Thursday, July 25, 2013

"လျှို့ဝှက်မထား၊ ကြောင်းသုံးပါး နှင့် သုံးပါးစောဒနာ၊ ပြစ်ကင်းကွာ၊ မြတ်စွာဂုဏ်တော် အဘယ်နည်း"

"လျှို့ဝှက်မထား၊ ကြောင်းသုံးပါး နှင့် သုံးပါးစောဒနာ၊ ပြစ်ကင်းကွာ၊ မြတ်စွာဂုဏ်တော် အဘယ်နည်း"

ရဟန်းတို့ မြတ်စွာဘုရားအား မစောင့်ရှောက်ရသော တရားတို့သည် ဤလေးမျိုးတို့တည်း၊ အကြောင်းသုံးမျိုးတို့ဖြင့်လည်း (မြတ်စွာဘုရားအား) မစွပ်စွဲအပ်။

မြတ်စွာဘုရားအား မစောင့်ရှောက်ရသော တရားလေးမျိုးတို့ဟူသည် အဘယ်တို့နည်းဟူမူ-

- ရဟန်းတို့ မြတ်စွာဘုရားသည် စင်ကြယ်သော ကိုယ်အကျင့် ရှိတော်မူ၏၊ ''ငါ၏ ဤကာယ ဒုစရိုက်မှုကိုသူတစ်ပါး မသိစေလင့်''ဟု (နှလုံးသွင်း၍)စောင့်ရှောက် ရသည့် ကာယဒုစရိုက်မျိုးသည် မြတ်စွာဘုရားအားမရှိ။

- ရဟန်းတို့ မြတ်စွာဘုရားသည် စင်ကြယ်သော နှုတ်အကျင့်ရှိတော်မူ၏၊ ''ငါ၏ ဤဝစီဒုစရိုက်မှုကိုသူတစ်ပါး မသိစေလင့်''ဟု (နှလုံးသွင်း၍)စောင့်ရှောက် ရသည့် ဝစီဒုစရိုက်မျိုးသည် မြတ်စွာဘုရားအားမရှိ။

- ရဟန်းတို့ မြတ်စွာဘုရားသည် စင်ကြယ်သော စိတ်အကျင့်ရှိတော်မူ၏၊ ''ငါ၏ ဤမနောဒုစရိုက်မှုကိုသူတစ်ပါး မသိစေလင့်''ဟု (နှလုံးသွင်း၍)စောင့်ရှောက် ရသည့် မနောဒုစရိုက်မျိုးသည် မြတ်စွာဘုရားအားမရှိ။

- ရဟန်းတို့ မြတ်စွာဘုရားသည် စင်ကြယ်သော အသက်မွေးမှု ရှိတော်မူ၏၊ ''ငါ၏ ဤမှားယွင်းသောအသက်မွေးမှုကို သူတစ်ပါး မသိစေလင့်''ဟု (နှလုံးသွင်း၍)စောင့်ရှောက်ရသည့် မိစ္ဆာဇီဝမျိုးသည်မြတ်စွာဘုရားအား မရှိ။

မြတ်စွာဘုရားအား မစောင့်ရှောက်ရသော တရားတို့သည် ဤလေးမျိုးတို့တည်း။
.....................................................................

အဘယ် အကြောင်းသုံးမျိုးတို့ဖြင့် (မြတ်စွာဘုရားအား) မစွပ်စွဲအပ်သနည်း။

- ရဟန်းတို့ မြတ်စွာဘုရားသည် တရားတော်ကို ကောင်းစွာ ဟောထား၏၊

ထိုအရာ၌ သမဏဖြစ်စေဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို ''ဤအကြောင်းကြောင့် အသျှင်သည် တရားတော်ကို ကောင်းစွာ ဟောသူ မဟုတ်''ဟု ဤသို့ ငါ့ကို အကြောင်းနှင့်တကွစောဒနာ နိုင်လိမ့်မည်ဟူသော အကြောင်းကို ငါမမြင်။ ရဟန်းတို့ ငါသည် ထိုအကြောင်းကို မမြင်သည်ဖြစ်၍ ဘေး မရှိခြင်းသို့ ရောက်သည် ကြောက်ရွံ့မှုကင်းခြင်းသို့ ရောက်သည် ရဲရင့်ခြင်းသို့ရောက်သည် ဖြစ်၍ နေ၏။

- ရဟန်းတို့ တပည့်သာဝကတို့အား နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကို ငါကောင်းစွာ ပညတ်ထား၏၊

ပညတ်တော်မူတိုင်း ကျင့်ကုန်သော ငါ၏ တပည့်သာဝကတို့သည် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်အာသဝေါတရားကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခု ဘဝ၌ပင်လျှင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြု၍ ရောက်လျက်နေရကုန်၏။

ထိုအရာ၌ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေလောက၌ မည်သူမဆို ''ဤအကြောင်းကြောင့် အသျှင်သည် တပည့်သာဝကတို့အားနိဗ္ဗာန်ရောက်ကြောင်း အကျင့်ကို ကောင်းစွာ ပညတ်ထားသည် မဟုတ်၊ ပညတ်တိုင်း ကျင့်ကြကုန်သောအသျှင်၏ တပည့်သာဝကတို့သည် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်။ပ။ မျက်မှောက်ပြု၍ရောက်လျက် မနေရကုန်''ဟု ဤသို့ ငါ့ကို အကြောင်းနှင့်တကွ စောဒနာလိမ့်မည် ဟူသော အကြောင်းကိုငါမမြင်။ ရဟန်းတို့ ငါသည် ထိုအကြောင်းကို မမြင်သည်ဖြစ်၍ ဘေးမရှိခြင်းသို့ ရောက်သည်ကြောက်ရွံ့မှု ကင်းခြင်းသို့ ရောက်သည် ရဲရင့်ခြင်းသို့ ရောက်သည် ဖြစ်၍ နေ၏။

- ရဟန်းတို့ အရာမက များစွာကုန်သော ငါ၏ တပည့်သာဝက ပရိသတ်တို့သည် အာသဝေါတရား တို့၏ကုန်ခြင်းကြောင့်။ပ။ မျက်မှောက်ပြု၍ ရောက်လျက် နေကြရကုန်၏။

ထိုအရာ၌ သမဏဖြစ်စေဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို ''ဤအကြောင်းကြောင့်အသျှင်၏ အရာမက များစွာကုန်သော တပည့်သာဝကပရိသတ်တို့သည် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါတရားကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင်လျှင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြု၍ ရောက်လျက် မနေရကုန်''ဟု ဤသို့ ငါ့ကို အကြောင်းနှင့်တကွစောဒနာလိမ့်မည်ဟူသော ထိုအကြောင်းကို ငါမမြင်။ ရဟန်းတို့ ငါသည် ထိုအကြောင်းကို မမြင်သည်ဖြစ်၍ ဘေး မရှိခြင်းသို့ ရောက်သည် ကြောက်ရွံ့မှုကင်းခြင်းသို့ ရောက်သည် ရဲရင့်ခြင်းသို့ ရောက်သည် ဖြစ်၍ နေ၏။

ဤအကြောင်းသုံးမျိုးတို့ဖြင့် (မြတ်စွာဘုရားအား) မစွပ်စွဲအပ်။

ရဟန်းတို့ မြတ်စွာဘုရားအား မစောင့်ရှောက်ရသော တရားတို့သည် ဤလေးမျိုးတို့တည်း၊ ဤအကြောင်းသုံးမျိုးတို့ဖြင့်လည်း (မြတ်စွာဘုရားအား) မစွပ်စွဲအပ်ဟု (မိန့်တော်မူ၏)။

{အင်္ဂုတ္တရနိကာယ်၊ သတ္တကနိပါတ်၊ ပဏ္ဏာသက၊ အဗျာကတဝဂ်၊ အရက္ခေယျသုတ်}

"ဝါကပ်ရန် ခွင့်ပြုတော်မူခြင်း"

ဝါဆိုဖို့ရန်၊ ခွင့်ပြုဟန်နှင့်၊ နှစ်တန်နှစ်မျိုး၊ ဝါဆိုရိုး၊ ဘုန်းမိုးဘယ်သို့မိန့်သနည်း"

"ဝါကပ်ရန် ခွင့်ပြုတော်မူခြင်း"

တစ်ရံရောအခါ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ရဟန်းတို့အား ဝါဆိုဝါကပ်ကို ပညတ် တော်မမူသေးသောကြောင့် ရဟန်းတို့သည် ဆောင်း နွေ မိုးဥတုသုံးပါးလုံး ဒေသစာရီ လှည့်လည်ကြကုန်၏။

လူတို့သည် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ''အဘယ်ကြောင့် ဆောင်း နွေ မိုးဥတုသုံးပါးလုံး စိမ်းရှင်သော မြက်ပင်တို့ကို နင်းချေကုန်လျက် အသက်ဟု ဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲကာ သေးငယ်သည့် များစွာသော သတ္တဝါတို့ကို ပျက်စီးခြင်းသို့ ရောက်စေ၍ ဒေသစာရီ လှည့်လည်ကုန်ဘိသနည်း၊ မကောင်းသဖြင့် ဟောအပ်သော တရားရှိသော သာသနာတော်မှ တစ်ပါးသော အယူရှိသော တိတ္ထိတို့သော်မှလည်း မိုးလတို့ပတ်လုံးကြောင့်ကြမဲ့ ကိန်းအောင်းနေထိုင်ကြကုန်သေး၏၊ ငှက်တို့သော်မှလည်း သစ်ပင်ဖျားတို့၌ အသိုက်ပြုကာ မိုးလတို့ပတ်လုံးကြောင့်ကြမဲ့ မြဲစွဲစွာ နေကြကုန်သေး၏။

ဤသာကီဝင်မင်းသား ဘုရားအနွယ်တော် ဖြစ်သော ရဟန်းတို့သည်ကား ဆောင်း နွေ မိုးဥတုသုံးပါးလုံး စိမ်းရှင်သော မြက်ပင်တို့ကို နင်းချေကုန် လျက် အသက်ဟု ဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲကာ သေးငယ်သည့် များစွာသော သတ္တဝါ တို့ကို ပျက်စီးခြင်းသို့ ရောက်စေလျက် ဒေသစာရီ လှည့်လည်ကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသောအခါ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့အား ''ရဟန်းတို့ ဝါကပ်စိမ့်သောငှါ ခွင့်ပြု၏''ဟု မိန့်တော်မူ၏။

ထိုအခါ ရဟန်းတို့အား ''အဘယ်အခါ၌ ဝါကပ်အပ်ပါသနည်း''ဟု အကြံဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ''ရဟန်းတို့ မိုးလ၌ ဝါကပ်စိမ့်သောငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။

ထိုအခါ ရဟန်းတို့အား ''ဝါကပ်ခြင်းတို့သည် အဘယ်မျှ ရှိကုန်သနည်း''ဟု အကြံဖြစ်၏။ မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။

- ရဟန်းတို့ ဝါကပ်ခြင်းတို့သည် ပုရိမဝါကပ်ခြင်း၊ ပစ္ဆိမဝါကပ်ခြင်းဟူ၍ နှစ်မျိုးရှိကုန်၏။

- ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ပုရိမဝါကပ်ရမည်။

- ဝါဆိုလပြည့် နေ့မှ တစ်လလွန်ပြီးသော လပြည့်ကျော်တစ်ရက် 'ဝါခေါင်လပြည့်ကျော်တစ်ရက်' နေ့၌ ပစ္ဆိမဝါကပ်ရမည်။

ရဟန်းတို့ ဝါကပ်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

{ဝိနယပိဋက၊ မဟာဝဂ္ဂပါဠိတော်၊ ဝဿူပနာယိကက္ခန္ဓက၊ ဝါကပ်ရန် ခွင့်ပြုတော်မူခြင်း}

( ဗုဒ္ဓရဲ့ စကားကြီး ၁၀-ခွန်း )

( ဗုဒ္ဓရဲ့ စကားကြီး ၁၀-ခွန်း )

ကာလာမတို့-
၁။ အဆင့်ဆင့်ပြောဆိုလာခဲ့တဲ့ ရှေးစကား ကြားရုံမျှနဲ့လဲ ၀ါဒတခု လက်မခံလိုက်နဲ့ဦး။

၂။ အစဉ်အဆက်က ကျင့်သုံးလာတဲ့ ဓလေ့ထုံးစံအားလုံးလဲ မှန်တယ်လို့ သိမ်းကျုံး လက်မခံလိုက်နဲ့ဦး။

၃။ သူတပါး ပြောတိုင်းလဲ မစုံစမ်း မဆင်ခြင်ဘဲ လက်မခံလိုက်နဲ့ဦး။

၎။ စာနဲ့ ရေးထားတိုင်းလဲ အားလုံးမှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။

၅။ မိမိတွေးတောကြံဆလို့ ပေါ်လာတဲ့ မိမိရဲ့ အတွေးအကြံတွေအားလုံး မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။

၆။ မှီရာနည်းနိဿယတွေ ရှိသားပဲဆိုပြီး အဲဒီနည်းတွေကို မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။

၇။ မိမိအကြံအစည် အတွေးအခေါ်ကို မိမိဘာသာ အကြောင်း အထောက်အထားပေးပြီး ခိုင်လုံလှပြီလို့ မယူလိုက်နဲ့ဦး။

၈။ မိမိကြိုတင် စဉ်းစား တွေးတော လက်ခံထားသော အယူအဆနှင့် တစုံတယောက် ဟောပြောချက်၊ ရေးသားချက်၊ အယူအဆတို့ ကိုက်ညီပါပေတယ်ဆိုပြီး လက်မခံလိုက်နဲ့ဦး။

၉။ ထင်ရှားကျော်ကြားပြီး လူအများ လေးစားတဲ့ပုဂ္ဂိုလ်ကြီး ပြောတဲ့စကားပဲဆိုပြီးတော့လဲ လက်မခံလိုက်နဲ့ဦး။

၁၀။ ငါတို့ လေးစားတဲ့ ငါတို့ ဆရာ့စကားဆိုပြီးတော့လဲ အပြီးသတ် လက်မခံလိုက်ပါနဲ့ဦး။

( ကောင်းဆိုးနှစ်ဖြာ ခွဲခြားပါ )

ကာလာမတို့-ဤတရားကား စက်ဆုပ်ဖွယ် တရားတို့ပါတကား။ ဤအကျင့်တို့ကား မကောင်းသော အကျင့်တို့ပါတကား။ ဤအကျင့်တို့ကား သူတော်ကောင်းများ ကဲ့ရဲ့သော အကျင့်တို့ပါတကားလို့ သင်တို့ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။

အဲဒီလို သိတဲ့အခါ အဲဒီမကောင်းတဲ့ အကျင့်တရားတွေကို ပယ်လိုက်ကြ၊ စွန့်လိုက်ကြရုံပဲပေါ့။ အဲဒီအကျင့် တစုံတခုကို ကျင့်လို့ အကျိုးမဲ့ ဖြစ်မယ်၊ ဆင်းရဲမယ်ဆိုရင် ဘာပြုလို့ ကျင့်နေရမှာလဲ ပယ်လိုက်ကြပေါ့။

ကာလာမတို့-သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ဉာဏ်ဖြင့် ဤအကျင့်တရားတို့သည် အပြစ်ကင်း၍ သန့်ရှင်းသော တရားများ၊ ကောင်းကျိုးချမ်းသာဖြစ်၍ ပညာရှိ သူတော်ကောင်းများ ချီးမွမ်းသော အကျင့်တရားတွေပဲလို့ သိသောအခါ ဒီအကျင့်တရားမျိုးကို လိုက်နာကျင့်သုံးကြပေါ့။

သင်တို့ ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။ ဘာပြုလို့ မျက်စိမှိတ်နေကြတာလဲ။ ကိုယ်ပိုင်ထားသော စိတ်၊ စေတသိက်တို့ရဲ့ ထက်မြက်လှစွာသော စွမ်းရည်သတ္တိတွေကို အသုံးချလိုက်ာကပါ။

ဤသုတ္တန်လာ ဗုဒ္ဓ၏ မိန့်ခွန်းသံများဟာ ဘာသာရေးမှာ မျက်စိမှိတ်နေကြတဲ့ ပုဂ္ဂိုလ်တွေကို မျက်စိပွင့်စေတဲ့ စွမ်းအားတမျိုး ဖြစ်ပါတယ်။ ကိုးကွယ်ဆည်းကပ်မှု၌ တွေဝေ ငေးငိုင်နေသူတွေကို ကြည်လင်တက်ကြွလာစေတဲ့ မိန့်ခွန်းတော်များလဲ ဖြစ်ပါတယ်။

သီတဂူ ဆရာတော်

Credit to @Lin Thurein

" ဗုဒ္ဓဘာသာဆိုတာ ဘယ်လိုဘာသာမျိုးလဲ" *

" ဗုဒ္ဓဘာသာဆိုတာ ဘယ်လိုဘာသာမျိုးလဲ"
********************************
“ဗုဒ္ဓဘာသာဆိုသည်မှာ မည်ကဲ့သို့သော ဘာသာမျိုးဖြစ်သည်” ဟူသော အချက်များကို ဗုဒ္ဓဘာသာဝင်တိုင်း သိထားရန်လို၏။ ဗုဒ္ဓဘာသာတွင် အခြားသောဘာသာတို့နှင့်မတူ ကွဲပြားထူးခြားသော ဝိသေသလက္ခဏာ ဂုဏ်အင်္ဂါကြီး (၄)ရပ်ရှိ၏။ထိုဗုဒ္ဓဘာသာ၏ ဝိသေသလက္ခဏာ ဂုဏ်အင်္ဂါကြီး (၄)ရပ်ကို သိမြင်နားလည်ထား လျှင် ဗုဒ္ဓဘာသာသည် မည်ကဲ့သို့သော ဘာသာမျိုးဖြစ်သည်ဟု ကိုယ်တိုင်သိရှိမည့်အပြင် အခြားသူများအား လည်း နားလည်အောင် ရှင်းပြနိုင်မည်ဖြစ်ပါသည်။ ထိုဝိသေသလက္ခဏာ ဂုဏ်အင်္ဂါကြီး(၄)ရပ်ကို မဖော်ပြမီ ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓသာသနာကိုဦးစွာသိထားရန်လို၏။

ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓသာသနာ
ရှေးအခါက ဗုဒ္ဓဘာသာကို “သမ္မာဒိဋ္ဌိ” (မှန်ကန်သော အယူအမြင်)၊ ဗုဒ္ဓဘာသာဝင်ကို “သမ္မဒိဋ္ဌိက” (မှန်ကန်သော အယူအမြင်ရှိသူ) ဟု သုံးစွဲခဲ့ကြသည်ကို ပါဠိ အဋ္ဌကထာစသော ကျမ်းဂန်များ၌ တွေ့ရ၏။ ယခုအခါ ကျမ်းဂန်များ၌သုံးစွဲခဲ့သော သမ္မာဒိဋ္ဌိကို ဗုဒ္ဓဘာသာဟူ၍လည်းကောင်း၊ သမ္မာဒိဋ္ဌိကကို ဗုဒ္ဓဘာသာဝင် ဟူ၍လည်းကောင်း ခေါ်ဝေါ်သုံးစွဲလျက် ရှိကြသည်။ ဤဗုဒ္ဓဘာသာဟူသော ဝေါဟာရကို အင်္ဂလိပ်- မြန်မာ အဘိဓာန်ကျမ်းပြု ဆရာကြီး ယုဒဿန်(ဂျပ်ဆင်)က ပထမဆုံးတီထွင်ခဲ့သည်ဟု အချို့ကဆိုကြ၏။ ထို့ပြင် အချို့ပညာရှင်များကမူ သာလွန်မင်းတရားကြီး အမိန့်တော်ဖြင့် တောင်ဖီလာပုဂ္ဂိုလ်ကျော် ဆရာတော်နှင့် ကိုင်းရွာစားအမတ်ကြီးမနုရာဇာတို့ မြန်မာသက္ကရာဇ် (၉၉၁)ခု (၁၆၂၉ အေဒီ) တွင် စီရင်ပြုစုခဲ့ကြသည့် မနုသာရရွှေမျဉ်း ဓမ္မသတ်ခေါ် မဟာရာဇာသတ်ကြီး စာမျက်နှာ ၁၇၅ ၌ “အရှင်ဂေါတမ သာသနာဝင် ဗုဒ္ဓဘာသာ ရဟန်းတော်တို့” ဟူ၍လည်းကောင်း၊ “ဗုဒ္ဓဘာသာ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင် လူရှင်အပေါင်းတို့” ဟူ၍လည်းကောင်း ခေါ်ဝေါ်သုံးစွဲခဲ့သည်ကိုတွေ့ရ၍ သာလွန်မင်းကြီးလက်ထက်ကပင် “ဗုဒ္ဓဘာသာ” ဟူသော အသုံးအနှုန်းရှိခဲ့ကြောင်း ဆိုကြ၏။

ထိုသို့ ယူဆပြောဆိုကြသော်လည်း မျက်မှောက်ခေတ်တွင် ထိုဝေါဟာရမှာ မြန်မာစာပေလောကတွင် အလွန်တွင်ကျယ်နေပြီဖြစ်၍ စတင်သုံးစွဲသူနှင့်ပတ်သတ်၍ ပြဿနာမရှိပါ။ ပြဿနာရှိသည်မှာ ထိုဝေါဟာရ သည် ဆိုလိုသည့်အဓိပ္ပာယ်ကို အံဝင်ခွင်ကျ အပြည့်အစုံဖော်ဆောင်နိုင်၊ မဆောင်နိုင်၊ ကျမ်းဂန်သုံး “သမ္မာဒိဋ္ဌိ” ဝေါဟာရနှင့်လိုက်လျောညီထွေ (ရှိ - မရှိ)ပင်ဖြစ်၏။ အချို့ပညာရှင်များက ပါဠိစာပေကျမ်းဂန်များ၌ “ဗုဒ္ဓဘာသာ” ဟူသော ဝေါဟာရမရှိ၊ “ဗုဒ္ဓသာသနာ” ဟူသော ဝေါဟာရသာရှိ၍ ဗုဒ္ဓဘာသာအစား “ဗုဒ္ဓသာသနာ” ကိုသုံးစွဲသင့်သည်ဟု ဆိုကြ၏။ အသုံးအလွန်တွင်ကျယ်နေပြီဖြစ်၍ ပြောင်းလဲသုံးစွဲရာ၌ မလွယ်ကူလှပေ။ ပြောင်းလဲသုံးစွဲပါက ဗုဒ္ဓဘာသာဝင်ကို ဗုဒ္ဓသာသနာဝင်ဟုပင် ပြောင်းလဲသုံးစွဲရမည်ဖြစ်ရာ ဗုဒ္ဓဘာသာဝင် လူသူတော်စင်တို့မှာ သာသနာ့ဝန်ထမ်း ရှင်ရဟန်းများနှင့် ရောနှောသွားဖွယ်ရာရှိ၏။ ထို့ကြောင့် အသုံးတွင်ကျယ်နေပြီဖြစ်သော ဗုဒ္ဓဘာသာ ဝေါဟာရသည်လည်း ကျမ်းဂန်လာ မဟုတ်စေကာမူ ဆိုလိုသည့် အဓိပ္ပာယ်ကို အံဝင်ခွင်ကျ ဖော်ဆောင်နိုင်သည့်အပြင် ရှေးက ကျမ်းဂန်သုံး သမ္မာဒိဋ္ဌိပုဒ်နှင့်လည်း အဓိပ္ပာယ်ချင်း လိုက်လျောညီထွေရှိရကား ထိုဗုဒ္ဓဘာသာဟူသော ဝေါဟာရကိုပင် ဆက်လက်သုံးစွဲသင့်သည်ဟု ယူဆမိပါသည်။

ရှင်းပြပါဦးမည်။ ဗုဒ္ဓဘာသာဟူသော ပါဠိဝေါဟာရသည် ဗုဒ္ဓနှင့် ဘာသာနှစ်ခုကို “ဗုဒ္ဓါနံဘာသာ ဗုဒ္ဓဘာသာ” ဟု ပုဒ်တွဲစပ်ထားသော ဝေါဟာရဖြစ်၏။ သဗ္ဗညုဘုရားရှင်တို့၏ စကားတော်ဟု အဓိပ္ပာယ်ရ၏။( ဗုဒ္ဓ= သဗ္ဗညု၊ ဘုရားရှင်တို့၏+ ဘာသာ= စကားတော်)၊ စကားတော်ဆိုသည်မှာ တရားတော်(ဓမ္မ)၊ အဆုံးအမတော် (သာသန) တို့နှင့် အဓိပ္ပာယ်အတူတူပင်ဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓဘာသာဟူသော ဝေါဟာရသည် ဗုဒ္ဓဓမ္မ၊ ဗုဒ္ဓသာသန ဟူသော ဝေါဟာရတို့နှင့် ပုဒ်ကွဲပြားခြားနားသော်လည်း အဓိပ္ပာယ်အတူတူပင်ဖြစ်ပါသည်။

ထို့ပြင် မြတ်ဗုဒ္ဓ၏ စကားတော်၊ အဆုံးအမတော်တို့သည် မှန်ကန်သော အယူအမြင်(သမ္မာဒိဋ္ဌိ)များပင် ဖြစ်ကြ၏။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏ စကားတော် တရားတော် အဆုံးအမတော်ဟု အဓိပ္ပာယ်ရှိသော ဗုဒ္ဓဘာသာဟူသော ပုဒ်သည် မှန်ကန်သော အယူအမြင်ဟု အဓိပ္ပာယ်ရသော ကျမ်းဂန်သုံး သမ္မာဒိဋ္ဌိပုဒ်နှင့် လည်း အဓိပ္ပာယ်ချင်း လိုက်လျောညီထွေ ရှိပါပေသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဆိုသည်မှာ “သဗ္ဗညုဘုရားရှင်တို့၏ စကားတော် တရားတော် အဆုံးအမတော်များ” ဖြစ်၍ ထိုသဗ္ဗညုဘုရားရှင်တို့၏ စကားတော် တရားတော် အဆုံးအမတော်များကို လေးစားစွာလိုက်နာကျင့်သုံး သူများကို “ဗုဒ္ဓဘာသာဝင်” ဟုခေါ်ဆိုပါသည်။ ဤသည်မှာ “ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာဝင်” တို့၏ အဓိပ္ပာယ်အကျဉ်းချုပ်ဖြစ်ပါသည်။

ဆက်လက်ပြီး အပေါ်မှာဖော်ပြထားခဲ့သည့် ဗုဒ္ဓဘာသာရဲ့ ဝိသေသလက္ခဏာ ဂုဏ်အင်္ဂါကြီး (၄)ရပ်ကို ဆက်လက်ပြီး ဖော်ပြပါ့မယ်။ ထိုဝိသေသလက္ခဏာ ဂုဏ်အင်္ဂါကြီး(၄)ရပ်မှာ

(၁)။ ဗုဒ္ဓဘာသာသည် သတ္တဝါတို့၌ အတိတ်ကံ၊ ပစ္စုပ္ပန်ကံ နှစ်တန်သော ကံရှိ၏။ ထိုကံများ၏ အကျိုးများလည်း ရှိ၏ဟု ကံကို အခြေခံထားသည့် ကမ္မဝါဒီဘာသာဖြစ်ခြင်း။

(၂)။ ကံကို အခြေခံထားသော ဘာသာဖြစ်သော်လည်း အခြားကမ္မဝါဒီများကဲ့သို့ အတ္တဝါဒကို လက်မခံ၊ အနတ္တဝါဒကိုသာ အထွတ်အထိပ်ထားသော ဘာသာဖြစ်ခြင်း။

(၃)။ ကံကို အခြေခံ၍ အနတ္တဝါဒကို အထွက်အထိပ်ထားသော ဘာသာဖြစ်၍ ထိုဝါဒများနှင့် လိုက်လျောညီထွေ ဖြစ်သည့် “ဒါန၊ သီလ၊ သမာဓိ၊ ပညာ” ဟူသော ကျင့်စဉ်ကြီးလေးဖြာ ရှိသော ဘာသာဖြစ်ခြင်း။

(၄)။ ဘဝသံသရာမှ လွတ်မြောက်ရာ နိဗ္ဗာန်ကို နောက်ဆုံးပန်းတိုင်ထားသည့် ဘာသာဖြစ်၍ ထိုကျင့်စဉ်ကြီးလေးရပ်တို့ကို ကျင့်ခြင်းဖြင့် နောက်ဆုံး ပန်းတိုင်သို့ရောက်ရမည်ဟု ယုံကြည်သော ဘာသာဖြစ်ခြင်းတို့ ဖြစ်ပါသည်။
ဤအချက်တို့သည် ဗုဒ္ဓဘာသာဆိုတာ ဘယ်လိုဘာသာမျိုးဖြစ်ကြောင်း ပြဆိုသည့် ဝိသေသလက္ခဏာ ဂုဏ်အင်္ဂါကြီးငယ်တို့ဖြစ်၏။ ထိုလေးချက်သည် အကျဉ်းမျှသာဖြစ်၏။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်စုံကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

Credit to @၀ီရဓမ္မ

"စိတ်ဆိုးသူ"

"စိတ်ဆိုးသူ"
••••••••••••••
ဒေါသလွှမ်းမိုး စိတ်ဆိုးသူထံသို့ ရန်သူတွေလိုလားတောင့်တတဲ့ အပြစ်ခုနှစ်ပါးရောက်လာ နိုင်တယ်။
ဒေါသလွှမ်းမိုး စိတ်ဆိုးနေသူဟာ ဒေါသလွှမ်းမိုး စိတ်ဆိုးနေလို့

၁။ မည်မျှပင် ပြုပြင်ချယ်သ အလှဆင်ထားစေကာမူ
ရုပ်အဆင်းမလှဖြစ်ရ၏။

၂။ မည်မျှပင် အိစက်ညက်ညောသည့်အိပ်ရာမှာအိပ်စေကာမူ အိပ်မပျော်ဖြစ်တတ်သည်။

၃။ သင့်၊ မသင့်ကို မနှိုင်းချင့်ဘဲ မိမိထင်ရာကိုသာ
ပြုတတ်သောကြောင့် အကျိုးစီးပွား ပျက်တတ်သည်။

၎။ ဒေါသအလျောက် ရာဇ၀တ်မှုကျူးလွန်ပါက
စည်းစိမ်ဥစ္စာ ကုန်ခန်းတတ်သည်။

၅။ လူမုန်းများသဖြင့် ရရှိထားသော အခြံအရံ၊
အကျော်အစောမှ ဆုတ်ယုတ်တတ်၏။

၆။ မလုပ်သင့် မပြောသင့်သည်ကို ပြုလုပ်သဖြင့်
ဆွေမျိုးမိတ်ဆွေများ၏ ပစ်ပယ်ခြင်းကိုခံရတတ်၏။

၇။ ဒေါသအလျောက် ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့်
မကောင်းမှုကိုပြုကျင့်ပါက သေသောအခါ အပါယ်သို့ ရာက်ရ၏။

- (ကောဓသုတ်၊ အဗျာကတ၀ဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တရနိကာယ)

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

ဓမ္မာနုပဿနာပိုင်း

***ဤတရားတော်သည် ဓမ္မာနုပဿနာပိုင်းကို အားထုတ်နေကြသော ယောဂီများအတွက် အထူးသင့်လျှော်ပါသည်။***

အပိုင်း (၁)

ဒေါသတရားထဲမှာ ကုက္ကုစ္စဆိုတဲ့ တရားပါတာကို သတိထားရအောင်နော်၊ ဒါသင်ရအောင်၊ ဒီကုက္ကုစ္စဆိုတာ ပြုလိုက်မိတဲ့ မကောင်းမှုတစ်ခုကို ပြန်ပြီးတော့ နောင်တတဖန် ပူပန်တာ၊ တခါ မပြုလိုက်ရတဲ့ အခွင့်အရေးကောင်းကို လွတ်သွားတာကိုလည်း ပြီးပြီးသားကို ပြန်တွေးပြီးတော့ကာ ကိုယ့်ကိုယ်ကို အပြစ်တင် ပူပန်တာ ပြောတာ၊ အဲ့ဒါကို စာပေကျမ်းဂန်များထဲမှာ ကြည့်လိုက်တော့ အနာဂါမ်များကျမှ အကြွင်းမဲ့ ပယ်နိုင်တယ်၊ အဲ့ဒီဓါတ်ကလည်းဘဲ နည်းနည်းအန္တရာယ်တစ်ခုဘဲနော်။ သူက ဒိဋ္ဌိကြိုးကို တင်းစေတာဘဲ။ ဒါတွေကို သုံးသပ်ရအောင် ။ရှုတဲ့ဉာဏ်နဲ့ ယှဉ်ကြည့်မယ်ဆိုရင် တကယ့်သဘာဝ အရှိတရား/အရှုခံတရားက အားလုံးသိတဲ့အတိုင်း ခန္ဓာငါးပါး ဖြစ်မနေဘူးလား၊ ခန္ဓာငါးပါး သဘောတရားကို ဘုရားရှင် ရှုတဲ့အခါမှာ သူ့သဘာဝအမှန်က အတိတ်ခန္ဓာ အစဉ်မလိုက်ရဘူး၊ အနာဂတ် ခန္ဓာ မတောင့်တရဘူး။ အတိတ်ခန္ဓာက ချုပ်ပျောက်ပြီးပြီဆိုတော့ ပြန်လာပါ့မလား၊ မလာဘူး၊ အနာဂတ်ခန္ဓာက ပေါ်မလာသေးဘူးဆိုတော့ ရှိသေးရဲ့လား၊ ဒါဖြင့်ရင် ထိုထိုပေါ်ဆဲမှာ ကြည့်လိုက်သော်လည်းပဲ ရဲနေတဲ့ အိုးကင်းပေါ် ရေစက်ကျသလို အသစ်အသစ်ထိတိုင်းပျောက်၊ ဉာဏ်နဲ့ကြည့်ရင်တော့ ချုပ်ငြိမ်းတာကိုပါ တွေ့ရမှာ၊ ဖွားသေဘဲတွေ့ရမှာနော်၊ ဒီအမြင်မသန်တဲ့အခါမှာ ကာလလေးတွေ ဆက်စပ်သွားတတ်တယ်။

ပြီးခဲ့တဲ့ နာရီ မိနစ်က ထိုင်ရင်းနဲ့ စိတ်မရှည်စရာ ပြောချလိုက်တယ်ပေါ့နော်၊ ပြောပြီးတဲ့အခါ ဒီဘက်ကို ကျောပေးလှည့်လာတော့ တချို့ ပါလာကြတယ်၊ ဒီဘက်နာရီထိပါလာကြတယ်၊ သဘောပေါက်လား၊ အဲ့ဒါ ကုက္ကုစ္စတရားဘဲ။သဘောပေါက်လား။ ပြန်ပြောမယ်နော်။ အချိုးမတည့်တာ အပြစ်တင်စရာ တစ်ခုခုကို မြင်လို့ပြောပြီးပြီ၊ ပြောပြီးတဲ့နောက်ကို ဒီဘက် စက္ကန့်၊ မိနစ်၊ နာရီမှာလည်း အင်း.. ငါပြောကို ပြောရမှ၊ ပြောလိုက်တာဘဲ ကောင်းပါတယ်၊ ငါပြောခဲ့တာ ဒါကြောင့်ပြောခဲ့တာ.. မပြီးသေးဘူး၊ အရှိန်မပြေသေးဘူးပေါ့၊ သဘောပေါက်လား၊ ပြီးတော့ ကိုယ့်ဘာသာလဲသိနေတယ်။ အင်း.. ငါ ဒေါသတွေ၊ ဒေါသတွေ ဖြစ်နေတာဘဲ။ ငါညံ့တော့ညံ့တာဘဲလို့ မတွေးကြဘူးလား၊ ဒါဖြင့်ရင် ကာလအားဖြင့် လိုက်လာတယ်လို့ ခေါ်တယ်နော်၊ ဟိုနေရာမှ မပြတ်ခဲ့ဘူး၊ ဒီဘက်နာရီထိပါလာတာ၊ အဲ့ဒါ ကုက္ကုစ္စလို့ခေါ်တယ်၊ ခုယောဂီတွေ တွေ့မနေဘူးလား၊ ဒါ ကိုယ်တွေ့ဖြစ်ရပ်ပဲ။ ဖြစ်နေတာနော်၊ အမှန်ကတော့ ပြောနေဆဲမှာဘဲ ပြီးဆုံးသွားတာ။ ပြောပြီးရင် မရှိတော့ဘူး၊ မရှိရဘူး၊ ဒါပေမယ့် ပါလာတယ်။ အရှိန်က ပါလာတယ်၊ ပါလာတာတောင်မှ ကိုယ့်ကိုယ်ကိုတောင် အားမရဘူး ။ငါညံ့သွားပြန်ပြီ။ ငါလွတ်သွားပြန်ပြီဆိုပြီးတော့ ဒီဘက်ပါမလာဘူးလား၊ အဲ့ဒါ ဘာခေါ်ကြမလဲ။ ကုက္ကုစ္စ။ နားလည်တယ်နော်၊ တော်တော် အရေးကြီးတယ်နော်။

တခါတလေကျရင်၊ ဘုရားကဆုံးမတယ်။ အတွင်းနှုတ်ခမ်းနဲ့အမျှ ပြည့်တဲ့ ဆီပြည့်ခွက်ကို ကိုင်သလို သတိက အပြည့်ထားရမယ်၊ ဘုရားက ဆုံးမပါရဲ့သားနဲ့ ကိုယ်ကသွားရင်းလာရင်းနဲ့ လွတ်သွားတယ်၊ လွတ်သွားတဲ့အခါကျရင် လွတ်မှန်းသိလိုက်ပြီ၊ ရိုးရိုးမသိဘူး။ သူက ငါလွတ်သွားပြန်ပြီ..ကိုယ့်ကိုယ်ကို အားမရလိုက်ဘူး၊ အားမရတော့ကာ နေနှင့်အုံး။ ပြီးမှဘဲ ရှုတော့မယ်ဆိုပြီးတော့ အချိန်ဆွဲလိုက်သေးတယ်၊ ဆွဲတော့ကာ အဲ့ဒီအချိန်ကာလလေးမှာ ပေါ်တဲ့စိတ် အသစ်အသစ်က ဘာနဲ့ထုံသွားလဲဆိုတော့ ဒေါသနဲ့ ထုံသွားလိုက်တာ ကုက္ကုစ္စနဲ့ နေရာယူသွားပြန်တယ်၊ သေချာမှတ်နော်၊ သူက ဉာဏ်လေးက နည်းနည်းလေး နောက်ကျ နောက်ကျသွားတာပေါ့၊ အလှည့်လေးတွေဘဲနော်၊ လွတ်သွားတာလေးကို သိသွားတာနဲ့ တပြိုင်နက် အဲဒီ လွတ်သွားတာသိတဲ့ သဘောနဲ့ ယှဉ်ပြီးတော့ကာ ကိုယ်ကို ပြန်လှည့်ကြည့်လိုက်ရုံဘဲ။၊ ကြိုးအတင်း အလျော့ ကြည့်လိုက်တာဘဲပေါ့နော်၊ အတင်းအလျော့ကြည့်လိုက်လို့ တင်းဖွဲ့ပြီးတော့ကာ အဲဒီသဘောတရားကိုဘဲ၊ လက်ရှိ အခြေအနေကိုဘဲ သူကရှုရတာ၊ နောက်လည်းဘဲ အပြစ်မတင်နဲ့။ ရှေ့လည်းဘဲ မသွားနဲ့၊ ချက်ချင်း ဖြိုချလိုက်ရတာ၊ အဲ့ဒီမှာ လျင်မြန်တဲ့ ဉာဏ်အလင်းရှိသောကြောင့်၊ ဉာဏ်ထက်မြက်တဲ့ အလင်းဓာတ်မြန်သောကြောင့် ဒါတစ်ဆင့် တက်ပြီးတော့ ပြောတာပေါ့။အဓိပ္ဗါယ်က ဒီအနာဂါမ်ဆိုတဲ့ သဘောက န အာဂါမိ လို့ပြောတာ၊ ဘာတဲ့တုန်း။ န အာဂါမိ။ အဓိပ္ပါယ်က ကာမဘုံထဲကို ပြန်မလာတော့တာ ပြောတာ၊ တစ်ဖန် ပြန်မလာတော့ဘူး၊ န ဆိုတာ ပြန်မလာတာ ။မရှိတာကိုပြောတာနော်၊ အာဂါမိ ဆိုတော့ မလာတော့ဘူး၊ သဘောတရားက သူက ဖြစ်လိုက်တယ်ဆိုရင် နောက်ထပ် တစ်ဖန်ဖြစ်ခွင့် မပေးတော့ဘူးလို့ ပြောတာ၊ ဆန့်ကျင်ဘက်ပေါ်လာရင် တင်းခနဲ ပူခနဲ ပေါ်စရာပေါ်လာလို့ရှိရင် ပေါ်တာနဲ့ နောက်စိတ်တစ်စုကို ဖြစ်ခွင့်မပေးတော့ဘူး၊ ဉာဏ်အုပ်ချလိုက်တာနဲ့ ချက်ခြင်းရှင်းသွားတာ၊ အရှင်းမြန်တယ်ပေါ့၊ ပြောပြီးတာနဲ့ မပါတော့ဘူး၊ အရှင်းမြန်တယ်၊ ကြာကြာမပါဘူး၊ စက္ကန့် မိနစ် မကြာဘူးပေါ့၊ ဟိုဘက်ကို မကူးဘူး၊ ဖြစ်တော့ဖြစ်တယ်၊ အသတ်မြန်တယ်။

ဒေါသမကုန်ဘူးနော်၊ လုံးဝကုန်တာမဟုတ်ဘူးနော်။ သဘောပေါက်လား၊ သေချာမှတ်၊ ပယ်နိုင်တဲ့အားကို ပြောတာ၊ ဒေါသအကုန်လုံးအကြွင်းမဲ့ ကုန်တာက အရ ဟန္တာ နော်၊ သဘောပေါက်လား။ သေချာမှတ်နော်၊ ဒါဘုန်းဘုန်းတို့လည်း ပထမ မသိဘူး မင်းကွန်းဆရာတော်ဘုရားကြီးတို့ ဖြေတော့ မေးတာကို ကြည့်တော့မှ သိတာ၊ အော်.. ဒီလိုပါလားလို့။ ပြန်ပြောမယ်နော်။ ဆန့်ကျင်ဘက်ဆိုရင် ကွာဟချက် ပေါ်ရင် တင်းခနဲ ဖြစ်မသွားဘူးလား၊ ဖြစ်သွားတယ်၊ တရားလည်း နည်းနည်းလွတ်မသွားဘူးလား၊ လွတ်သွားတယ်၊ လွတ်သွားပြီးတဲ့ အခါမှာ ပညာအလင်းအားနည်းတဲ့ ပုဂ္ဂိုလ်က ငါနဲ့လုံးထွေးပြီးတော့ကာ အင်း.. ငါညံ့သွားပြန်ပြီ၊ ခုနကဟာက ဘယ်လိုမှန်တာ ဘယ်လိုမှားတာနဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်ပြီးတော့ကာ အချိန်ကုန်သွားတယ်၊ အဲဒီအချိန်မှာပေါ်တဲ့၊ စိတ်အချက်ပေါင်းက မျက်တောင် တစ်ခက်ကို ကုဋေတစ်သိန်းကျော်ပေါ်တာမဟုတ်လား၊ စိတ်အချက်ပေါင်းများစွာမှာ ဒေါသနဲ့ ထုံသွားတာ၊ ကုက္ကုစ္စဒေါသနဲ့ ထုံသွားတာ၊ အဲ့ဒါ အရှုံးတစ်ခု၊ ကြိုးလည်းတင်းနေတာဘဲ၊ သဘောပေါက်လား။ အဖြတ်နှေးတယ် ခေါ်တာပေါ့၊ မမြန်သေးဘူးနော်၊ အဲ့ဒီနေရာမှ ကုက္ကုစ္စလို့ နားလည်ထားရတယ်။

ဘုန်းကြီးတို့ကိုယ်တိုင်လည်း ဒီလိုပဲ ကျင့်လာရတာ၊ ကျင့်စဉ်ကခံရတယ်လေ၊ ကုက္ကုစ္စမှန်းမသိဘူး အစက။ ဒီရွှေမြင်တင်တောင်မှာ ဒီလိုပဲစပြီး (၁) ၀ါဆိုပြီးတော့ စတရားပွားများတော့ ဒီ ၀ိပဿနာပိုင်းလည်းပါတာပေါ့နော်၊ အသုဘကမ္မဋ္ဌာန်းလဲ ပွားများတော့ ဆွမ်းခံသွားရင် ဒီမြင်တိုင်း မြင်တိုင်းမှာ ကိုယ့်ရဲ့ ခန္ဓာမှာ ဒီနှလုံးအိမ်မှာပေါ့ အပြောင်းအလဲ အတင်းအလျော့ကို လေ့လာရင်း ကြည့်ရတာကို၊ အဲဒီအချိန်မှာ ရွာထဲမှာက တစ်ခု အချိုးမပြေတာ တွေ့ရတယ်၊ ဆွမ်းလောင်းတဲ့ ဒကာမ (၂) ဦးလောက်က အ၀တ်အစားက၀တ်ရင် မလုံမလဲ ၀တ်တတ်တယ်၊ ကလေးအမေတွေတော့ ကလေးအမေတွေပေါ့နော်၊ အပေါ်ပိုင်းတွေက မလုံမလဲ တွေဝတ်ထားတတ်တယ်၊ ရဟန်းက ဒါကို နှလုံးမသွင်းရဘူး၊ မကြည့်ရဘူးဆိုတာကိုး..၊ အဲ့ဒီတော့ ကိုယ်ကသွားရင်းလာရင်း နီးတော့လည်း ကြည့်မိတာပေါ့နော်၊ ကြည့်မိတဲ့အခါမှာလည်း ကိုယ့်ကိုယ်ကို မသန့်မရှင်းထင်တယ်ပေါ့၊ အဲဒီအချိန်မှာ အသုဘ ကမ္မဋ္ဌာန်း ပွားရမယ်ဆို ကြိုတင်သွားကတည်းက လေ့ကျင့်ထားတာပေါ့၊ အနားရောက်တဲ့အခါ ဒါကို စိတ်က မသန့်မရှင်း ဖြစ်ဖြစ်သွားပြီးတော့ ပြန်ပြန်ပါပါလာတယ်၊ တစ်လမ်းလုံးပါပါလာတယ်၊ ကိုယ့်ကိုယ်ကို ညံ့တယ်လို့ ပါပါလာတာ။ တော်တော် ရက်ကလေးကြာသွားတယ်။

တစ်နေ့ကျမှ တောင်တက်ခါနီးလေးမှာကျမှ။ မှတ်မိသေးတယ်။ မန်ကျည်းပင်လေး တစ်ပင်နားကျမှ လင်းခနဲ သိလိုက်တာ။ အော်.. ကုက္ကုစ္စကြီးဝင်နေတာပါလားလို့၊ ခုနက နာရီဟာ မရှိတော့ဘူး။ ဒီရောက်အောင် ပါလာတာ နည်းတဲ့ ခရီးမဟုတ်ဘူး၊ မျက်တောင် တစ်ခက်ပေါင်းများစွာပေါ့။ အများကြီးပါလာတာ၊ ကုက္ကုစ္စနဲ့ ထုံလာပါလားလို့ သွားမြင်တော့မှ လင်းခနဲ ပြတ်သွားတာ၊ ဟိုမှာတင်ပြီးရမှာ ပါလာတာ တောက်လျှောက်ကြီးပါလာတာ သဘောပေါက်ရဲ့လား၊ နောက်တခါ ဒီလိုဘဲ။ ခုနက ပြောတဲ့ မသန့်မရှင်းမြင်ရတဲ့ပုံက မြင်မှလို့အောက်မေ့တာ မဟုတ်ဘူး၊ နောက်မှ သဘောပေါက်တာ။ တစ်နေ့ ဂရုစိုက်ပြီးတော့ ဒီလိုပဲ နေရင်း မနောကိုဘဲ ဂရုစိုက်ရတာပေါ့နော်၊ အဲ့ဒီအိမ်မရောက်ခင် (၂) အိမ် ကျော်လောက်ကတည်းက ပုံက ပေါ်နှင့်နေပြီးကိုး..။ မနောမှာပေါ်နေတာ။ အဲဒီတော့ အော်…မနောမှာ စပေါ်နေတာဘဲ။ ဒီမှာကိုက စရှုပ်နေတာ မသိလိုက်တာ၊ ဒီမှာတော့ မသန့်မှန်းတော့ သိလိုက်တာပေါ့နော်။ နည်းနည်းလေးတော့ ရှုပ်ထွေးသွားမှန်းသိလိုက်တယ်၊ ဒါပေမယ့်လို့ ဘယ်က စရှုပ်မှန်းမသိလို့ ရှာရတာ ပင်ပန်းလိုက်တာ၊ မနောမှာစပြီးတော့ (၂) အိမ်ကျော်လောက်ကတည်းက ပေါ်နေတာ။ အမှန်က မကြည့်ခင်က မြင်နေတာကြီးကိုး..။ အဲ့ဒီတော့ ဒီက စတာပါလားလို့ သိတော့မှ နိုင်တော့တာ။ အဲ့ဒီတော့ ကြည့်လည်းပြဿနာမရှိတော့ဘူးပေါ့နော်၊ ပြီးတော့လည်းဘဲ အပြစ်တင်တာလည်းဘဲ ကုက္ကုစ္စ မှန်းသိတော့မ နိုင်တော့တာ (၂) ခုပေါ့။ သဘောပေါက်တယ်နော်၊ မကြည့်ခင်က မြင်နေတာရယ် ပြီးတဲ့အခါ ပြန်တွေးပြီးတော့ အပြစ်တင်တာရယ် တော်တော် အလုပ်ရှုပ်တယ်၊ အဲ့နှစ်ခု တော်တော်ဆိုးတာ။ အဲ့ဒါကို ရအောင်ရှာရမယ်နော်။

ခုလဲ အဲ့ဒီနည်းကို မှတ်ထားနော်၊ ဥပမာအားဖြင့်- ပြောရင်းဆိုရင်း၊ စားရင်းသောက်ရင်းဖြင့် လွတ်သွားတယ်၊ တရားထိုင်ရင်းလည်း လွတ်သွားမှာဘဲနော်၊ မလွတ်မရှိဘူး။ လွတ်မှာဘဲ။ ဘာကြောင့်လည်းဆိုတော့ မိမိရဲ့ဉာဏ်အင်အားက တစ်သံသရာလုံး ပါလာတဲ တဏှာရဲ့ အရှိန်အဟုန်ပေါ့နော်၊ ဒီဓါတ်ကို ချက်ချင်းတော့ ဘယ်ပြတ်အုံးမလဲ၊ ချက်ချင်းဘယ်နိုင်အုံးမလဲနော်၊ လွတ်တဲ့အခါ လွတ်သွားမှာပေါ့၊ သဘောပေါက်လား၊ ကွာဟတာလေးတွေ၊ ဉာဏ်အင်းအားလေးတွေက နည်းသေးတော့ကာ ဘယ်သိအုံးမလဲ။ မနိုင်သေးဘူးပေါ့နော်၊ လွတ်သွားတာကို ဘုန်းကြီးတို့တွေက သိမ်းတဲ့အခါမှာ ကုက္ကုစ္စနဲ့ မသိမ်းဖို့ လိုအပ်တာ။ အဲ့ဒါလေးတစ်ခု လိုအပ်တာ။ အသိမ်းလေးမှာ အရေးကြီးတာ၊ အသိမ်းလေးမှာ ကုက္ကုစ္စ ခံခံနေတာ သတိထားပါနော်၊ သဘောပေါက်လား။

ပြန်ပြောမယ်နော်။ ဖြစ်တတ်တယ်။ ရှုမှတ်နေရင်းနဲ့ကိုဘဲ တခါတလေကျ လွတ်သွားတယ်၊ သဘောပေါက်လား၊ ကိုယ့်ကိုယ်ကို အားရပါ့မလား၊ အဲဒါ ကုက္ကုစ္စ စ၀င်နေတာ၊ တချို့ဆိုရင် တရားရှုပြီးတော့ နည်းပေးလိုက်တယ်ပေါ့။ တရားထိုင်ပြီးလည်း ပြီးရော ပြန်ဆုံတဲ့အခါမှာ မျက်နှာက မကြည်လင်တော့ဘူး၊ မကြည်တော့ဘုန်းဘုန်းက ဘာလို့ မကြည်တာလဲကြည့်တော့ သူ့တို့ကိုယ်သူ တို့ အားမရဖြစ်လာကြတာ၊ အဲဒါ ဘယ်ဒဏ်ခံရတာလဲ၊ ကုက္ကုစ္စဒဏ်ခံရတာ သဘောပေါက်လား၊ ခုတရားယောဂီတွေ ရှစ်နာရီထိုးတော့ ပြန်ခေါ်တယ် မဟုတ်လား၊ ကဲ မနက်က ထိုင်ခါစလို ကြည်ရဲ့လား၊ မကြည်ဘူးမဟုတ်လား၊ သိမ်မကြည်ဘူးနော်၊ ဘာလို့လဲဆို ကိုယ့်ကိုယ်ကို သိပ်အားမရလာတာ၊ ခဏခဏ လွတ်တာများလာတာကိုး..၊ နားလည်လား၊ ဆရာသမားရှေ့မှာ အားထုတ်တုန်းကတော့ မပျံ့လွင့်ဘူးဆိုတော့ ကြည်ပြီး ဟုတ်နေတာဘဲ မဟုတ်လား၊ အဲ့ ပုံစံ မဖြစ်ကောင်းဘူးလားလို့ ကိုယ့်ကိုယ်ကို အားမရတဲ့ သဘောလေးဝင်နေတာ၊ အဲ့ဒါဘာလဲ.. ကုက္ကုစ္စ၊ နားလည်ပြီ၊ ဘာခေါ်ကြမလဲ။ ကုက္ကုစ္စ၊ ဒေါသ၊ ဒေါသ အဲ့ဒါက။ နားလည်ပြီလား၊ သူ့ကို ရအောင်ရှာနော်။

ကုက္ကုစ္စ အင်မတန်ဆိုးတယ်နော်၊ ဒီ ကုက္ကုစ္စရဲ့သဘောတရားက မမြင်လို့ ကြီးထွားလာလို့ရှိရင် စိတ်ကျရောဂါ ဖြစ်တတ်တယ်၊ ရဟန်းလည်း လူထွက်ချင်စိတ်ပေါက်တတ်တယ်၊ ကိုယ့်ကိုယ်ကို အသုံးမကျဘူး မြင်လာတာကိုး၊ မထူးတော့ပါဘူး ဖြစ်ချင်တာဖြစ်ဆိုပြီးတော့ မျှောချချင်စိတ်ပေါက်တတ်တယ်၊ ကုက္ကုစ္စ တော်တော်ဆိုးတာ၊ သဘောပေါက်လား၊ သူကတဲ့ မှတ်ထား ။ ကျွန်ဆင်းရဲတဲ့၊ ဘာဆင်းရဲတဲ့တုန်း ကျွန်ဆင်းရဲ ကျွန်ဆင်းရဲ၊ ကျွန်ဆင်းရဲဆိုတာ တခြားမဟုတ်ဘူး သူလုပ်ချင်တာတွေ လုပ်ခွင့်မရဘူး၊ စဉ်းစားနော်။ အိပ်ချင်လည်း အိပ်လို့မရဘူး၊ သွားချင်လည်း သွားလို့မရဘူး၊ သခင်ခိုင်းတာဘဲ ခံနေရတာ သဘောပေါက်လား၊ သခင်ဆိုတာ အဲဒါ အ၀ိဇ္ဇာတဏှာပြောတာနော်၊ ကိုယ်က တရားကို မပြတ်မလပ် အားထုတ်ချင်တယ်၊ နိဗ္ဗာန်ပေါက်သွားချင်တယ်၊ အားစိုက်တယ်ပေါ့၊ ဒါပေမယ့်လို့ ကုက္ကုစ္စကို မမြင်လိုက်ဘူးဆိုရင် အချိန်ကာလ တော်တော်ကြာကြာဟာ သူမွှေနေတာနဲ့ ခံနေရတယ်။

သွားချင်တာက နိဗ္ဗာန်၊ ဖြစ်တာက ဒေါသ။ တော်တော် အခြေအနေဆိုးနေတာ ။ သဘောပေါက်လား၊ လိုချင်တာက နိဗ္ဗာန်၊ ဖြစ်တော့ ဒေါသဆိုတော့ ပြောင်းပြန်ဖြစ်မနေဘူးလား၊ ကုက္ကုစ္စ အင်မတန်ဆိုးတာ၊ သဘောပေါက်ရဲ့ လား၊ တခါတလေ ဘုန်းကြီးသွားအမှတ်ရသေးတယ်၊ ဒကာတစ်ယောက် ပြောပြလို့။ ဘုန်းဘုန်းဘုရားတဲ့။ ရန်ကုန်ထဲသွားတာ ရန်ကုန်ထဲမရောက်ဘူးတဲ့၊ အချုပ်ခန်းရောက်သွားတယ်တဲ့၊ ဘာဖြစ်တာလဲပေါ့၊ လမ်းမှာဘုရားတဲ့.. ပုံစံမကျတာမြင်တော့ တပည့်တော်ဝင်ပြီး ရိုက်ရင်း၊ ပုတ်ရင်း၊ ထိုးရင်းနဲ့ တပည့်တော် ရန်ကုန်မရောက်ဘပဲ အချုပ်ခန်းရောက်သွားလို့တဲ့၊ တည့်တည့်ရောက်ချင်တာ မရောက်ပဲနဲ့ အချုပ်ခန်းရောက်သွားလို့တဲ့၊ အဲ့ဒီစကားသွားအမှတ်ရတယ်နော်၊ လိုချင်တာ နိဗ္ဗာန်လို့ အားစိုက်ရင်း လုပ်ရင်းလုပ်ရင်းနဲ့ က ကိုယ့်ကိုယ်ကို အားမရ ဒေါသက၀င်နေတော့ကာ နိဗ္ဗာန်သွားမှာလား အပါယ်သွားမှာလား၊ ဒါကြောင့် ကျွန်ဆင်းရဲခေါ်တာ။ သဘောပေါက်လား၊ သူကပိုဆိုးတယ်။

ကုက္ကုစ္စက အန္တရာယ်များတယ်နော်။ ဒါလည်းဘဲ အနာဂါမ်ကျမှ သူက ပယ်ရမယ်လို့ဆိုတော့၊ မမြင်တတ်ဘူး၊ အောက်အခြေခံ သောတာပန်လောက်ကတော့ သူက ဒိုးလိုမွှေမှာ၊ အမွှေခံရလိမ့်မယ်သူက၊ သဘောပေါက်ရဲ့လား၊ အရေးကြီးတယ်နော်၊ အနာဂါမ်လောက်ကျမှ ဒါကို ပယ်နိုင်တာ၊ မြင်အောင်လည်း ကြည့်တတ်ဖို့လိုအပ်တယ်၊ စာမှာတော့ ရှိတယ်၊ အလုပ်မှာတော့ တော်တော်ရှာရခက်တယ်၊ သဘောပေါက်ရဲ့လား၊ ပြန်ပြောမယ်နော်..။

အချိန်တိုင်း လူကို ပြန်အကဲခတ်ပါနော်၊ လက်ရှိအချိန်ကို မကျော်နဲ့ စကားလည်း သိတယ်နော်၊ ကောင်းပြီ။ နောက်ကို ပြန်ပြီးဆင်းတာလည်း ကျော်တယ်ခေါ်တာဘဲ။ ရှေ့သွားလည်း ကျော်တယ်ခေါ်တာဘဲ။ လက်ရှိ အခြေအနေကနေ မရွေ့စေရဘူးနော်၊ အဲဒီတော့ လက်ရှိ အခြေအနေမှာ ပြန်အကဲခတ်လိုက်ရတယ်။ ယောာဂီအဟောင်းတွေက သိနေပြီ။ ဒိဋ္ဌိအတင်းအလျှော့ကို အကဲခပ်နော်။ ကိုယ့်သန္တန်မှာ.. ဒီ…မေးက ဖွဲ့တဲ့ တင်းတဲ့သဘောတရားက ဘယ်လောက် ကြပ်သွားလဲ၊ မျက်လုံးမှာရှိတဲ့ ဖွဲ့စည်းပုံကလဲ ဘယ်လောက် တင်းကြပ်လာသလဲ၊ နားအုံတွေလည်း ပါတယ်နော်၊ ပုခုံးတွေ၊ ၀မ်းဗိုက်တွေ၊ ပေါင်တွေကအစ တင်းကြပ်တဲ့ ဖွဲ့စည်းမှုနဲ့ အတူ ဒိဋ္ဌိကြိုးတင်းလို့ရှိရင် စကားပါထွက်နေတယ်၊ ရင်ထဲစကားတွေက ပြောနေတာရှိတယ်၊ အဲ့ဒါကို …. ငါညံ့တယ်လို့ အပြစ်မတင်ရဘူးနော်၊ ငါညံ့တယ်လို့ အပြစ်တင်လိုက်ရင် ကုက္ကုစ္စ ဖြစ်သွားပြီ။

(ဆက်ရန်…)

့ မြတ်စွားဘုရား၏ ဆွေတော် မျိုးတော်များ ရန်ဖြစ်ခြင်း

နယုန်လပြည့်နေ့မှာ သီတဂူဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့တဲ့ မြတ်စွားဘုရား၏ ဆွေတော် မျိုးတော်များ ရန်ဖြစ်ခြင်း လို့ပဲ ခေါင်းစဉ်တပ်ပေးလိုက်ပါမယ်

မနေ့က တရားပွဲက ပြန်လာပြီး ရေးသားဖြန့်ဝေပေးလိုက်တဲ့ ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သော ဇာတ်တော်နှင့် သုတ္တန်ကို စိတ်ဝင်တစားနဲ့ နာကြားကြပြီး ရှဲလုပ်သွားသူ တစ်ထောင်ကျော်သွားတဲ့ အတွက် လွန်စွာမှ အားရကျေနပ်မိပါတယ်

ဒါကြောင့် ကျန်နေသေးတဲ့ ဇာတ်တော် တစ်ပုဒ်ကို ထပ်မံပြီး ရေးသားဖြစ်ပါတယ် ဇာတ်တော်ရဲ့ အမည်ကို တော့မမှတ်လိုက်မိပါဘူး တရားအနှစ်ကိုတော့ ချပြပေးသွားမယ်

မြတ်စွာဘုရား၏ ဆွေတွေမျိုးတော်များ ထဲမှ ဘုရင်တပါးက သူမွေးထားတဲ့ သားသမီးတွေကို ပြောပါတယ် မင်းတို့ နန်းမလုကြနဲ့ ကိုယ့်ဒူး ကိုယ်ချွန်ပြီး တိုင်းပြည်တွေထူထောင်ကြ မြို့ရွာတွေတည်ကြ လိုအပ်တဲ့ငွေကို ဘဏ္ဍာတိုက်မှာထုတ်ယူ စစ်သည်တော်တွေကို နန်းတွင်းကနေခေါ်သွား လို့ သားသမီးတွေရှေ့ရေးတွေးပြီး မိန့်ကြားခဲ့ပါတယ် ဒီလိုမှမဟုတ်ရင် နန်းတွင်းမှာ နန်းလုကြပြီး သေကျေပျက်စီးကုန်မှာ စိုးရိမ်ကာ သားသမီးတွေကို မိန့်ကြားခဲ့ပါတယ်

မိဘစကားနားထောင်တဲ့ သားသမီးတွေဟာလည်း ကိုယ်စီကိုယ်စီ ထွက်ခွာခဲ့ပါတယ်တဲ့ သားသမီးတွေထဲမှ တစ်စုက ရသေ့တစ်ပါး ညွှန်ပြတဲ့ ကျွန်းတော်တစ်ခုကို ခုတ်ထွင်ရှင်းလင်းပြီး မြို့တည်ပါတယ် အဲဒီလိုနဲ့ မောင်နှမ နှစ်ယောက်မှ မွေးလာခဲ့တာ သား ၇ယောက် သမီး၈ ယောက်မွေးဖွား လာခဲ့ရာ မှာ သူတို့ အရွယ်ရောက်လာတော့ သူတို့ရဲ့ မင်းသွေးကို အခြား သွေးနဲ့ အရောနှောမခံလိုတဲ့ အမျိုးချစ်စိတ်နဲ့ မောင်နှမအချင်းချင်းပဲ ပြန်ပြီး အိမ်ထောင်ပြုကြပါတယ် မင်္ဂလာစုံတွဲ ၇တွဲနဲ့ အမျိုးသမီး တစ်ဦးပိုနေပါတယ် အမကြီးအမိရာ ဆိုပြီး အမကြီးကို ဘုရင်မကြီး အဖြစ်တညီတညွတ်တည်း တင်မြှောက်ခဲ့ကြပါတယ်တဲ့ မြို့ကိုလဲ သာကီယလို့ အမည်တွင်စေပါတယ် သာကီယ ဆိုတာသည် ပါဋ္ဌိလိုဖြစ်ပြီး အနက်ပြန်ဆိုပါက ကျွန်တော မြို့လို့ အမည်ရပါတယ်

တနေ့မှာ အမကြီးဖြစ်သူ ဘုရင်မကြီးက နူနာစွဲလာပါတယ် နူနာစွဲတဲ့ အမကြီးကို တောအုပ်တစ်ခုအတွင်းမှာ မြေတိုက်တစ်ခုဆောက်လုပ်ပြီး အစာရေစာ ရိတ္ခာ အပြည့်အစုံနဲ့ တစ်ဦးတည်းနေလို့ရအောင် စီမံပေးကြပြီး ကျန်ခဲ့တဲ့ မင်္ဂလာစုံတွဲ ၇ တွဲက နန်းကို အလှည့်ကျ အုပ်ချုပ်ခဲ့ပါတယ်တဲ့ ပါလီမန် ဒီမိုကရေစီဆိုတာအဲဒီအချိန်အခါကတည်းက ရှိနေခဲ့တယ်ဆိုတာကိုလဲ ဆရာတော်ကြီးမှ မိန့်ကြားပါတယ်

ဖခင်ဘုရင်ကြီးမှာလဲ အသက်အရွယ်ကြီးပြင်းလာတော့ သားသမီးတွေကို သတိရသည့်အတွက် စစ်သည်မူးမတ်များကို စုံစမ်းခိုင်းလေတော့ သားသမီးတွေဟာ မြို့ရွာတွေတည်ပြီး ကြီးပွားချမ်းသာနေတယ်ဆိုတဲ့ သတင်းရရှိခဲ့သည့်အတွက်လဲ လွန်စွာ အားရကြေနပ်မိပါတယ်တဲ့

တော်အုပ်ကြီးအတွင်းကို အခြားဘုရင့်မျိုးဆက်အထဲမှ အမျိုးသားတစ်ယောက်သည်လဲ နူနာစွဲပြီး ရောက်လာပါတယ် သူကတော့ တောထဲမှာရှိတဲ့ အပင်တွေကို စားသုံးရင်း နူနာပျောက်ခဲ့ပါတယ် တစ်နေ့သောညအခါမှာ အမျိုးသမီးတစ်ဦးရဲ့ အော်သံကို ကြားလို့ အနီးကြည့်ရာကျားတစ်ကောင်မှ သားကောင်အမှတ်နဲ့ ချောင်းနေတာကို မြင်ရတဲ့ မြေတိုက်ထဲမှ နူနာစွဲနေသည့် အမျိုးသမီးကို သွားတွေ့ရပါတယ် အဲဒီတော့ အပြင်ကနေပြီး ဝါးတွေကို မီးရှို့ကာ အသံပေးပြီး ကျားကို မောင်းထုတ်ပေးခဲ့ပါတယ်

ကျားလဲပြန်သွားရော မြေတိုက်အပြင်မှနေပြီး လက်ကမ်းကာ နှမတော် အပေါ်ကို တက်ခဲ့ပါလို့ ပြောတော့ " မတက်နိုင်ဘူး ငါကမင်းမျိုး " တဲ့ အဲဒီတော့ အမျိုးသားကလည်း "ကျွန်ုပ်သည်လဲ မင်းမျိုးပါ " ပြန်ပြောပါမှ အပေါ်ကိုတက်လာခဲ့တယ် အမျိုးသားမှလဲ နူနာပျောက်အောင် သူစားသုံးခဲ့တဲ့ အပင်တွေကို ကြွေးကာ ကုသပေးရင်း နူနာများ ပြောက်ကင်းသွားခဲ့ပါတယ်

မင်းမျိုးနှစ်ဦး ပေါင်းသင်းနေထိုင်ကြရင်း မွေးလာတဲ့ကလေးက ၂မွှာပူး ၁၆ ကြိမ်မွေးခဲ့တယ်လို့ ဟောကြားပါတယ် စုစုပေါင်း ၃၆ ယောက်ဖြစ်ပြီး သားတွေသာဖြစ်ပါတယ် သားတွေအရွယ်ရောက်တော့ မိခင်ဖြစ်သူက သူ့သားတွေ အရွယ်ရောက်ပြီမို့ အိမ်ထောင်ပြုနိုင်ရန် သူ့ဆွေမျိုးတွေရှိရာ မြို့ကို သွားစေပြီး အိမ်ထောင်ပြုစေခဲ့ပြီး မြို့တစ်မြို့တည်ထောင်ပါတယ် သူတို့တည်ထောင်တဲ့မြို့ကတော့ ကောလိယ ဖြစ်ပါတယ်

ဘုရင့်မျိုးနွယ် နှစ်စုတည်ထောင်တဲ့ သာကီယနဲ့ ကောလိယ တို့ဟာ တစ်နေ့မှာ ပြသနာတွေတက်ခဲ့ကြပါတယ်တဲ့

ဟိမဝန္တာ တောင်မှစီးဆင်းလာတဲ့ မြစ်ရဲ့အထက်ပိုင်းကိုပိတ်ပြီး တစ်ဖက်ကဆည်ဆောက်ပါတယ် အောက်ပိုင်းမှာနေကြတဲ့သူတွေက သူတို့စိုက်ပျိုးဖို့ ရေမရသည့်အတွက် ပေါက်တူးတွေ ဂေါ်ပြားတွေကိုင်ဆောင်ပြီး ပြသနာရှာပါတော့တယ် မင်းတို့ကဒီမြစ်ကို ပိတ်လိုက်တော့ ငါတို့အတွက် စိုက်ပျိုးစရာ ရေမရှိတော့ဘူး ငါတို့ကမျက်ခြောက်ကောက်စားရမှာလာကွလို့ ဆိုပြီး ဒေါ်သကြီးစွာ အော်ဟစ်နေကြချိန်မှာ တဖက်ကလည်း မင်းတို့ အနူမျိုးတွေက လာပြီး ငါတို့ကိုလူပါးဝတယ် ဆိုပြီး ပြန်ပြောတော့ တဖက်ကလည်း အန်မာ ငါတို့ကို များအနူမျိုးလို့ ပြောတယ် မင်းတို့က ကိုယ်နှမကိုယ်ပြန်ယူတဲ့ တိရိစာန်္ဆမျိုးတွေလို့ တဖက်နဲ့ တဖက် စကားတွေများပြီး နန်းတော်ထဲအထိဆင့်ကဲဆင့်ကဲ သတင်းတွေက ရောက်သွားပါတယ် ဒီသတင်းကြားသိရတဲ့အခါမှာ နှစ်ဘက်စလုံးက အခင်းဖြစ်ရာကို စစ်သည်တော်တွေ စေလွှတ်ခဲ့ပါတယ်တဲ့

ဒီအခြေအနေကို သိရှိနေပြီ ဖြစ်တဲ့ မြတ်စွာဘုရားဟာ နောက်ပါ သံဃာများမပါပဲ တစ်ပါးတည်း ကြွတော်မူခဲ့ပါတယ်တဲ့

အခင်းဖြစ်ပွားရာနေရာကို မြတ်စွာဘုရား ရောက်ရှိလာပြီး ကောင်းကင်ပေါ်မှာလှမ်းကြည့်လိုက်တော့ နှစ်ဘက် စစ်ဖြစ်ဖို့ အဆင်သင့် ဖြစ်နေသည်ကို မြင်တွေ့ရပြီး လောကကြီးကို အမှောင်ချလိုက်ပါတယ် အဲဒီအချိန်မှာ ရန်ဖြစ်နေကြသည့် နှစ်ဘက်မှာ ဘာမှမမြင်ကြတော့ပဲ ဖြစ်သွားပါတယ် ဒီအခါကျမှ မြတ်စွာဘုရားသခင်က သူ့ကိုမြင်နိုင်ရန် အလင်းဓါတ်လွှတ်ပေးလိုက်ပါတယ်

မြတ်စွာဘုရားကို ကြည့်ကြပြီး ဟာ အဲဒါငါတို့အမျိုးကွ တစ်ဖက်ကလည်း အဲဒါငါတို့အမျိုးကွ လို့ ပြောကြပါတယ်တဲ့ ထိုအခါ မြတ်စွာဘုရာက ဘာတွေဖြစ်ကြတာလဲ မေးတော့ အနူမျိုးက ဘာဖြစ်တယ် တိရိစ္ဆာန်မျိုးက ဘာဖြစ်တယ်ဆိုတာကို လျှောက်ထားကြပါတယ်

မြတ်စွာဘုရာဟောကြားတာက ဘာမဟုတ်တဲ့ စကားများမှုကို နန်းတော်အထိရောက်သွားပြီး နှစ်ဘက်စစ်သည်တွေ တိုက်ခိုက်ကြပြီး သေကျေကုန်ကြရင် အကျိုးမရှိဘူးလို့ ဟောတောပြီးစစ်သည်များကိုပြန်မေးပါတယ် မင်းတို့ ဘယ်ဘယ်လိုကြောင့် ဒီနေရာကိုရောက်လာသလဲမေးတော့ နှစ်ဘက်စလုံမှပြန်ဖြေရာမှာ ရွာစားက ပြောလို့ မြို့စားကသိတယ် အဲဒါကြောင့် မြို့စားကလည်း အထက်ကိုသတင်းပို့ အထက်ကလဲ အဆင့်ဆင့်ပို့နဲ့ နေပြည်တော် ဟုတ်ပါဘူး နန်းတော်ကို ရောက်ရှိလာခဲ့လို့ စစ်သည်တော်တွေကို စေလွှတ်လိုက်ရခြင်းဖြစ်ပါတယ်ဘုရားလို့ ပြန်လည်ဖြေကြားခဲ့တယ်လို့ ဆရာတော်မှ ဟောကြားပါတယ်

အဖြစ်အပျက်ကို အလုံးစုံသိတော်မူတဲ့ မြတ်စွာဘုရားက ငြိမ်းချမ်းရေးတရားဟောတော့ နှစ်ဖက်စလုံးက အခြေအနေမှန်ကို သိသွားကြပြီး ရန်ပွဲတွေမဖြစ်တော့ဘူးတဲ့ အဲလိုနဲ့ စစ်ပွဲကိုရောက်ရှိလာတဲ့ စစ်သားတွေလဲ တစ်ဖက်ကို စစ်သား ၂၅၀ ဟာ မြတ်စွာဘုရားထံမှာ ရဟန်းပြုကြပါတယ်တဲ့

မြတ်စွာဘုရားသခင်သည်လဲ နှစ်ဖက် စစ်သား ၅၀၀မှ ရဟန်းပြုခဲ့တဲ့ သံဃာအပါး ၅၀၀ နှင့်အတူ နတ် ဗြဟ်မာ တို့အား နယုံလပြည့်ဖြစ်တဲ့ ဒီနေ့မှာ မဟာသမယသုတ်ကို ဟောကြားတော်မူခဲ့သည်လို့ ဆရာတော်မှ ဟောကြားခဲ့ပါတယ်

ဒီတရားတော်ဟောကြားရာမှာ ဆရာတော်ကြီး ဟောတာက

ကိုယ့်အမျိုးကိုယ်ချစ်ကြဖို့ အမျိုးဂုဏ်ကို စောင့်ထိမ်းကြဖို့ ဘာမဟုတ်တဲ့ လယ်သမားတွေစကားများရန်ဖြစ်ရာကနေ နန်းတော်ကိုရောက်အောင် သတင်းပေးတဲ့သူတွေအနေနဲ့ အချက်အလက်တွေကို စီစစ်ဖို့ စည်းလုံးကြဖို့ ညီညွတ်ကြဖို့ ဆိုတဲ့ ဆုံးမစကားတွေကို ဟောကြားခဲ့ပါတယ်

အားလုံးပဲ မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတော်များကို နာကြားကြရင်း အမျိုးဂုဏ်ကို စောင့်ထိမ်းကာကွယ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

သန်းထွန်း (tgkn)

Credit to https://www.facebook.com/ko.thantun.1

မင်းကွန်းတိပိဋကဓရ ဆရာတော်၏ နည်းညွှန်းဥပဒေသ

မင်းကွန်းတိပိဋကဓရ ဆရာတော်၏ နည်းညွှန်းဥပဒေသ

သဒ္ဓါကြည်ညို ၊ ရိုသေလှစွာ ၊ အခါကိုသိ ၊ မစွန်းငြိပဲ ၊
မထိမပါး ၊ လှူတုံငြား ၊ ငါးပါးသပ္ပုရိသ မြတ်ဒါန ။

* သဒ္ဓါကြည်ရွှင် လှူဒါန်းလျှင် ဆင်းပြင်ရုပ်ရည်လှ ၊

* ရိုသေလှူငြား သူ့စကား အများနာယူရ ၊

* အခါသိသဖြင့် လှူတုံလင့် ချိန်သင့်ကောင်းကျိုးရ ၊

* မစွန်းငြိတောင်း လှူတုံရှောင်း အကောင်းသုံးဆောင်ရ ၊

* မထိမပါး လှူတုံငြားမူ ထိုသည့်သူ၏ ပြောထူများပြား
စည်းစိမ်အား ငါးပါးရန်မခ ၊

ဒါနပြုသော် ဤငါးဖော် ညီလျော်ပြုကုန်ကြ ။ ။

သာသနာနှစ်၊ ၂၅၃၅၊
ကောဇာသက္ကရာဇ်၊ ၁၃၅၃၊ ခုနှစ်၊ ကဆုန်လပြည့်ကျော်၊၅၊ရက်
ခရစ်၊ ၁၉၉၁၊ခုနှစ်၊ မေလ၊ ၂ ၊ရက်

တရားဂုဏ်တော် ၆ ပါး ( The Six Supreme Qualities Dhamma )

တရားဂုဏ်တော် ၆ ပါး ( The Six Supreme Qualities Dhamma )

http://buddhismbeams.blogspot.com/

၁။ သွာက္ခာတော ( Svākkhāto = Well-Proclaimed by the Blessed One )
= ဘုရားမြတ်စွာ ဟောညွန်ပြတဲ. အမှန်မြတ်တဲ. ဂုဏ်တော်

၂။ သန္ဒိဋ္ဌိကော ( Sandiṭṭhiko = be able to directly experienced by oneself )
= ကိုယ်တိုင်ကျင်.ရင် ကိုယ်တိုင်သိရတဲ. သန္ဒိဋ္ဌိကော ဂုဏ်တော်

၃။ အကာလိကော ( Akāliko = gives immediate result here and now )
= ချက်ချင်းအမြန် အကျိုးရလို. အကာလိက ဂုဏ်တော်

၎။ ဧဟိပဿိကော ( Ehipassiko = invites one to come and experience it )
= လာပါ ကျင်.ပါ ဖိတ်ခေါ်အပ်တဲ. အမှန်မြတ်တဲ. ဂုဏ်တော်

၅။ သြပနေယျိကော ( Opanayiko = leads straight to the liberation )
= နိဗ္ဗာန်သို့ ဆောင်ပို့တတ်သော မဂ်တရားလေးပါး ဂုဏ်တော်

၆။ပပစ္စတ္တံ ဝေဒိတဗ္ဗော ( Paccattaṃ veditabbo viññūhi = any wise person (noble disciples "Ariyas") can realize the results )
= အရိယဆို၊ ကိုယ်စီ သိလို. ခံစားအပ်တဲ. ဂုဏ်တော်

Credit to World Of Wisdom

" သောတာပန်ဖြစ်ဖို့ အင်္ဂါလေးချက် & သောတာပန်ဖြစ်ပုံ လေးမျိုး (အင်္ဂုတ္တိုရ် ပါဠိတော်၊ သောတာနုဂတသုတ်)”

" သောတာပန်ဖြစ်ဖို့ အင်္ဂါလေးချက် & သောတာပန်ဖြစ်ပုံ လေးမျိုး
(အင်္ဂုတ္တိုရ် ပါဠိတော်၊ သောတာနုဂတသုတ်)”
--------*------------*----------*----------*--------*--------
"သောတာပန်ဖြစ်ဖို့ အင်္ဂါလေးချက်"
•••••••••••••••••••••••••••••••
♦ သပ္ပုရိသူပနိဿယ- သူတော်ကောင်းကိုမှီဝဲဆည်းကပ်ခြင်း။ သူတော်ကောင်းကိုမှီဝဲဆည်းကပ်ရာမှာ ရဟန်းဖြစ်စေ၊
လူဖြစ်စေ ပရမတ်ခန္ဓာငါးပါးအပေါ်မှာ
ဒိဋ္ဌိကွာအောင်ဟောပေးနိုင်မယ့်ပုဂ္ဂိုလ်ပါ။

♦ သဒ္ဓမ္မသ၀န- သူတော်ကောင်းတရားကို စူးစိုက်စွာနာကြားခြင်း။
သူတော်ကောင်းတရား ဆိုသည်မှာ ပရမတ်တရားများကို
ဦးစားပေးနာကြားဖို့ပါ။

♦ ယောနိသောမနသိကာရ- အသင့်အားဖြင့် နှလုံးသွင်းခြင်း။
အသင့်အားဖြင့် နှလုံးသွင်းခြင်း ဆိုသည်မှာ
အာရုံတစ်ခုခုနဲ့ကြုံတိုင်းမှာ အကုသိုလ်မဖြစ်အောင်
ရှုတတ်ရမယ်လို့ ဆိုလိုပါတယ်။

♦ ဓမ္မာနု ဓမ္မပဋိပတ္တိ- တရားနှင့်လျော်စွာ ကျင့်ကြံအားထုတ်ခြင်း။
တရားနှင့်လျော်စွာ ကျင့်ကြံအားထုတ်ခြင်း ဆိုသည်မှာ
ထိုင်နေခိုက် ထသခိုက်မှာပဲ ခန္ဓာငါးပါးဖြစ်ပျက်သွားပြီ။
အနိစ္စ အမြဲမရှိပါလားလို့ ရှုပွားတာပါပဲ။

ဥဒ္ဒေသတော အကျဉ်းအားဖြင့် တရားကိုနာရအောင် ဆောင်ရွက်။

ဒါမှမရရင်....

ပရိပုစ္ဆေတော အကျယ်တ၀င့် တရားကိုနာ ဒါမှမရသေးလျှင်-

ကလျာဏမိတ္တေပယိရုပါသတော သပ္ပုရိသကို
အဖန်တလဲလဲဆည်းကပ်ပြီး မရှင်းလင်းသမျှမေးမြန်း၍
ဆင်ခြင်နှလုံးသွင်းတဲ့။

“သောတာပန်ဖြစ်ပုံ လေးမျိုး (အင်္ဂုတ္တိုရ် ပါဠိတော်၊ သောတာနုဂတသုတ်)”
••••••••••••••••••••••••••••••••••••••••••••••••••••••
(၁) သောတာနုဂမန – ဗုဒ္ဓရဲ့တရားတော်တွေကို
နားယဉ်အောင် နားကြားထားသော ပုဂ္ဂိုလ်။

(၂) ၀စသာပရိစယ = ဗုဒ္ဓရဲ့တရားတော်တွေကို နှုတ်ဖြင့် လေ့ကျက်ထားသော ပုဂ္ဂိုလ်။

(၃) မနသာနုပေက္ခန = ဗုဒ္ဓရဲ့တရားတော်တွေကို စိတ်ဖြင့်
ဆင်ခြင်နေသော ပုဂ္ဂိုလ်။

(၄) ဒိဋ္ဌိယာသုပ္ပဋိဝေဓ = ရုပ်နာမ်ပဲရှိတယ်။
ငါဆိုတာမရှိပါလားလို့ ပညာဖြင့် ထိုးထွင်း၍သိထားသော ပုဂ္ဂိုလ်။

ဒီပုဂ္ဂိုလ် လေးဦးလုံးဟာ သေခါနီးရောဂါပြင်းထန်၍
ဘုရားတရားမေ့သွားတောင် အပါယ်မကျဘဲ

(၁) နတ်ပြည်ရောက်တာနဲ့ ချက်ခြင်း သောတပန်တည်ပါတယ်။ (သို့)

(၂) အရှင်မဟာမောဂ္ဂလာန်မထေရ်ကဲ့သို့ တန်ခိုးကြီးတဲ့ ရဟန္တာမထေရ်တစ်ပါးပါး နတ်ပြည်တက်လာပြီး
ဟောကြားတဲ့တရားကို နာရတဲ့အခါ လူ့ဘ၀တနုးက ငါကျင့်ကြံအားထုတ်ခဲ့တဲ့တရားဟာ ဒီတရားမျိုးပဲလို့
သတိရပြီး သောတာပတ္တိမဂ်ကို လျင်မြန်စွာ ရတတ်ပြန်တယ်။ (သို့)

(၃) ပဉ္စာလစဏ္ဍ၊ အတ္ထက ဗြဟ္မာ သနက်ုမရ ဗြဟ္မာ အစရှိတဲ့
ဓမ္မကထိက နတ်သားတစ်ပါးပါ ဟောတဲ့တရားကို
နာရတဲ့အခါ လူ့ဘ၀တနုးက ငါကျင့်ကြံအားထုတ်ခဲ့တဲ့တရားဟာ ဒီတရားမျိုးပဲလို့ သတိရပြီး သောတာပတ္တိမဂ်ကို ရပြန်တယ်။ (သို့)

(၄) လူ့ဘ၀က တရားအတူနာဘက် အတူအားထုတ်ဖက်
နတ်သား နတ်သမီးချင်းတွေ့ပြီး တရားအကြောင်း
ဆွေးနွေးမိရာကနေ သောတာပတ္တိမဂ်ကို ရသွားပြန်တယ်။

(ထိုလေးနည်းက တစ်နည်းနည်းဖြင့် သောတာပန်
တည်ရကြောင်း ဗုဒ္ဓက ဟောတော်မူထားပါတယ်။)

(လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာအတွဲ ၃ နှင့် ၄ မှ - )

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

"မိုးလပတ်လုံး မြတ်ခေါင်ဘုန်း သီတင်းဘယ်သို့သုံးသလဲ"

"မိုးလပတ်လုံး မြတ်ခေါင်ဘုန်း သီတင်းဘယ်သို့သုံးသလဲ"

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဣစ္ဆာနင်္ဂလရွာ ဣစ္ဆာနင်္ဂလတောအုပ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို- ''ရဟန်းတို့ ငါသည် သုံးလပတ်လုံး (တစ်ပါးတည်း) ကိန်းအောင်း နေလို၏၊ ဆွမ်းပို့မည့် ရဟန်းမှ တစ်ပါး ငါ၏ ထံသို့ မည်သူမျှ မချဉ်းကပ်ရ''ဟုမိန့်တော်မူ၏၊ ထိုရဟန်းတို့သည် ''ကောင်းပါပြီ အသျှင်ဘုရား''ဟု မြတ်စွာဘုရားအား ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ဆွမ်းပို့သော ရဟန်းမှ တစ်ပါး မည်သူမျှ မချဉ်းကပ်ကုန်။

ထို့နောက် မြတ်စွာဘုရားသည် ထိုသုံးလလွန်သဖြင့် (တစ်ပါးတည်း) ကိန်းအောင်းရာမှ ထတော်မူ၍ရဟန်းတို့ကို မိန့်တော်မူ၏-

- ရဟန်းတို့၊ သာသနာ့ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့က ''ငါ့သျှင်တို့ ရဟန်းဂေါတမသည် မိုးလပတ်လုံး အဘယ်နေခြင်းမျိုးဖြင့် အနေများသနည်း''ဟု အကယ်၍ မေးကုန်ငြားအံ့။

- ရဟန်းတို့ ဤသို့ အမေးခံရကုန်သော သင်တို့သည် သာသနာ့ပြင်ပအယူ ရှိကုန်သော ပရိဗိုဇ်တို့အား''ငါ့သျှင်တို့ မြတ်စွာဘုရားသည် မိုးလပတ်လုံး အာနာပါနဿတိသမာဓိဖြင့် အနေများ၏''ဟု ဖြေကုန်ရာ၏။
.........................................................

- ရဟန်းတို့၊ ဤသာသနာတော်၌ ငါသည် သတိရှိလျက် ထွက်သက်လေကို ထုတ်၏၊ သတိရှိလျက်ဝင်သက်လေကို ရှူ၏။

- ရှည်ရှည်ထွက်သက်လေကို ထုတ်လျှင်လည်း ''ရှည်ရှည်ထွက်သက်လေကို ထုတ်၏''ဟု သိ၏၊ ရှည်ရှည်ဝင်သက်လေကို ရှူလျှင်လည်း ''ရှည်ရှည်ဝင်သက်လေကို ရှူ၏''ဟု သိ၏။

- တိုတိုထွက်သက်လေကို ထုတ်လျှင်လည်း ''တိုတိုထွက်သက်လေကို ထုတ်၏''ဟု သိ၏၊ တိုတိုဝင်သက်လေကို ရှူလျှင်လည်း ''တိုတိုဝင်သက်လေကို ရှူ၏''ဟု သိ၏။

- ''အစအလယ်အဆုံး အလုံးစုံသော ထွက်သက်လေအပေါင်းကို ထင်ရှားသိသည် ဖြစ်၍ ထွက်သက်လေကို ထုတ်အံ့''ဟု သိ၏။
။ပ။ ''စွန့်လွှတ်မှုကို အဖန်တစ်လဲလဲရှုလျက် ထွက်သက်လေကို ထုတ်အံ့''ဟု သိ၏၊ ''စွန့်လွှတ်မှုကို အဖန်တစ်လဲလဲရှုလျက် ဝင်သက်လေကို ရှူအံ့''ဟု သိ၏။
..........................................................

- ရဟန်းတို့၊ အကြင်နေခြင်းမျိုးကို ကောင်းစွာ ဆိုလိုသူသည် အရိယာတို့၏ နေခြင်းဟူ၍လည်းကောင်း၊ မြတ်သော နေခြင်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ နေခြင်းဟူ၍လည်းကောင်း ဆိုရာ၏။

- ထိုနေခြင်းမျိုးကို ကောင်းစွာ ဆိုလိုသူသည် အာနာပါနဿတိသမာဓိကို အရိယာတို့၏ နေခြင်းဟူ၍လည်းကောင်း၊ မြတ်သော နေခြင်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ နေခြင်းဟူ၍လည်းကောင်း ဆိုရာ၏။
.......................................................

- ရဟန်းတို့၊ ကျင့်ဆဲ 'သေက္ခ'ဖြစ်ကုန်သော အရဟတ္တဖိုလ်သို့ မရောက်သေးကုန်သော အတုမရှိသောယောဂ၏ ကုန်ရာ (နိဗ္ဗာန်) ကို တောင့်တ၍ နေကုန်သော ရဟန်းတို့အား အာနာပါနဿတိသမာဓိကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အာသဝကုန်ခြင်းငှါ ဖြစ်၏။

- ရဟန်းတို့၊ ပူဇော်အထူးကို ခံထိုက်ကုန်သော၊ အာသဝကုန်ပြီးကုန်သော (မဂ်အကျင့်ကို) ကျင့်သုံးပြီးကုန်သော၊ မဂ်ကိစ္စကို ပြုပြီးကုန်သော၊ ခန္ဓာဝန်ကို ချပြီးကုန်သော၊ မိမိအကျိုး (အရဟတ္တဖိုလ်) သို့ ရောက်ပြီးကုန်သော၊ ဘဝသံယောဇဉ် ကုန်ပြီးကုန်သော၊ ကောင်းစွာသိ၍ လွတ်မြောက်ပြီးကုန်သော ရဟန်းတို့အား အာနာပါနဿတိသမာဓိကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် မျက်မှောက်ဘဝ၌့ ချမ်းသာစွာ နေခြင်းငှါလည်းကောင်း၊ အောက်မေ့မှု 'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်'နှင့်ပြည့်စုံခြင်းငှါလည်းကောင်း ဖြစ်၏။
........................................................

- ရဟန်းတို့ အကြင်နေခြင်းမျိုးကို ကောင်းစွာ ဆိုလိုသူသည် အရိယာတို့၏ နေခြင်းဟူ၍လည်းကောင်း၊ မြတ်သော နေခြင်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ နေခြင်းဟူ၍လည်းကောင်း ဆိုရာ၏။

- ထိုနေခြင်းမျိုးကို ကောင်းစွာ ဆိုလိုသူသည် အာနာပါနဿတိသမာဓိကို အရိယာတို့၏ နေခြင်းဟူ၍လည်းကောင်း၊ မြတ်သော နေခြင်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ နေခြင်းဟူ၍လည်းကောင်း ဆိုရာ၏ဟု (မိန့်တော်မူ၏)။

{သံယုတ္တနိကာယ်၊ မဟာဝဂ္ဂသံယုတ်၊ အာနာပါနသံယုတ်၊ ဒုတိယဝဂ်၊ ဣစ္ဆာနင်္ဂလသုတ်}