကိုင်ရင်း အိမ်ပြန်ကုန်လို့ တရုတ်ကြီးနဲ့
ခရီးဆက်ခဲ့ရသည် .. လောပိတ ဓါတ်အားပေးရုံကို ပြန်လည်မွန်းမံမှု လုပ်ပေးနေကြတဲ့ ဂျပန်အင်ဂျင်နီယာတွေလည်း
အိမ်ပြန်ကုန်ကြလေသည်... အခြား အကြောင်းအချင်းရာ အမြောက် အများရှိနေပါသေးသည်...
နောက်ဆုံး နိဂုံးအဆုံးသတ်လိုက်တော့ ..
တိုင်းပြည် နိုင်ငံဖွံ့ဖြိုး တိုးတက်မှု နဲ့ ပြည်သူတွေရဲ့ဘ၀တွေ အရှုံးကိုသာ ရင်ဝယ်ပိုက်ခဲ့ရလေတော့သည်..
တိုးတက်ဖွံ့ဖြိုးမှုတွေ အားလုံး ဆုံးရှုံး နစ်နာခဲ့ရသည်...
ယခုဆိုလျှင် နိုင်ငံတော်သမ္မတကြီး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် သိသာ
မြင်သာသော ဖွံ့ဖြိုးမှု လမ်းစများကို တွေ့မြင်နေရပါပြီ... ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံတကာက အကူအညီတွေကလည်း
တာဆူနေကြပါပြီ.. ဘွဲ့ရ လူငယ်တွေအတွက် လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ လှမ်းမျှော်ကြည့်လို့ ရနေပေပြီ...
မြို့ပြစနစ်တွေ တည်ဆောက်ဖို့ .. စက်ရုံ အလုပ်ရုံ နည်းပညာတွေ တိုးတက်ဖို့ .. ငွေကြေးစနစ်တွေ ခိုင်မာဖို့ ..
လမ်းစတွေလည်း အများအပြား မြင်တွေ့နေရပြီဖြစ်သည်...
ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် သိသာ မြင်သာသော အောင်မြင်မှု သာဓက ရလာဒ်များပင် ဖြစ်တော့သည်..
အကယ်၍များ....
ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့တော့ဘူး ဆိုခဲ့လျှင်... ဒုံရင်း ..ဒုံရင်း ..ပြန်ဖြစ်မှာ စိုးရိမ်မိပါသည်...
နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှင့် ပြည်သူ လူထု ..အနာဂတ်လူငယ်တို့၏ လုပ်အားရင်းမြစ်...
အရှုံးကိုသာ ရင်ဝယ်ပိုက်ရန် ရှိတော့သည်။
ထို့ကြောင့် ...
NLD အနေဖြင့် " လေးစားလိုက်နာပါမည်" ဆိုသော စကားရပ် နှင့် ကြားဖြတ်ရွေးကောက်ပွဲ မှာ ၀င်ရောက်ခဲ့သလို
လွှတ်တော်အတွင်းသို့ " လေးစားလိုက်နာပါမည်" ဆိုသော စကားရပ် ဖြစ်မှသာ ၀င်ရောက်မည်လား..
(သို့တည်းမဟုတ်....)
လက်ရှိ လမ်းကြောင်းအရ .. လွှတ်တော်တွင်ရှိနေကြသော ကိုယ်စားလှယ်များကလည်း NLD နှင့် ပူးပေါင်းဆောင်ရွက်
လိုပါသည်ဟု ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်များ၏့  20% ဖြင့် NLD ၏ အဆို စကားရပ်ကို အတည်ပြုပေး၍
လွှတ်တော်သို့ လက်တွဲ ခေါ်ဆောင်ကြမည်လား ....
( လက်ရှိအနေအထားအရ NLD အနေဖြင့် လွှတ်တော်သို့ ၀င်ရောက်ခဲ့ပါကလည်း တက်ရောက်ခွင့်ရသည့်သူများဖြင့်
ဖွဲ့စည်းပုံ အခြေခံဥပဒေအား ကြီးမားသည့် အပြောင်းအလဲ ပြုပြင်ရန် မစွမ်းသာသေးပါလျှက် ...
ပြည်သူ့လွှတ်တော် မှ ဖြေလျော့၍ NLD နှင့် လက်တွဲရန် လိုက်လျောမှု မပြုနိုင်ကြတော့ဘူးလား....)
မည်သို့ပင်ဆိုစေကာမူ ...
ဖွံ့ဖြိုး တိုးတက်သော အနာဂတ် နိုင်ငံတော်သစ် အတွက်....
ပြည်သူ့မျက်နှာကိုသာ ကြည့်ပေးကြပါ ....ဟု ..ဆန္ဒပြုရင်း ....
ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ နိုင်ငံအကျိုးကို ဖြစ်ထွန်းစေမည် ဖြစ်သည် .....
လေးစားစွာဖြင့် .....
မနေချင်ရင်သွားပေါ့..မတားပါဘူး ...
အရိုင်းနဲ့အယဉ်..
သဘာဝအတိုင်း ယောက်ျား၊ မိန်းမအားလုံး ကိုယ်လုံးတီးနေပြီး အမဲလိုက် ကစားနေကြတဲ့လူတွေကို ကမ္ဘာဦး
လူသား အရိုင်းတွေလို့ သတ်မှတ်ကြတယ်။ မိမွေးတိုင်း ဖမွေးတိုင်း ခန္ဓာကိုယ်ကို ဖုံးရကွယ်ရမှန်း သိလာကြပြီး
စိုက်ပျိုးစားသောက်တတ်လာတာကို ယဉ်ကျေးလာတယ်လို့ ခေါ်ကြတယ်။ အရိုင်းအဆင့်တုန်းက ကိုယ်လိုချင်
တာကို ရအောင်ယူဖို့ပဲသိတယ်။ မရရင် လုယူတယ် ။ သတ်ယူတယ်။ တရားတာ မတရားတာ ၊ မှားတာ မှန်တာ
မစဉ်းစားဘူး။ စိတ်ထဲမှာ ရှိတဲ့အတိုင်းဘဲ လုပ်လိုက်ကြတယ်။ အဲဒါ .. မယဉ်ကျေးတဲ့ လူရိုင်းတွေပေါ့ ။
ယဉ်ကျေးမှု အဆင့် တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာတဲ့အခါကျတော့မှ ဆင်ခြင်တုံတရားဆိုတာ ပေါ်ပေါက်
လာပြီး လူ့ဘောင်အဖွဲ့အစည်းရဲ့ သတ်မှတ်ချက်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် စောင့်ထိန်းလိုက်နာသင့်
တာတွေကို လိုက်နာစောင့်ထိန်းရမယ်ဆိုတာ နားလည်လာခဲ့တယ်။ အဲဒါ လူယဉ်ကျေးပေါ့ ။
ကျောက်ခေတ်ပြန်ရောက်သွားပြီလား..
အခုခေတ်မှာ ပွင့်လင်းလွတ်လပ်မှုဆိုတဲ့စကားရပ်ကို တော်တော်လေးပြောလာကြတယ်။ အပြောများရုံတင်မက
အလွဲသုံးစားပြုပြီး ပြောဆိုနေကြတဲ့ အများစုကိုလည်း တွေ့ရတယ်။ လူထုနဲ့ အမြဲတမ်းထိတွေ့နေတဲ့ စာနယ်ဇင်း
ဂျာနယ် ဗွီဒီယို ရုပ်ရှင် အနုပညာ ဖန်တီးမှုတွေ မှာဆိုရင် ဖိုမ သဘာဝကိစ္စရပ်တွေကို ပွင့်လင်းလွတ်လပ်ပါတယ်
ဆိုပြီး ပုံဖော် သရုပ်ဆောင်ပြတာတွေ လုပ်လာကြတယ်။ ဒါတွေကို အတုယူပြီး ဒီကနေ့ ဆယ်ကျော်သက်လူငယ်
အချို့က လူအများသွားလာနေကြတဲ့ လမ်းမကြီးဘေးမှာ bus ကားတွေပေါ်မှာပါ မဆင်မချင် ပြုမူ လုပ်ဆောင်လာ
ကြတော့တယ်။ နေမှု ထိုင်မှု ပုံစံတွေက ကျောက်ခေတ်ကို ပြန်ရောက်သွားပြီလားလို့ ထင်မှတ် မှားရလောက်
အောင် ရိုင်းစိုင်းပြီး မယဉ်ကျေးတော့တာ အများကြီးတွေ့နေရတယ်။
အကြမ်းပညာ၊ အရိုင်းပညာ..
အသိ သညာ ပေးစွမ်းရမယ့် အနုပညာကို အကြမ်းပညာ ၊ အရိုင်းပညာအဖြစ် ဆွဲချနေကြတာလား ...။
တကယ်တော့ ထင်ရာစိုင်းပြီး လုပ်ချင်သလိုလုပ်တဲ့ ပြကွက်တွေက အနုပညာဖန်တီးမှုတွေက
အသိသညာ ပေးစွမ်းရမယ့် အနုပညာကို ဖျက်ဆီးသလို ဖြစ်နေတော့တာပါပဲ။
တချို့ကိစ္စတွေဆိုရင် လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုစံနှုန်းတွေကိုပါ ဖျက်ဆီးသလိုဖြစ်နေပါတယ်။
ဟီရိသြတ္တပ္ပဥပဒေ..
ပွင့်လင်းလွတ်လပ်ပါတယ်ဆိုတဲ့ အနောက်နိုင်ငံတွေမှာတောင် လမ်းပေါ်မှာကိုယ်လုံးတီး လျှောက်သွားနေရင်
decency act ဆိုတဲ့ ဟီရိသြတ္တပ္ပ ကင်းမဲ့မှု ဥပဒေနဲ့ အရေးယူ ခံရပါတယ်။ ရိုင်းစိုင်းလို့ အရေးယူတာပါ။
ပွင့်လင်းလွတ်လပ်မှု ဆိုတဲ့နေရာမှာ လူ့အဖွဲ့အစည်းက အချိန်အခါအလျောက် သတ်မှတ်ထားတဲ့ စည်းဘောင်
အတွင်းက ပွင့်လင်း လွတ်လပ်မှုမျိုးပဲ ဖြစ်ရပါမယ်။ မောင် နှင့် အမ သားနှင့် အမိ ၊ မိဘမောင်ဖွား လူအများ
ကြားတွင်လည်း တင့်တယ်ရပါမယ်။ ကိုယ့် နိုင်ငံ..ကိုယ့် ဒေသ.. ကိုယ့် ရေမြေသဘာဝ..ကိုယ့် ယဉ်ကျေးမှု .
ကိုယ့် ပုံစံ နဲ့ ကိုက်၏ မကိုက်၏.. လိုက်၏ .. မလိုက်၏တော့.... စဉ်းစား ဆင်ချင် စေလိုပါတယ် ...။
ဒီလို ... လိုက်လျောညီထွေ ရှိတာကို ယဉ်ကျေးတယ် လို့ ခေါ်ပါတယ်။
မနေချင်သွားပေါ့..မတားပါဘူး..
လူ့အဖွဲ့အစည်းဆိုတဲ့နေရာမှာလည်း တစ်ခု နဲ့ တစ်ခု မတူညီနိုင်ပါဘူး။
အနောက် နဲ့ အရှေ့ ရယ်လို့ မတူကွဲပြားတာ မဟုတ်ပါဘူး။ အရှေ့ချင်းတောင် အိန္ဒိယကတစ်မျိုး၊ ပါကစ္စတန်က
တစ်ဖုံ ၊တရုတ်က တစ်နည်း ၊ မြန်မာက တစ်သွယ် ၊ ကိုရီးယား က တစ်မယ် တစ်ခု နဲ့ တစ်ခု အများကြီး ခြားနား
ပါတယ်။ ယဉ်ကျေးမှု စံနှုန်းတွေလဲ မတူညီကြပါဘူး။ မြန်မာ က မြန်မာ အလျောက် ကိုရီးယားက ကိုရီးယား
အလျောက် ကိုယ့်စံ နဲ့ ကိုယ် သတ်မှတ်ထားကြပါတယ်။ ပုံတူ ကူးချလို့ မရနိုင်ပါဘူး ။
မြန်မာ့ လူ့အဖွဲ့အစည်းမှာ နေတဲ့ မြန်မာတစ်ယောက် ဆိုပါက မြန်မာယဉ်ကျေးမှု စံနှုန်းအတိုင်းပဲ ဖြစ်ရမှာပါ။
လိုက်လျော ညီထွေ ဖြစ်ရမှာပါ ။ လူတစ်ယောက် မကြိုက်လို့ ၊ လူတစ်စု မကြိုက်လို့ လူ့အဖွဲ့အစည်းက လိုက်ပြောင်း
ပေးဖို့ မဖြစ်နိုင်ပါဘူး။ မကြိုက်ရင် မနေကြပါနဲ့ ။ မတားပါဘူး။ ထွက်သွားကြပါ။ ထွက်သွားနိုင်ပါတယ်။
ဒီခေတ်ကြီးထဲမှာ ကိုယ်သွားချင်ရာ သွားလို့ ရနေတာပဲ။ ဘယ်သူမှ မတားပါဘူး။
မြန်မာပြည်ထဲမှာနေပြီး မြန်မာလူမျိုးတွေ နဲ့ မြန်မာ့ယဉ်ကျေးမှု စံနှုန်းတွေကို ပြက်ရယ်ပြုနေတာကိုတော့
မြန်မာယဉ်ကျေးမှုကို တန်ဘိုးထားတဲ့ မြန်မာတွေက သည်းခံနေကြမှာ မဟုတ်ပါဘူး။
ခေတ်နောက်ပြန်စွဲဖို့ ပြောနေတာမဟုတ်ပါဘူး ။ ခေတ်မီ ရပါမယ်..
ခေတ်တော့ မဆန်လိုက်နဲ့ .. ခေတ်ရှေ့ မလွန်ပါစေနဲ့ .. ပတ်ဝန်းကျင်ကို လျစ်လျှူ မရှုလိုက်ပါနဲ့ ...
တကယ်တန်းဆိုရင် ခေတ်နဲ့ လျော်ညီအောင် မြန်မာ့လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲစရာ မလိုပါဘူး။
ခေတ်ရှေ့ အပြေးလွန်ပြီး လန် ပျံနေတဲ့ ပျံတံတံ နန့်တန့်တန့် အနောက်ရဲ့ ပွင့်လင်းလွတ်လပ်မှုကို ပုံတူကူးချချင်
သူတွေကသာ မြန်မာ့ လူ့အဖွဲ့အစည်းနဲ့ ကိုက်ညီအောင်သာ ပြုပြင်ပြောင်းလဲယူကြရမှာပါ။
မြန်မာ့ လူ့အဖွဲ့အစည်း ၊ မြန်မာယဉ်ကျေးမှု စံနှုန်း နဲ့ ကိုက်ညီအောင် ..
လိုက်လျော ညီထွေ မနေနိုင်ဘူးဆိုခဲ့ရင်..
မနေချင်ရင် သွားပါ..မတားပါဘူး..
လေးစားစွာဖြင့် ...
စာကိုး-လူထုစိန်ဝင်း(ဟန်မလုပ်တတ်ဘူးဆိုတာ တကယ်လား)

ကလေးငယ် နှင့် Games ပြဿနာ ...

ဒီကနေ့ ခေတ်ကာလက တိုးတက်ဖွံ့ဖြိုးခြင်းနဲ့အတူ အကောင်း အဆိုးက ဒွန့်တွဲ လာနေသလားလို့ ဆိုရမလို
ဖြစ်နေတယ်.. တစ်နေ့က ကျောင်းနေဖက် သူငယ်ချင်းရဲ့ သားငယ်လေး မွေးတုန်းက အကောင်း အခုမှ
မိဘတွေက သတိထားမိကြတာ... အာရုံ စူးစိုက်လိုက်ရင် မျက်စိတဖက်က တစ်ဘက်ကို ပါပါသွားတာ .. ...
ကလေးက အခုမှ (၇)နှစ်သားပဲ ရှိသေးတယ် ... မျက်စိအထူးကု ကို သွားပြတော့ ကလေးက ဘုတ်က စာ
အသေးစာလုံးတွေကို မဖတ်နိုင်တော့ဘူး ... စာလုံး တော်တော်ကြီးမှ ဖတ်နိုင်တော့တယ်....
ရင်းမြစ်ကို စမ်းစစ်လိုက်တော့... ကလေးက မိုးလင်း အိပ်ရာထရင် လက်ကိုင် Game နဲ့ အိပ်ယာက နိုးထ
တတ်တယ်လေ .. အားရင် အားသလို Game ဆော့ ကစားတတ်တယ်.. ပြဿနာက အဲဒီက စတယ်လို့
ပြောရင် ရနိုင်တယ် .. တကယ်တော့ ကလေးငယ်တွေရဲ့ မျက်စိကြွက်သားတွေက ငယ်ရွယ်စဉ်မှာ အလွန်
နုနယ်တယ်လို့ ဆိုတယ်... ကလေးက အာရုံ တအားစူးစိုက်တော့ မျက်စိရဲ့ အလယ် ကြွက်သားတွေကို
သွားထိခိုက်တယ် .. အာရုံ တအားစူးစိုက်တဲ့အခါမှာ မျက်စိ တဖက်က လိုက်နိုင်ပေမယ့် ကျန်တဖက်က
မလိုက်နိုင်တော့ပဲ တဖက်ကို ထွက်သွားတာတဲ့ .. အဲဒီတော့ မျက်စိ ဆလင်ဒါ စောင်းသွားတယ်နဲ့ တူပါတယ်..
ကလေးငယ်တိုင်းတော့ ဖြစ်ချင်မှ ဖြစ်မှာပါ ...
ဒီလို မျက်စိ တဖက်ပါနေတဲ့ ဖြစ်ရပ်ကို မိဘတွေအနေနဲ့ ကလေးအသက် တစ်နှစ်သား နှစ်နှစ်သားကတည်းက
ဂရုပြုမိရင် ကုရတာ ပိုလွယ်ကူတယ်လို့လဲဆိုပါတယ်.. အခု ကလေးက (၇)နှစ်သားအရွယ်မှ သတိထားမိတာ
ဆိုတော့ နဲနဲ ခက်မယ်နဲ့ တူပါတယ်.. ကုထုံးက ဆေးထိုး/ဆေးစား စရာမလိုဘူး .. မျက်စိ ကြွက်သားတွေကို
ပုံမှန်ပြန်ဖြစ်အောင် မိဘတွေက ဂရုစိုက် လေ့ကျင့်ခန်းလုပ်ပေးရမှာပါ.. ဆလင်ဒါပါနေတဲ့ မျက်စိကို ပြန်တည့်
အောင် မျက်စိ စမ်းသပ်စက်နဲ့ စစ်ဆေးပြီး ဆလင်ဒါပါတဲ့ မျက်မှန်တပ်ရပါလိမ့်မယ်... နောက်ပြီး မျက်မှန်ကို
တဖက်ပိတ်ပြီး တဖက်တည်းကြည့်စေပြီး တစ်နာရီလောက် မျက်စိလေ့ကျင့်ခန်းလုပ်ပေးရမှာ ..
တဖက်ပိတ် တဖက်ကြည့်ရမယ့် သဘောပေါ့ ... နောက် လေ့ကျင့်ခန်း တစ်ခုက ခဲတံ တစ်ချောင်းကို မျက်စိ
နှစ်ဖက်နဲ့ အာရုံစိုက်ကြည့်ခိုင်းပြီး မျက်စိအနားကို တဖြေးဖြေး တိုးလာခဲ့ရင် တစ်နေရာအရောက်မှာ မျက်စိ
တဖက်က အလယ်ကို စုမလာနိုင်တော့ပဲ တဖက်ထွက်သွားတယ်လေ.... အဲ့သလို ထွက်သွားတဲ့ နေရာကို
မှတ်ထားပြီး ခဲတံကို အဝေးကနေ မျက်စိဘက်ကို ပြန်ကပ်လာစေပြီး ရှေ့တိုး နောက်ဆုတ် လုပ်ပေးရင်လည်း
မျက်စိ အလယ်ကြွက်သားတွေ ပြန်အားကောင်းလာစေပြီး တချို့လည်း ပြန်ကောင်းသွားတယ်လို့ ဆိုပါတယ်...
ကလေးအသက် ဆယ်နှစ်ကျော်မှ မျက်စိကြွက်သားတွေက ပုံမှန်ပြန်ဖြစ်တယ်လို့လဲ ဆိုပါတယ်...
တကယ်လို့များ ကလေးက အရွယ်ရောက်လာပေမယ့် မျက်စိက တဖက်ပါနေအုံးမယ်ဆိုရင်တော့ ပြန်တည့်
အောင်လုပ်လို့ရတဲ့ နည်းလမ်းရှိတယ်လို့လဲ သိရပါတယ်.. ကျွမ်းကျင်တဲ့ မျက်စိအထူးကု ဆရာဝန်ကြီးတွေက
မျက်စိထဲက ကြွက်သားတွေကို ခွဲစိတ်ပြုပြင်ပြီး နေသားတကျ ပြန်ဖြစ်အောင်လုပ်လို့ ရနေပြီလို့လဲ ဆိုပါတယ်..
နည်းပညာ ရဲ့ တိုးတက်မှုကလည်း အံ့မခန်းပါဘဲ ...
ဘာပဲဖြစ်ဖြစ် သဘာဝအတိုင်းကတော့ အကောင်းဆုံးပဲနေမှာပါ...ဆိုလိုချင်တာက ...
ကိုယ့်ရဲ့ ရင်သွေးငယ်လေးတွေကို ဂရုစိုက်ပြီး ကြည့်ပေးကြပါ .. တစ်စုံ တစ်ခု ထူးခြားနေခဲ့ရင် နားလည်
တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ အချိန်ဆွဲမနေပဲ ငယ်စဉ်ကလေးဘ၀ကတည်းက ကုသမှုကို ခံယူကြပါ..
အခုလောလောဆယ် ကလေးငယ်အများစု မျက်စိ တဖက် ပါနေရတဲ့ အကြောင်းအရင်းက မွေးရာပါ မဟုတ်ပဲ
Game အလွန်အကျွံဆော့တဲ့ ပြဿနာပါ.. Game ရဲ့ သဘာဝကလည်း တဖက်ကကြည့်ရင် ကလေးတွေကို
ထက်မြက်စေတာ မှန်ပေမယ့် အလွန်အကျွံ ဆော့ကစားရင် မျက်စိကို ထိခိုက်စေတယ်ဆိုတာပါပဲ ..
ဒါကြောင့် ရှုပ်ထွေးပွေလီလှတဲ့ လူ့ဘောင်လောကရပ်ဝန်းမှာ အလုပ်တာဝန်တွေ များပြားတဲ့ကြားက
မိမိရဲ့ ရင်သွေးငယ်လေးတွေကို ဂရုစိုက်ပေးကြပါ ...လို့ ဆန္ဒပြုရင်း .. ... ... ... ...
သူငယ်ချင်းရဲ့ သားငယ်လေး မျက်စိတဖက် ပြန်တည့်ပါစေလို့သာ တောင်းဆုချွေမိပါရဲ့ ......
လေးစားစွာဖြင့် .. ...
လူငယ် .. အချစ် နဲ့ အိမ်ထောင်ရေး
လူငယ်နဲ့ အိမ်ထောင်ရေးထဲမှာ အချစ်မပါတဲ့ အိမ်ထောင်တစ်ခုဟာ ခိုင်မြဲနိုင်သလား ..
နှလုံးသားခံစားကြည့်မှ အသိတစ်ခုကို ရပါသလား..ခံစားမှု မရှိဘဲ သိတဲ့ အသိနဲ့ ခံစားမှုရှိတဲ့ အသိ...
ဘ၀မှာ ဘယ်ဟာက ပိုခိုင်မြဲပါသလဲ.. ရင်ထဲက နှလုံးသားကို လုံးဝမျက်ကွယ်ပြုသင့်ပါသလား ...
လူတိုင်းမှာ အချစ်စိတ်ရှိတယ်...
လူ ရယ်လို့ ဖြစ်လာရင် ချစ်စိတ်ဆိုတာရှိနေမှာပဲ... ငယ်စဉ် ကလေးဘ၀ကတော့ အဖေနဲ့ အမေပေါ့ ...
နည်းနည်း အရွယ် ရလာတော့ သူငယ်ချင်း ... ၅၂၈ အချစ်... လူပျိုပေါက် အပျိုပေါက်ဖြစ်လာတော့ ချစ်သူ..
၁၅၀၀ အချစ် ... အဲဒီ ချစ်တဲ့စိတ်ဆိုတာကလည်း သင်တန်း တက်စရာ မလိုဘူး.. သင်ယူစရာ မလိုပြန်ဘူးလေ..
စောစောချစ်တာ နဲ့ နောက်ကျမှ ချစ်တာ ဒါဘဲ ကွာပါလိမ့်မယ်.. ချစ်စိတ်ကတော့ ပေါ်မိ မှာ အသေအချာပဲ ..
ဒီနေရာမှာ အချစ် မှာ မျက်စိ မရှိဘူး ဆိုကြတယ်.. မှန်ပါတယ်....ဒါပေမယ့် ဦးနှောက်ကတော့ မျက်စိရှိရပါမယ်...
ငယ်ငယ်ရွယ်ရွယ် နဲ့ ပညာသင်ရမယ့်အချိန်မှာ အချစ်စိတ်ကို အလိုမလိုက်မိဘို့.. မသာယာမိဘို့ လိုပါလိမ့်မယ်...
စန်းပွင့်လာပြီဆိုရင် သတိထား..
ဘာဖြစ်လို့လဲဆိုတော့ အချစ်စိတ်ဆိုတာ.. သွားလည်း ဒီစိတ်.. စားလည်း ဒီစိတ်.. အိပ်လည်း ဒီစိတ်.. စားမ၀င် ..
အိပ်မပျော် .. ဘာညာ ဘာညာ နဲ့ .. ခံစားချက် ပြင်းပြတတ်လို့ပါ.. ဒီကနေ့ လူငယ်တွေ သတိထားစေချင်လို့ပါ..
ရုပ်ချောပါတယ်ဆိုတဲ့ ကောင်မလေးတွေ .. အပြောအဆိုမှာ တီတီတာတာ နဲ့ ချွဲချွဲနွဲ့နွဲ့ ပြောတတ်တဲ့ ကောင်မလေး
တွေ.. ပေါ်ပြူလာ ဖြစ်လာပြီ.. ရေပန်းစားလာပြီ ... စန်းပွင့်လာပြီ ဆိုရင် သတိသာ ထားကြပေတော့ ..
နောက်ဆက်တွဲ ပြဿနာက ငယ်ငယ်ရွယ်ရွယ် နဲ့ အိမ်ထောင်ကျသွားနိုင်လို့ပါ...
အလေးထားပြီး စဉ်းစား..
တကယ်ပါ..ဒီကနေ့ လူငယ်တွေ ဖြစ်နေကြတာက .. ဘယ်ကမှန်းမသိ.. ဘယ်သူမှန်း မသိ.. မြင်မြင်ချင်းပဲ ...
ချစ်မိ..ကြိုက်မိ.. ပြီးတော့ ညားပါလေရော.. ဘယ်သူမှန်း မသိဘူး .. ဘယ်ကမှန်း မသိဘူး .. သူ့ဗီဇက ဘာလဲ
မသိဘူး.. သူ့မျိုးရိုးလည်း မသိဘူး .. ပြီးတော့မှ သူ့ အဖေ နဲ့ မတည့် .. သူ့ အမေနဲ့ မတည့် .. ညီအစ်ကို မောင်
နှစ်မတွေ တစ်ထွေးကြီးနဲ့ .. အဲဒီကျတော့မှ မျက်ရည်လေး စမ်းစမ်းနဲ့ ပေါင်းရ ခက် .. မပေါင်းရမှာ ခက် ..
ယက်ကန် ယက်ကန်နဲ့ .. အိမ်ထောင်သည်ဘ၀ ..မိသားစုဘ၀ကို ဖြတ်သန်းရပါလေရော ...
ဆိုလိုချင်တာက အိမ်ထောင်ပြုမယ်ဆိုရင် ပေါ့ပေါ့တန်တန် မစဉ်းစား မဆင်ချင်ပဲနဲ့ အချစ်စိတ်တစ်ခုတည်း နဲ့
အိမ်ထာင်ပြုမိမှာကို စိုးရွံ့မိတာပါ ..အလေးထားပြီး အသေအချာ စဉ်းစားစေချင်လို့ပါ....
ထမီဝယ်သလိုရွေး...
ဒီနေရာမှာ တစ်ချို့ ကောင်မလေးတွေ အိမ်ထောင်ပြုတာကို ထမီဝယ်သလို မရွေးဘူးလို့ ဆိုလိုက်ချင်တော့တာပါပဲ..
တကယ်တန်းဆို မိန်းကလေးတစ်ယောက်ရဲ့ ပညာက နည်းတဲ့ ပညာမဟုတ်ဘူး .. မိန်းကလေးတွေ ထမီဝယ်မယ်
ဆိုရင် တစ်ဈေးကုန်းလုံးကို ပတ်ကြည့်ပြီး စိတ်တိုင်းကျပြီ..စိတ်ကြိုက်ဖြစ်ပြီ ဆိုမှ ၀ယ်တတ်ကြတာ သဘာဝပါ ....
ဒါတောင် .. ဆိုဈေးအသားကုန် ဆစ်ပြီး တန်တယ် ထင်မှ ၀ယ်တတ်ကြတာ .. ကိုယ်ဝယ်မယ့် ထမီစကို သေချာ
ကိုင်ကြည့်လိုက် .. ပွတ်ကြည့်လိုက်.. အသားကောင်း မကောင်း စမ်းကြည့်လိုက် နဲ့ ဒါတင်မဟုတ်သေးဘူးနော် ...
အိမ်မှာ ကျန်ခဲ့တဲ့ အကျီ ဘယ်နှစ်ထည်နဲ့ ၀တ်လို့ ရမလဲ.. ဒီအဆင်မျိုး အိမ်မှာ ရှိပြီးသားလား.. ဆင်တူရိုးမှား
အဆင်မျိုးဆိုရင် မလိုချင်ဘူး. အိမ်မှာ မရှိတဲ့ အဆင်မျိုးမှ .. ဒါမှ ကွဲကွဲ ပြားပြား ၀တ်လို့ ရမှာလေ...
အသေးစိတ် ဒီလို တွက်ပြီးမှ ၀ယ်တတ်ကြတာပါ .. ဒါကြောင့် .. အိမ်ထောင်ပြုမယ်လို့ စိတ်ပိုင်းဖြတ်ထားရင်
ထမီဝယ်သလို အသေအချာ ရွေးစေချင်တာပါပဲ..
အိမ်ထောင်ပြုမယ်ဆိုရင်...
အထူးသဖြင့်ကတော့ မိန်းကလေးတွေပါ .. သူဘယ်လို လူလဲ .. သူစိတ်ဓာတ် .. သူ့စရိုက်.. သူ့သဘောထား..
သူ့ဗီဇ .. အားလုံးကို ထည့်သွင်းစဉ်းစားရမှာနော်.. သူနဲ့က တစ်လမ်းလုံး ..တစ်ဘ၀လုံးကို သွားရမှာလေ....
မိန်းကလေးတွေတင် မဟုတ်ပါဘူး.. ယောက်ျားလေးတွေကကော .. အိမ်ထောင်ပြုတယ်ဆိုတာ ဘ၀မှာ အရေး
ကြီးဆုံး ကိစ္စတွေထဲက တစ်ခုကို လုပ်ရတာပါပဲ..ဘ၀ရဲ့ အရေးကြီးဆုံးကိစ္စကို လုပ်လိုက်ရတာ...
ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ကုန်းရုန်း ထမ်းပိုးပြီး ကျွေးရဦးမှာ..
ကိုယ့်မျိုးဆက် ကောင်းအောင် လုပ်ရဦးမှာလေ..
မျိုးဆက်ဆိုလို့ ဆရာကြီး ဦးအေးမောင် ရေးတဲ့ ဖိုမသဘာဝနှင့် ဗီဇပတ်ဝန်းကျင်ကို ဖတ်စေချင်တာပါပဲ...
အဲဒီထဲမှာ ဘာပြောထားသလဲဆိုရင် အိမ်ထောင်ကျပြီးရင် ဒီအတိုင်းနေမှာ မဟုတ်ဘူး သား သမီးတွေ ရဦးမှာပဲ.
သူ ဥပမာပေးထားတာက .. စိတ်ရောဂါ ဖြစ်တဲ့ မျိုးဆက်ရှိတဲ့လူ .. သူတို့မှာရှိတဲ့ ငုပ်ဗီဇ..
သူ့မှာ ဘာမှမဖြစ်ပေမယ့်.... နောက်မျိုးဆက် နှစ်ဆက်လောက်ကြာမှ ပြန်ပေါ်တတ်တာမျိုးပါ ..
တကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ ကိုယ်နဲ့ ကိုယ်မိန်းမနဲ့တင် ပြီးပြတ်သွားတာ မဟုတ်ဘူး..
နောက်ထပ်မျိုးဆက်သစ်က လာဦးမှာလေ.. အဲဒီ မျိုးဆက်သစ်ကို တိုးတက်ရစ်ဖို့ မဟုတ်ပဲ မျိုးဆက်သစ်က
ဒုက္ခရောက်မှာ စိုးလို့... ဆရာဝန်များနဲ့တောင် ညှိနှိုင်းတိုင်ပင်သင့်တယ်လို့ အကြံပြုထားတယ်ဗျာ...
ဆိုလိုချင်တာက မျိုးဆက်ထိအောင် လှမ်းကြည့်စေချင်တာပါ ...
ဒီကနေ့ လူငယ်တွေအနေနဲ့ ပညာမစုံခင်ခင်မှာ ကြင်ရာ မရှာစေချင်ပါဘူး ..
ရှေ့ရေးကို ကြိုတင် ပြင်ဆင် အလေးအနက် စဉ်းစားပြီး မှ အိမ်ထောင်ပြုစေချင်တာပါပဲ..
အိမ်ထောင်ဘက်ရွေးတော့လဲ အချစ်ကနေ တဆင့်တက်ရမှာ ..
အိမ်ထောင်ဘက် ရွေးတော့မယ် ..ရွေးလိုက်ပြီ.ဆိုပြန်တော့လဲ ..
အချစ်က တခြား .. အိမ်ထောင်ဘက်က တခြား ...ဖြစ်တတ်တဲ့ သဘာဝ ....
ဒါနဲ့ ပတ်သက်ပြီး ဆရာကြီး ဦးအောင်သင်းနဲ့ အမေး အဖြေလုပ်ထားတာလေး သိမှတ်စေချင်ပါတယ်...
မေးခွန်း- လူငယ်နဲ့ အိမ်ထောင်ရေးထဲမှာ အချစ်မပါတဲ့ အိမ်ထောင်တစ်ခုဟာ ခိုင်မြဲနိုင်သလား ..
နှလုံးသားခံစားကြည့်မှ အသိတစ်ခုကို ရပါသလား..ခံစားမှု မရှိဘဲ သိတဲ့ အသိနဲ့ ခံစားမှုရှိတဲ့ အသိ
ဘ၀မှာ ဘယ်ဟာက ပိုခိုင်မြဲပါသလဲ.. ရင်ထဲက နှလုံးသားကို လုံးဝမျက်ကွယ်ပြုသင့်ပါသလား ...
အဖြေ...
လူငယ်နဲ့ အိမ်ထောင်ရေးမှာ အချစ်မပါတဲ့ အိမ်ထောင်တစ်ခုဟာ ခိုင်မြဲနိုင်ပါ့မလားတဲ့ ...
အဲဒီဥစ္စာ သိပ်ရှုပ်တဲ့ ပြဿနာ.. အချစ်မပါတဲ့ အိမ်ထောင်တစ်ခုဟာ မခိုင်နိုင်ဘူး၊ သိတယ်။ ဒါပေမယ့် မချစ်ဘဲနဲ့
ပြုပြီးတော့ နောက်တော့ ချစ်သွားတာတွေလည်း မရှိဘူးလား၊ ဒါတွေလည်း ရှိသေးသကိုး။ ပထမတုန်းကတော့
မချစ်ဘူးပေါ့၊ နောက်ကျတော့မှ ချစ်လို့ ပါးစပ်ထဲတောင် ငုံထားချင်သေးတာ၊ ရှူရှူပေါက်ချမှာစိုးလို့ ဆိုတာမျိုး။
ဒါကြောင့်မို့ အချစ်မပါတဲ့ အိမ်ထောင်ရေးသည် မခိုင်မြဲနိုင်။ သို့သော် တကယ် အိမ်ထောင်ပြုပြီးပြီဆိုမှ အချစ်ပါတဲ့
အိမ်ထောင်ရေးတွေလည်း ဖြစ်လာတတ်ပါတယ်..
နောက်ပြီးတော့ တစ်ဘက်ကလည်း ချစ်အောင် လုပ်လို့ရှိရင်လည်း ချစ်လာတတ်ပါတယ်။
မချစ်ရင်တောင် သံယောဇဉ်ရှိလာတတ်ပါတယ်။ ဟုတ်လား..။
ကျွန်တော် မင်္ဂလာစကားပြောလို့ရှိရင် ထည့်ပြောလေ့ရှိတယ်။ လင်ယောက်ျားဖြစ်သူက အမြဲတမ်း လူပျိုလှည့်
နေရတယ်။ ကိုယ့် မယားဖြစ်သူက သူဒါမျိုးကြိုက်တယ်။ ဘယ်သူရေ ဘယ်ဝါရေ မင်းအတွက်တော့ ၀ယ်လာတယ်။
မင်း ဆီချက်လေး ကြိုက်တတ်တယ်။ ဘယ်နားကဆိုင်က မင်းကြိုက်တဲ့ဆိုင် မဟုတ်လား။
ဒီတော့ တစ်ဘက်က ကျေးဇူးတင်တယ်။ ဒါ လူပျိုလှည့်တုန်းကလို ပိုးပန်းပြီး လူပျိုလှည့်နေတာ။
မိန်းမလုပ်တဲ့လူကိုတော့ ကျွန်တော် အကြံဥာဏ်ပေးတယ်။
" လင်ယောက်ျားတို့၏ အသည်းနှလုံးသို့ သွားရာ လမ်းကြောင်းသည်ကား အစာအိမ်မှ တစ်ဆင့်တည်း" လို့ ။
တစ်နေ့ တစ်နေ့မှာ မလုပ်လို့ရှိရင် မဖြစ်တာက ထမင်းစားတာ။ ထမင်းစားဖို့ အတွက်က စားကောင်းလို့ရှိရင်
သူ့မိန်းမက ဟင်းချက် လက်ရာကောင်းလို့ရှိရင် အပြင်မှာ ထမင်းမစားတော့ဘူး။ အိမ်က ထမင်းဟင်းစားလိုက်
ရမှ ကျေနပ်တယ်. အဲဒီကောင်ဟာ အပြင်ထွက်စားဖို့ မလွယ်တော့ဘူး။ ဒီတော့ ခိုင်သွားရော။
လင်ဖြစ်တဲ့သူဟာ အိမ်မှာ စားမကောင်းလို့ အပြင်ထွက်စားရတာများလာပြီဆိုရင် လင်ယောက်ျားရဲ့
ခြေတစ်ဘက်ဆုံးပြီ အောက်မေ့ပါ။ ဒါကြောင့်မို့ မိန်းမဖြစ်တဲ့သူကလည်း အစာအိမ်မှတဆင့် အသည်းနှလုံးကို
သွားတတ်ရင် ဟုတ်လား ထမင်းကနေတစ်ဆင့် ချစ်ချင်ချစ်လာတာ ...
ဟင်းချက်တာသည် အတတ်ပညာ..ဟင်းစပ်သည်က အနုပညာ .. ကောင်မလေးတွေ မှတ်ထား ..
ချဉ်ပေါင်ဟင်းရယ်..သံပရာသီးသုပ်ရယ် စသည်ဖြင့် လျှောက်လုပ်မနေနဲ့အုံး..
ဟင်းချက်တာရော ..ဟင်းစပ်တာရော နှစ်ခုကောင်းလုပ်ရမှာ..
ဖွယ်ဖွယ်ရာရာ မြိုင်မြိုင်ဆိုင်ဆိုင် မလုပ်နိုင်ရင် ထည်ထည်ဝါ၀ါလုပ်ထား။ ဟင်းပြင်တာလေးကအစ ...
တကယ်လို့ ဖွယ်ဖွယ်ရာရာ မလုပ်နိုင်လို့ အခြေအနေဆိုးနေရင် ချိုချိုသာသာ လုပ် ...
" မောင် စားနော်..ဒီနေ့ မောင့်ကို အားနာလိုက်တာ .." . ဟိုကလည်း " ရပါတယ်ကွာ တစ်ခါတလေပဲ ..."
" ကဲ ကိုယ်အ၀ှာ ကြောင်အိမ်ထဲမှာ တော့်ဘာသာတော်ယူစားပေတော့၊
ကျုပ်ကတော့ ခဏ အိမ်လယ်သွားလိုက်ဦးမယ် " ဆိုလို့ရှိရင်တော့ မဟုတ်သေးဘူး ...
နောက်တစ်ခုက ...
နှလုံးသားခံစားကြည့်မှ အသိတစ်ခုကို ရပါသလား..
ခံစားမှု မရှိဘဲ သိတဲ့ အသိနဲ့ ခံစားမှုရှိတဲ့ အသိ.... ဘ၀မှာ ဘယ်ဟာက ပိုခိုင်မြဲပါသလဲ..တဲ့...
ဦးနှောက်ကလည်းသိတယ်..ဒါကို လက်ခံတယ်..နှလုံးသားကလည်း လက်ခံတယ်.. အဲဒါ သိပ်ခက်တယ်..
တစ်နေ့ သေမယ်ဆိုတာ သိတယ်.. ဒါကို အားလုံးသိကြတယ်။
ခံစားပြီးသိတဲ့အခါကျတော့ သိဒ္ဓတ္ထမင်းသား သူသေကို တွေ့တဲ့အခါမှာကျတော့ သိတဲ့ အသိမျိုး၊
မိဘတို့မည်သည်မှာ သား သမီးတို့ကို ချစ်တယ်ဆိုတာ သိတယ်။ ကိုယ်လည်း မသိဘူးလား၊ သိတယ်။
ဒါကို ကိုယ်မရဘူးလား.. ဒါကို ကိုယ်လည်းရတယ်။ ဒါပေမယ့် အဇာတသတ် သူကိုယ်တိုင် သားယောက်ျားလေး
ရတဲ့အခါကျတော့ သိတဲ့ အသိနဲ့ တူသလား။ အဲတော့ ဦးနှောက်ကလည်းသိတယ်။ မှန်တယ်၊ ယုံတယ်၊ နှလုံးသား
ကလည်း လက်ခံတယ်ဆိုလို့ရှိရင် အဲဒီအသိ သိပ်ခိုင်တယ်။ အသက်စွန့်တယ်ဆိုတာ အဲဒီ အသိမျိုးပဲ။
သတ္တိလည်း ရှိမယ်ဆိုရင်ပေါ့ ။ အသက်စွန့်တယ်၊ သတ္တိလည်းပါသေးသကိုး။
ရင်ထဲက နှလုံးသားကို မျက်ကွယ်ပြုသင့်ပါသလား....
အမယ်လေး မျက်ကွယ်မပြုနဲ့.. မျက်ကွယ်ပြုလို့ကို မရတာ ။ ဟိုကောင်မလေးတစ်ယောက် လှလိုက်တာဟာ
ရင်ထဲက နှလုံးသားထဲကလာတာ မဟုတ်လို့ ဘာတုံး၊ ဟုတ်လား ။ ချစ်တယ်ဆိုတာ ဦးနှောက်နဲ့ ဆိုင်တာ
မဟုတ်ဘူး ။ ဒါဖြင့် ချစ်တယ်ဆိုတာ မရှိဘူးလား၊ ဟုတ်တယ် ၊ အဏုမြူဆိုတာ အဟုတ်ရှိတယ်၊ တကယ်
ရှိတယ်ဆိုတာ မှန်သလို သိပ္ပံနည်းအရလည်း မှန်သလို ချစ်တယ်ဆိုတာလည်း တကယ်ရှိတယ် ။ မုန်းတယ်
ဆိုတာလည်း တကယ်ရှိတယ်။ ဒါ ဘယ်နှယ့်လုပ်ပြီး မျက်ကွယ်ပြုရမှာလဲ။ ပုထုဇဉ်မှာ မျက်ကွယ်ပြုဖို့ မပြောနဲ့
သူ့ချည်း လာလာပေးလို့ ဒုက္ခရောက်နေရတယ်....။
ကြည်နူးချမ်းမြေ့ သာယာ ပျော်မွေ့ဖွယ်ကောင်းတဲ့ အိမ်ထောင်တစ်ခု ...
မျိုးဆက်တစ်ခု တည်ဆောက်နိုင်ပါစေလို့ ဆန္ဒပြုလျှက် .....
လေးစားစွာဖြင့်...
စာကိုး-ဆရာဦးအောင်သင်း(အမွေ)
အမွေပေးသူနှင့် အမွေဆက်ခံသူ
ဆရာ ဦးအောင်သင်း ၏ အဖြေ .....
အမွေပေးသူ နှင့် အမွေဆက်ခံသူ...
ဘယ်အမွေတုံး ၊ မိဘ အမွေလား။ ခုပြောတဲ့ အမွေက ဆိုပါတော့ ။ ဒီမှာ ကျွန်တော်က အမွေ ဆိုတဲ့ ဥစ္စာက
အင်္လကာစကားလေး သုံးလိုက်တာ ။ သူက လည်း အင်္လကာပဲ ပြန်သုံးလိုက်တာလား မသိဘူးပေါ့။ အမွေဆိုလို့
အဖေသေလို့ရ .. အမေသေလို့ရထိုက်တဲ့ အမွေမျိုး။ အဲဒါမျိုး ပစ္စည်း ပစ္စယ ၊ အိုးအိမ် ၊ စတာမျိုးကို ပြောတော။
အခုအမွေ ပေးသူနဲ့ အမွေဆက်ခံသူဆိုတာ အမွေဆက်ခံသူ နဲ့ အမွေပေးသူက အနုပညာအမွေဆိုတာ လောက
ဘ၀ အသိ၊ ဘ၀အမြင်ဆိုတဲ့ အမွေပဲ။ အခု ကျွန်တော်ပြောနေတဲ့ ဥစ္စာက အဲဒီအမွေကတော့ ပေးတယ်ဆိုပေမယ့်
မယူရင် မရဘူး။ မင်းယူမှ ရတယ်။ မယူရင် မရဘူး ။ ဒီမယ် " အမေ ဘယ်လောက်သိပ်သိပ် ငါအိပ်မှ ပျော်တယ် "
ဆိုတဲ့ စကားရှိတယ်။ ဒါကြောင့် ခင်ဗျားတို့လည်း ဒီထဲမှာ ရှိတယ်၊ လူတွေ အများကြီးရှိတယ်။ လူကြီးတွေ ထားပြီး
လူငယ်တွေ အတော်များများ ရှိတယ်။ ကြီးပွားချင်တယ်၊ တိုးတက်ချင်တယ်။
အခု ကျွန်တော်ပြောနေတာကို လာနားထောင်နေတယ်။ နားထောင်နေတဲ့ အထဲမှာ အဲဒီဥစ္စာတွေကို မှတ်မှတ်
သားသား ယူသွားတတ်မှ ။ အဲဒီ ဥစ္စာကို ဒီလို လုပ်မယ်ဆိုတဲ့ စိတ်မျိုး ဘယ်လောက် ပေါ်မယ် ထင်သလဲ ။
အဲဒီစိတ်မျိုး အကုန်လုံးဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ဘူး ။ ကျွန်တော်က အဲဒါဆို မိုက်ရာကျမှာပေါ့ ။
ကျွန်တော် အ တာပေါ့ ။ ကျွန်တော် အဆင်ခြင်နည်းသလို ဖြစ်သွားမှာပေါ့။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုအားလုံး
လေးလေး နက်နက်လောကကြီးမှာ ဖြစ်နေရင် အကုန်လုံး ကြီးပွားနေမှာပေါ့ ၊ မကြီးပွားတဲ့လူ မရှိဘူး ၊ ရှာနေရ
မှာပေါ့ ။ လောကကြီး တစ်ခုလုံးမှာ ကျွန်တော် ပြောမယ်၊ ဘာနဲ့ တူသလဲဆိုတော့ နံနွင်းမကင်းလို ပုံစံ ။
ဟိုဘက်ထိပ်ဆုံး အပေါ်ဘက်မှာ အများကြီး ရှိလို့ မရဘူးနော် ။ ဟို အောက်ဆုံးမှာလည်း တစ်ယောက်တည်းပဲ ၊
ကြားထဲမှာသာများတာ ။ ဟို အောက်ဆုံးမှာလည်း တစ်ယောက်တည်းပဲ ရှိမယ် ၊ ဟို အောက်ဆုံးလူမှာလည်း
အဖော်မရှိဘူးနော်။ ထိပ်ဆုံးကလူလည်း အဖော် မရှိဘူးနော် ။ တစ်ယောက်တည်းပဲ ။ အထီးကျန် ။
ဗိုလ်ချုပ်အောင်ဆန်းပြောဘူးတယ်။ I feel Lonely လို့ ။
ကျွန်တော် စကားပြောဖို့ လူမရှိဘူး ။ ပြောဖူးသားပဲ။ တစ်ယောက်တည်း အထီးကျန်။ အဲဒါပြောရင် စကားတွေ
ဘေးရောက်ကုန်မှာ စိုးလို့ပါ ။ အဲတော့ ကျွန်တော်ပြောတာ ကြီးပွားချင်တယ်၊ ဒီထဲမှာ ခင်ဗျားတို့ အမွေခံမယ့်သူ
ထဲမှာ ဘယ်သူရမလဲဆိုတာ ကျုပ် ပြောလို့ရတာ မဟုတ်ဘူး ။ ယူတဲ့လူသာရမှာ ။ အတန်းထဲမှာ စာသင်တယ် ။
ကျွန်တော် အဆုံးအမတွေ ပြောတာပဲ။ တချို့က ဒီလိုပြောမှ ရတာပဲ ။ အတန်းတွေကြီးလာလည်း ပြောရတာပဲ။
အဲဒီလို ပြောတဲ့အထဲမှာ စကားလုံး တစ်လုံး တစ်လေ စွဲမှတ်သွားတဲ့လူ သိပ်များများ ရှိတာ မဟုတ်ဘူး ။
များများ ရှိတယ်လို့ မထင်နဲ့နော်၊ မယူလို့ရှိရင် မရဘူး ၊ ယူမှ ရတယ်။
အဲဒီတော့ အမွေပေးသူသည် တကယ်ဆိုတော့ အမွေပေးသူကိုယ်တိုင် ကျိုးကြောင်း ဆင်ခြင်ဥာဏ် နဲ့
ပြည့်စုံတဲ့ ဗဟုသုတများတဲ့သူကပေးရင် ပိုရတာပေါ့ ။ ကျွန်တော့ထက်ပိုပြီး ပညာကြီးသူကပေးရင် ပိုရတာပေါ့။
ဆိုပါတော့.. ကျွန်တော်က တစ်ထောင်ပေးနိုင်တယ်၊ သူက သုံးထောင် အမွေပေးနိုင်တယ်။
ဒီတော့ ပစ္စည်း ဥစ္စာ ဗဟုသုတ များများရှိလေ ကောင်းလေပါ။ ပြီးတော့ အမွေခဲတဲ့သူဟာ
တကယ်ကို လိမ္မာစွာ အမွေခံယူလေ ကောင်းလေပါလို့ ကျွန်တော် ပြောချင်တယ်။
ဆရာ ဦးအောင်သင်း
မိုးမိုး(အင်းလျား)အမှတ်တရအဖွဲ့မှ ကျင်းပသည့် ဟောပြောပွဲမှ......
============================================================
ဆရာ ဦးအောင်သင်းခင်ဗျား ..
စိတ်ဓာတ်သစ် တိုးပွားအောင် စိတ်ဓာတ်ကြံ့ခိုင်အောင် ပြုလို့ ရမလား ..
စာဖတ်ခြင်း တစ်ခုတည်းနဲ့ ပြည့်စုံနိုင်ပါ့မလား... မည်သို့ လုပ်ဆောင်ရမည်ကို ဖြေကြားပေးပါခင်ဗျား ....
ဆရာ ဦးအောင်သင်း ၏ အဖြေ .....
စိတ်ဓာတ်ကြံ့ခိုင်တာဟာ စာဖတ်ခြင်းနဲ့ လုံလောက်တာ မဟုတ်ဘူး။ စာဖတ်တာက စာဖတ်နေတာနဲ့ စိတ်ဓာတ်ကြီး
ကြံ့ခိုင်လာတာ မဟုတ်ဘူး။ စာဖတ်တာက စိတ်ဓာတ်အသိမြင့်အောင်လုပ်တာ။ မင်းတို့ How to swin ရေကူးနည်း
စာအုပ်ဖတ်ပြီးတော့ ရေထဲ ၀ုန်းကနဲ့ ခုန်ချတော့ ဘာဖြစ်မလဲ၊ လက်ပဲပေါ်လာမှာပေါ့။ လက်ကလေးပဲ ပေါ်လာမှာ။
ကယ်တော်မူပါပေါ့ ၊ ဟုတ်လား။ ပြောချင်တာက ရေကူးနည်း စာအုပ်ကိုဖတ် ပြီးတော့မှ ရေကူးလေ့ကျင့်ရတယ်၊
ဟုတ်လား ။ အလေးမနည်းကို ဖတ်ပြီးတော့ မှ အလေးမ လေ့ကျင့်ရတာ။ စာအုပ်ဖတ်ရုံနဲ့ ကြွက်သားကြီးက
ကောင်းလာတာ မဟုတ်ဘူး ။ စာဖတ်တာနဲ့ ဗလတောင့်လို့ရှိရင် ငါလည်း အဲဒါတွေဖတ်တာနဲ့ ဗလကြီးကို အယ်နေ
မှာပဲ ။ စာဖတ်ပြီးတောလဲ လေ့ကျင့်ရသေးတာ။ ဒီမှာ ကရာတေး ကျင့်နည်းတွေ ဘာတွေ ရှိသားပဲ ။ ဒါပေမယ့်
အဲဒီ ကာရာတေး ကျင့်နည်းတွေ ဖတ်ရုံနဲ့ ကာရာတေး တတ်သွားတာ မဟုတ်ဘူး။ စာဖတ်တော့မှ ကိုယ့်စိတ်ကိုယ်
ဘယ်လို့ ပြန်ကျင့်ရမယ် ဆိုတာ သိလာမှာပေါ့ ။ ကြံ့ခိုင်လာမှာပေါ့ ၊ အဲဒီစာအုပ်တွေက ဒီကြံ့ခိုင်တဲ့ နည်းလမ်းတွေ
ပေးလိမ့်မယ်။ အဲဒီအတိုင်း လိုက်နာပြီး ကြိုးစားကြည့်ပါလို့ ပြောချင်တယ်။
ဆရာ ဦးအောင်သင်း
မိုးမိုး(အင်းလျား)အမှတ်တရအဖွဲ့မှ ကျင်းပသည့် ဟောပြောပွဲမှ......
အောင်မြင်မှုဆိုတာ....
လေးထဲမှာ လူနာမျှော်ရင်း ၀တ္ထုစာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ် ထိုင်ဖတ်နေရတဲ့ ဆရာဝန်မျိုး မဖြစ်ချင်ဘူး။
မုန့်ဟင်းခါးရောင်းတဲ့သူကလည်း ရပ်ကွက်တကာလှည့်ပြီး အထမ်းနဲ့ ရောင်းရတဲ့ အသည် မဖြစ်ချင်ဘူး။ မိုးလင်း
တာနဲ့ မော်တော်ကားတွေ တစ်သီကြီး တန်းစီလာစားကြတဲ့ ဆိုင်ကြီးနဲ့ ရောင်းတဲ့မုန့်ဟင်းခါးသည်ဖြစ်ချင်တယ်။
ချမ်းသာချင်တာ အပြစ်မဟုတ်..
ဒါ လူ့သဘာဝမို့ အပြစ်တင်စရာ မဟုတ်ဘူး။ အောင်မြင်မှု မလိုချင်ပါဘူးဆိုတာ အလကားပြောတာ။ ပုထုဇဉ်
မှန်သမျှ ကိုယ့်နေရာမှာတော့ အအောင်မြင်ဆုံးသူ ဖြစ်ချင်ကြတာချည်းပါပဲ။ ဒါ့ကြောင့် အောင်မြင်မှု ရဖို့အတွက်
အရူးအမူး ကြိုးစားနေကြတဲ့သူတွေကို အပြစ်မပြောထိုက်ဘူး။ အောင်မြင်မှုရအောင် ဘယ်နည်းဘယ်ပုံ လုပ်သလဲ
ဆိုတာကိုပဲ ကြည့်သင့်တယ်။ အောင်မြင်ဖို့အတွက် ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စိတ်နဲ့ မသမာမှုမျိုးစုံ
လုပ်သူ ဟုတ်/မဟုတ် ဆိုတာပဲကြည့်ပြီး ဆုံးဖြတ်သင့်တယ်။ ချမ်းသာချင်လို့ အမြတ်ရအောင်လုပ်တိုင်း ခေါင်းပုံ
ဖြတ်သမား၊ လူမသမာလို့ ပြောလို့ မရဘူး။ စီးပွားရေးလုပ်တယ်ဆိုတာ အလှူဒါနပြုတာမဟုတ်ဘူး၊ ကောင်းရာ
သုဂတိလားဖို့ လုပ်တာမဟုတ်ဘူး၊ အမြတ်ရချင်လို့လုပ်တာ၊ဒါ့ကြောင့် အမြတ်ရအောင်လုပ်တာ သဘာဝကျတယ်။
ချမ်းသာချင်တာက အပြစ် မဟုတ်ဘူး ။
မတရားချမ်းသာတာ မဟုတ်ရင်..
ချမ်းသာအောင်လုပ်ပါ၊ ချမ်းသာလို့ သိန်းထောင်ကျော်တန်ကားကြီးတွေ ကိုးစီး၊ ဆယ်စီးထားပြီး ခြံကျယ်ကျယ်
တိုက်ကြီးနဲ့ နေနိုင်တာ ကောင်းပါတယ်။ သူများကို အနိုင်ကျင့်ပြီး မတရားချမ်းသာလာတာ မဟုတ်ရင် လိပ်ပြာ
မလုံစရာ မရှိပါဘူး။ ပျော်ပျော်ကြီး ချမ်းသာလာတာပါ။ ရှေးက လူပြတ်တွေ ပြောသလို...
(နည်းနည်းရိုင်းတာတော့ ခွင့်လွတ်ကြပါရှေးက ပြက်လုံးကို သတိရစေချင်လို့ပါ) ...
"ယောင်းမကို စိန်စီ ၊ ဒယ်အိုးကို ရွှေချပြီး ခွေးချေးကြော်စား" ဆိုသလို လုပ်လည်း ရပါတယ်။
" ငတေ" နည်းနဲ့ ချမ်းသာလာတာ မဟုတ်ရင် ပြီးတာပါပဲ။
အောင်မြင်မှုအမျိုးမျိုး
အောင်မြင်မှု ဆိုတဲ့ စကားကလည်း အဓိပ္ပါယ် ထွေပြားတယ်။ ကိုယ်လိုချင်သလို အဓိပ္ပါယ်ဖွင့်လေ့ရှိတယ်။
တချို့က success ကိုပဲ အောင်မြင်မှုလို့ထင်တယ်။ အောင်မြင်တဲ့ ဆရာဝန်ဆိုရင် successful surgeon ၊
အောင်မြင်တဲ့ စီးပွားရေးသမား successful businessman လို့ ယူဆကြတယ်။ တချို့က တစ်မျိုးမျိုးနဲ့
လူအသိအမှတ်ပြုခံရတာ acknowledge ကို အောင်မြင်မှုလို့ မှတ်ယူကြတယ်။ တချို့က ထင်ပေါ်ကျော်ကြား
တာ welknown ကို အောင်မြင်မှုလို့ သဘောထားကြတယ်။ တချို့ကျတော့ စွမ်းဆောင်မှု တစ်ခုခု ထူးထူး
ခြားခြား ပြုနိုင်တာ achievement ကိုမှ အောင်မြင်မှုလို့ သတ်မှတ်တယ်။
အကြိုက်တစ်မျိုးစီ..
လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ ကြိုက်သလို အဓိပ္ပာယ်ဖွင့်ပြီး နှစ်သက်သလို ကျင့်သုံးလက်ခံနိုင်ပါတယ်။
ဘယ်လို အောင်မြင်မှုမျိုးဖြစ်ဖြစ် စောစောက ပြောခဲ့သလို " ငတေ" နည်းနဲ့ ရတဲ့ အောင်မြင်မှုမျိုး မဖြစ်ရင်
ဘာမှ ပြောစရာ မရှိပါဘူး။ အောင်မြင်တဲ့ ဆရာဝန်ကြီးတစ်ယောက်ဖြစ်လို့ ပိုက်ဆံ နစ်ခနဲ့နေအောင် ယူနေ
လည်း ဆရာဝန်ကျင့်ဝတ်နဲ့အညီ ပြုမူနေထိုင်သမျှ ကာလပတ်လုံး အပြစ်ပြောစရာ မရှိပါဘူး။
ထင်ပေါ်ကျော်ကြားတဲ့ ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်လို့ သူ့ငွေ သူကြိုက်သလို သုံးဖြုန်းနေတာလည်း အပြစ်
တင်စရာ မဟုတ်ဘူး။ ဒါပေမယ့် မြန်မာအမျိုးသမီးတစ်ဦးအနေနဲ့ စောင့်ထိန်းအပ်တဲ့ ဟီရိသြတပ္ပတရားများကို
ပစ်စလက်ခတ် သဘောထားပြီး ထင်ရာစိုင်းနေရင်တော့ အများတံတွေးကွက်မှာ ပက်လက်မျောသွားတဲ့အထိ
ကဲ့ရဲ့ ရှုံချခံရမှာ သေချာတယ်။ ကဲ့ရဲ့ ရှုတ်ချသူတွေကို အပြစ်တင်လို့ မရဘူး။
ဒါက မြန်မာပြည် .. ဟောလိဝုဒ် မဟုတ်ဘူး ။
ပညာမတတ်လဲရတယ်..
ကျောင်းဆရာလုပ်ခဲ့သူ တစ်ယောက်အနေနဲ့တော့ လူငယ်တွေကို စွမ်းဆောင်မှု တစ်ခုခု ပြုလုပ်ရတဲ့ achievement
အောင်မြင်မှုမျိုးကို ပိုပြီး တန်ဘိုးထားကြစေချင်တယ်။ အောင်မြင်တဲ့ ဆရာဝန်၊ အောင်မြင်တဲ့ အင်ဂျင်နီယာ၊
အောင်မြင်တဲ့ စီးပွားရေးသမားဆိုတာ လူတိုင်းဖြစ်နိုင်တာ မဟုတ်ဘူး။ အကြောင်းမျိုးစုံနဲ့ ညီညွတ်မှ ဖြစ်နိုင်တာ။
အဆင့်မြင့်ပညာတွေ မသင်နိုင်လို့ ပိုက်ဆံမရှိလို့ဆိုပြီး အားငယ်နေဖို့ မလိုပါဘူး။
achievement ဆိုတာ ပညာမတတ်လဲ ရနိုင်တယ်လို့ ယုံစေချင်တယ်။
လင်ကွန်းနဲ့ အယ်ဒီဆင်..
အမေရိကန် သမ္မတကြီးလင်ကွန်းတို့ လျှပ်စစ်မီးလုံး စတင်တီထွင်ခဲ့သူ အယ်ဒီဆင်တို့တစ်တွေဟာ ကျောင်းတောင်
ကောင်းကောင်း မနေခဲ့ကြရပါဘူး။ ဇွဲ ၊ လုံ့လ၊ ၀ီရိယ နဲ့ ကြိုးပမ်းလို့သာ အောင်မြင်မှု ရခဲ့ကြတာပါ။ လင်ကွန်းဆိုရင်
စာအုပ်တစ်အုပ်ငှါးရဖို့အတွက် တစ်နေ့လုံး လမ်းလျှောက်သွားရတဲ့ အကွာအဝေးကို မညည်း မညူ သွားခဲ့ရတယ်။
အယ်ဒီဆင်ဆိုရင်လည်း ကလေးဘ၀က မီးရထားပေါ် မှာ ဆေးလိပ်၊ မီးခြစ် ရောင်းတဲ့ ဗန်းကလေးလွယ်ပြီး
ရောင်းရင်းနဲ့ စာတွေဖတ်ခဲ့ ဓာတ်ခွဲစမ်းသပ်မှုတွေ လုပ်ခဲ့တာဖြစ်တယ်။ ၀ါသနာပါတဲ့ အလုပ်တစ်ခုကို စွဲစွဲ မြဲမြဲ
ဇွဲနပဲကြီးကြီးနဲ့ လုပ်ရင်းနဲ့ နောက်ဆုံးမှာ အောင်မြင်မှု ရခဲ့တာဖြစ်တယ်။
မောင့်ကျက်သရေခေါင်းပေါင်း..
ရှေးက စကော့ဈေး(ဗိုလ်ချုပ်ဈေး) အနောက်တန်းမှာ မောင့်ကျက်သရေ ဆိုတဲ့ ခေါင်းပေါင်းရောင်းတဲ့ ဆိုင်ကြီး
တစ်ဆိုင် ရှိပါတယ်။ ခုခေတ်ထိ သုံးနေကြရတဲ့ ခြင်းခံပြီး ခေါင်းမှာ အသင့်စွပ်ချလိုက်ရတဲ့ ခေါင်းပေါင်းကို စတင်
တီထွင်ပြီး ရောင်းချခဲ့တာပါ။ အဲဒီမတိုင်ခင်က ကိုယ်တိုင် ခေါင်းပေါင်း ပေါင်းကြရတယ်။ ဆံရှည်ခေတ်က ပြဿနာ
မရှိပေမယ့် ဘိုကေခေတ်ရောက်တော့ ခေါင်းပေါင်း ပေါင်းရတာ လက်ဝင်လှပါတယ်။ အဲဒီခေတ်က ကောလိပ်
ကျောင်းတက်တာတောင် ခေါင်းပေါင်းနဲ့ တက်ကြတာဆိုတော့ ယောက်ျားတိုင်း မရှိမဖြစ် ထားကြရတယ်။
မောင့်ကျက်သရေ ခေါင်းပေါင်း ပေါ်လာတော့ ယောက်ျားတိုင်း လက်သုံး ဖြစ်သွားခဲ့တယ်။ နေ့ချင်း ညချင်း
အောင်မြင် ကျော်ကြားသွားခဲ့တယ်။ အောင်မြင်ကျော်ကြားမှု အရှိန်အဟုန်ဟာ ဘယ်လောက်ထိ ကြီးမားသလဲ
ဆိုရင် ဒီနေ့ခေတ်ထိတောင် ခေါင်းပေါင်းကို "မောင့်ကျက်သရေခေါင်းပေါင်း" လို့ ခေါ်နေကြဆဲ ဖြစ်တယ်။
ဓနုဖြူ ဦးဘိုးချမ်း..
ရှေးခေတ် တစ်ခေတ်က အမျိုးသမီးတွေကြားမှာ "ဓနုဖြူ ဦးဘိုးချမ်း" ဆိုတဲ့ နာမည်နဲ့ ရောင်းတဲ့ ရွှေရည်စိမ်
ဆွဲကြိုး၊ လက်ကောက် နဲ့ လက်ဝတ်လက်စားတွေ တော်တော် ခေတ်စားခဲ့တယ်။ တစ်နိုင်ငံလုံး အနှံ့ ကို
တွင်ကျယ်ခဲ့တယ်။ ဘယ်လောက်ထိများ တွင်ကျယ်ခဲ့သလဲဆိုရင် တစ်ခုခုကို အတုတွေပဲ၊ အစစ်မဟုတ်ဘူး
လို့ ပြောချင်ရင် " ဦးဘိုးချမ်း" ပဲ လို့ ပြောတဲ့အထိတောင်ဖြစ်တယ်။ ဒါတွေဟာ achievement တစ်မျိုးပဲ။
ဒါကြောင့် ပိုက်ဆံမရှိလို့ ၊ ပညာမသင်နိုင်လို့ဆိုပြီး စိတ်ပျက်အားလျော့ မဖြစ်စေချင်ကြဘူး။
ဇွဲ ၊ လုံ့လ ၊ ၀ီရိယ နဲ့ စူးစူးစိုက်စိုက် ကြိုးစားအားထုတ်ရင် " တစ်ခု၊ တစ်ကောင်၊ တစ်ယောက် " ဖြစ်နိုင်တယ်လို့
ပြောလိုက်ချင်ပါတယ်။
လူထုစိန်ဝင်း
စောင့်ကြည့်သတင်းဂျာနယ်..
Subscribe to:
Posts (Atom)